တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များ၏ ပြည်ထောင်စုနေ့ အမှတ်တရစကားသံများ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များ၏ ပြည်ထောင်စုနေ့ အမှတ်တရစကားသံများ






၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို အမျိုးသားရေးဦးတည်ချက်များနှင့်အညီ နေပြည်တော်၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီးယင်းအခမ်းအနားတွင် ဖျော်ဖြေတင်ဆက်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရိုးရာယဉ်ကျေးမှုအဖွဲ့များ၏ ပြည်ထောင်စုနေ့ အမှတ်တရစကားသံများကို ဖော်ပြလိုက်ပါသည်။


မိစန္ဒာလင်း (မွန်ပြည်နယ်ယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့)


မွန်ပြည်နယ်ယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့မှာ အဖွဲ့ဝင် ၃၄ ဦး ပါပါတယ်။ ဖျော်ဖြေရေးအနေနဲ့ “မွန်တို့အားမာန်” တေးသီချင်းနဲ့ ဖျော်ဖြေကြမှာဖြစ်ပါတယ်။ အခုလို ပြည်ထောင်စုနေ့မှာ ပါဝင်တက်ရောက် ဖျော်ဖြေခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးကလာကြတဲ့ တိုင်းရင်းသားပေါင်းစုံနဲ့ တွေ့ဆုံခွင့်ရတဲ့အပြင် သူတို့ရဲ့ရိုးရာယဉ်ကျေးမှု၊ နေထိုင်မှုပုံစံတွေကိုပါ သိရှိလေ့လာခွင့် ရတဲ့အတွက် အသိပညာဗဟုသုတ များစွာရပါတယ်။ ကိုယ့်တိုင်းရင်းသားတွေရဲ့ အကြောင်းတွေကိုလည်း ပြန်လည်မျှဝေခွင့်ရတဲ့အတွက် ပျော်ရွှင်မိပါတယ်။ အဲဒီအပြင် နေပြည်တော်က အထင်ကရနေရာတွေကိုလည်း လေ့လာရေးခရီးစဉ်တွေအဖြစ် ပို့ဆောင်ပေးတဲ့အတွက် ဗဟုသုတများစွာ ရရှိခဲ့ပါတယ်။ ပို့ဆောင်ပေးတဲ့ တာဝန်ရှိပုဂ္ဂိုလ် အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။


မယမင်းဆုထက် (မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့)


(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားမှာ တစ်ဖက်တစ်လမ်းကနေ ပါဝင်ဖျော်ဖြေခွင့်ရတဲ့ အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ တိုင်းရင်းသားအစုံအလင်ကို တစ်စုတစ်စည်းတည်း တွေ့ခွင့် ရတဲ့အပြင် ရိုးရာအကတွေကိုလည်း မြင်တွေ့ခွင့်ရတဲ့အတွက် အသိအမြင် ဗဟုသုတတွေ တိုးပွားစေပါတယ်။ ဒေသအသီးသီးက တိုင်းရင်းသားပေါင်းစုံနဲ့ တစ်စုတစ်စည်းတည်း လေ့လာရေးခရီးတွေ သွားရောက်ရတဲ့ ပျော်ရွှင်မှုကို အမြဲအမှတ်ရနေမှာဖြစ်သလို သူတို့ရဲ့စကားသံ ဝဲဝဲလေးတွေကိုလည်း သတိရနေမှာ ဖြစ်ပါတယ်။


မထွန်းရတနာဦး (ရှမ်းပြည်နယ် ယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့)


ရှမ်းပြည်နယ် ယဉ်ကျေးမှုကိုယ်စား လှယ်အဖွဲ့အနေနဲ့ စုစုပေါင်း ၃၈ ဦး ပါပါတယ်။ ဖျော်ဖြေရေးအနေနဲ့ “ကမ္ဘောဇအလှ” ရှမ်းတေးသီချင်းနဲ့ ဖျော်ဖြေကြမှာဖြစ်ပါတယ်။ နေပြည်တော်ရဲ့ အထင်ကရနေရာတွေကို လိုက်ပို့ပေးတဲ့ အတွက်လည်း ဝမ်းသာပီတိဖြစ်မိပါတယ်။ အခုလို မတွေ့မမြင်ဖူးသေးတဲ့ အရာတွေကို သွားရောက်လေ့လာခွင့်ရတဲ့အတွက် စိတ်လှုပ်ရှားမိပါတယ်။ နက္ခတ်တာရာ ပြခန်းဆိုရင် တစ်ခါမှမမြင်ဖူးတဲ့အတွက် မြင်လိုက်ရတဲ့အချိန်မှာ အံ့ဩမိပါတယ်။ ဒေသအသီးသီးက တိုင်းရင်းသားတွေကို အခုလို စုံစုံညီညီ ဆုံတွေ့ခွင့်ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာမိပါတယ်။


မယွန်းနေခြည် (မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့)


မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့အနေနဲ့ “ပြည်ထောင်စု နေ့” သီချင်းနဲ့ ကပြဖျော်ဖြေမှာ ဖြစ်ပါ တယ်။ မြန်မာနိုင်ငံက တိုင်းရင်းသား စုံစုံလင်လင်ကို တစ်နေရာတည်းမှာ တွေ့ဆုံရတဲ့အတွက် ပျော်ရွှင်မိပါတယ်။ အဲဒီအပြင် တိုင်းရင်းသားညီအစ်ကို မောင်နှမတွေနဲ့ အတူတကွ နေပြည်တော် ရဲ့ အထင်ကရနေရာတွေကို လေ့လာခွင့် ရတဲ့အတွက် ဝမ်းသာမိပါတယ်။ အခုလို ဒေသအသီးသီးက တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေနဲ့ တွေ့ဆုံခွင့်ရချိန်မှာ တစ်ဦးနဲ့တစ်ဦး ရိုးရာယဉ်ကျေးမှု တွေ၊ ဓလေ့ထုံးထမ်းတွေကို အမြင်ချင်း ဖလှယ်ကြရင်း ရင်းနှီးမှု၊ ချစ်ခင်မှု၊ နားလည်မှုတွေ ရရှိခဲ့ပါတယ်။ ပြည်ထောင်စုစိတ်ဓာတ် ပိုမိုခိုင်မာရေး အတွက်လည်း အထောက်အကူဖြစ်မယ် လို့ ယုံကြည်ပါတယ်။


မသက်မာအောင် (ရခိုင်ပြည်နယ်ယဉ်ကျေးမှုကိုယ်စားလှယ် အဖွဲ့)


ကျွန်မတို့ ရခိုင်ပြည်နယ် ယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့အနေနဲ့ စုစုပေါင်း ၂၈ ဦး ပါပါတယ်။ ကျွန်မတို့ရဲ့ ရိုးရာ ဖြစ်တဲ့ “အဇိန်ဇိပ်ကေ” ကစားနည်းအက သီချင်းနဲ့ ကပြဖျော်ဖြေမှာ ဖြစ်ပါတယ်။ အခုလို နိုင်ငံတော်အဆင့်အခမ်းအနားမှာ ပထမဆုံးအကြိမ် ပါဝင်ခွင့်ရတဲ့အတွက် ဝမ်းသာပီတိ ဖြစ်မိပါတယ်။ ဒီမှာတိုင်းရင်းသားပေါင်းစုံနဲ့ တွေ့ရတဲ့အတွက်ကြောင့်မို့ လှိုက်လှိုက်လှဲလှဲ ဝမ်းသာကြည်နူးမိပါတယ်။ နေပြည်တော် ရောက်နေစဉ်မှာလည်း အထင်ကရနေရာတွေကို သွားရောက် လေ့လာခွင့်ရတဲ့အပြင် တိုင်းရင်းသား ဘာသာစကားတွေကို လည်း အချိန်တိုအတွင်းမှာ လေ့လာ ဖလှယ်ခွင့်ရတဲ့အတွက် နောင်နှစ်တွေ လည်း ကြုံချင်ပါတယ်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)