MNP - ဖေဖော်ဝါရီ ၂၀
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ရုံးဌာနများ၊ မြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၊ ရပ်ကွက်နေပြည်သူများက နေအိမ်နှင့် ရုံးများအတွင်းရှိ ရေလှောင်ကန်များ ရေဖြည့်ခြင်း၊ မီးချိတ်၊ မီးကပ်များထားရှိခြင်း၊ မီးသတ်ဆေးဗူးများ တပ်ဆင်ထားရှိခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
မြို့ပေါ်ရပ်ကွက်နှင့် ရုံးများအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှုးတင်ကိုကို၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဌေးမော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိန်းဌေးနှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်သိန်း တို့ပါဝင်သည့်အဖွဲ့မှ ကွင်းဆင်း စစ်ဆေးခဲ့သည်။
ကွင်းဆင်းစစ်ဆေးရာတွင် စျေးရပ်ကွက်၊ အောင်ဆန်းရပ်ကွက်၊ မြို့မကွက်သစ်ရပ်ကွက်တို့ရှိ ရေဂါလံ (၅၀၀၀)ဆံ့ရေစင်များ၊ ဌာနဆိုင်ရာရုံးများ၊ မြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၊ ရပ်ကွက်များသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဂရုပြုဆောင်ရွက်ရေး၊ မီးငြိမ်းသတ်ရေးအတွက် လိုအပ်မည့် သဲ၊ ရေ၊ မီးချိတ်စသည့် ပစ္စည်းကိရိယာများပြည့်စုံအောင် ဆောင်ရွက်ထားရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
လှဝင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment