MNP - ဖေဖော်ဝါရီ ၂၅
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် မိုးရာသီကာလ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကျောက်စီရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့စည်ပင်သာယာနယ်နမိတ်အတွင်းရှိ ရေမြောင်းများ ပိတ်ဆို့မှုမရှိစေရေး၊ မြို့တွင်းလမ်းများပေါ်သို့ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ် ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၉ ဒဿမ ၅၀၀ သန်းဖြင့် တောင်ပိုင်းရပ်ကွက်ရှိ လူငယ် စာကြည့်တိုက်ဘေးတွင် အလျား ၁၆၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၆ ပေ ကျောက်စီရေမြောင်း တည်ဆောက်ခြင်း လုပ်ငန်းကို သုခအောင်မြေကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျောက်စီရေမြောင်းသည် မြို့အဝင်ရေစုကန်မှတစ်ဆင့် ရေပိုလွှဲမြောင်းအဖြစ်လည်းကောင်း၊ မိုးတွင်းကာလ တောင်ကျချောင်းရေ အဓိကစီးဆင်းရာ ရေမြောင်းအဖြစ် လည်းကောင်း၊ မြို့တွင်းရှိ ပင်မရေနုတ်မြောင်းအဖြစ်လည်းကောင်း အသုံးပြုနိုင်သည့် ရေမြောင်းတစ်ခုဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစိုင်းပွန်းထံမှ သိရသည်။
ဝတ်ရည်
https://t.me/MyanmarNationalPost
No comments:
Post a Comment