MNP - ဖေဖော်ဝါရီ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူမှုစီးပွားရေး ဖွံဖြိုးတိုးတက်မှုအတွက် တိရစ္ဆာန်များ နည်းစနစ်မှန်ကန်စွာ မွေးမြူရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက ဆွပ်ပန်းကျေးရွာရှိ ပန်းနုဝေစာကြည့်တိုက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တာချီလိတ်ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာတင်ကိုကိုက ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် တိရစ္ဆာန်များ စနစ်တကျမွေးမြူးရေးနိုင်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြား သည်။ ထို့နောက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာမှ ဒေါက်တာ ထွန်းဇော်ဝင်းက ဝက်၊ နွား၊ အသားစားကြက်များကို နည်းစနစ်မှန်ကန်စွာ မွေးမြူနိုင်ရေးနည်းလမ်းများ၊ တိရစ္ဆာန်များ၌ ဖြစ်ပွားတတ်သော ရောဂါလက္ခဏာများ၊ ကြိုတင်ကာကွယ်ရေး နည်းလမ်းများ၊ ကာကွယ်ဆေး ထိုးနှံထားရှိရေး၊ အစာစပ်နှုန်းနှင့် အစာကျွေးနည်းစနစ်များကို အကျယ်တဝင့် ရှင်းလင်း ဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က စာပေများကို လေ့လာဖတ်ရှုခြင်းဖြင့် အသိဉာဏ်ဗဟုသုတများ တိုးပွားစေရေး၊ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ကျေးရွာနေပြည်သူများက တိရစ္ဆာန်များ၌ ဖြစ်ပွားနေသည့် ရောဂါလက္ခဏာများ၊ ကုသရေးဆိုင်ရာသိကောင်းစရာများကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိ သူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။
ယင်းနောက် ခရိုင်မွေးမြူးရေးနှင့် ကုသရေးဦးစီးဌာနမှ၊ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ကျေးရွာရှိ ဒေသဝက်များ မွေးမြူထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို ပညာပေးလမ်းညွှန်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment