ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်)တို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်)တို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း ကျင်းပ





MNP   -   ဖေဖော်ဝါရီ ၂၂

လူငယ်စကားဝိုင်းတွင် အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်)  ကျောင်းအုပ်ကြီး ဒေါက်တာဝင်းထိုက်အောင်က လူငယ်များတွင် အနာဂတ် စိတ်ကူးစိတ်သန်းများ၊ အိပ်မက်များ၊ မျှော်လင့်ချက်များကိုယ်စီရှိကြပြီး လက်တွေ့အကောင်အထည် ဖော်နိုင်ရန် စာအုပ်စာစောင်များ ဖတ်ရှုခြင်း၊ အတွေ့အကြုံရှိသူများကို မေးမြန်းခြင်းမှတစ်ဆင့် ဗဟုသုတများ တိုးပွား ရရှိနိုင်သကဲ့သို့ လူငယ်အချင်းချင်း တိုင်ပင်ဆွေးနွေးခြင်းမှလည်း ရရှိနိုင်ပါကြောင်း၊ လူငယ်များသည် အနာဂတ်တွင် ခေါင်းဆောင်ကောင်းများဖြစ်နိုင်ရန်အတွက် အောက်ခြေခိုင် ဖို့လိုကြောင်း၊ ခေတ်ရေစီးတွင် ခေတ်မီသူများအဖြစ် ခေတ်နှင့်အညီ အမှီလိုက်နိုင်ရန် လိုကြောင်း၊ မိမိတို့သွားချင်သည့် အနာဂတ်ပန်းတိုင်ကို တည့်တည့်မတ်မတ်သွားနိုင်ရန်နှင့် ပန်းတိုင် မရောက်ခင် နစ်မွန်းမသွားစေရေး မိမိကိုယ်မိမိတန်ဖိုးရှိသည့်လူသားများ ဖြစ်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်ကြစေလိုကြောင်း ၊ အရာရာတွင် အမှန်အမှား အကောင်းအဆိုး ကို မိမိတို့ကိုယ်ပိုင် အသိဉာဏ်ဖြင့် စိစစ်ချင့်ချိန်နိုင်သည့် လူငယ်များဖြစ်စေလိုကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားသည်။


ထို့နောက် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က လူငယ်များအား စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်စကားဝိုင်း ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ ဗလငါးတန်ဟုဆိုရာတွင် ကာယဗလ ကိုယ်၏စွမ်းအား၊ ဉာဏဗလ ဉာဏ်၏စွမ်းအား၊ စာရိတ္တဗလ ထူးသောအကျင့်၏စွမ်းအား၊ မိတ္တဗလ မိတ်ဆွေကောင်းရှိခြင်း၏ စွမ်းအား၊ ဘောဂဗလ ဥစ္စာပေါများခြင်း၏ စွမ်းအား အစရှိသဖြင့် လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံနိုင်ကြပြီး အသင်းအဖွဲ့များတွင် ပါဝင်လုပ်ဆောင် ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ၊ နှုတ်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်  ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


ယင်းနောက် လူငယ်စကားဝိုင်းကို ကျင်းပရာ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က Moderator အဖြစ်ဆောင် ရွက်ပြီး အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်)မှ တွဲဖက်ပါမောက္ခဒေါ်ခင်နွယ်ဦးက ဖြည့်စွက်ဆွေးနွေးသူ အဖြစ်ဆောင်ရွက်ကာ အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်)မှ ကျောင်းသား/ ကျောင်းသူများ ဖြစ်ကြသည့် မောင်ဇွဲဆက် က လူငယ်နှင့်နည်းပညာခေါင်းစဉ် ၊ မောင်ဂျူလီယန်က လူငယ်နှင့် အားကစားခေါင်းစဉ်၊ မသီရိမြတ်မွန်က လူငယ်နှင့် စာရိတ္တခေါင်းစဉ် ၊ မကြည်ဖြူမိုးမြင့်က လူငယ်နှင့်စာပေ ခေါင်းစဉ်ဖြင့် သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် အသီးသီးဆွေးနွေးခဲ့ကြပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာသော အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်)မှ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးကြရာ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က ပြန်လည်ရှင်းလင်းဖြေကြား ခဲ့ကြသည်။


ထို့နောက် အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်)မှ ကျောင်းအုပ်ကြီး ဒေါက်တာ ဝင်းထိုက်အောင် နှင့်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင် တို့က လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသူများအား ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ တာဝန်ရှိသူများက ခင်းကျင်းပြသသော သုတ/ ရသ စာအုပ်မျိုးစုံကို ကျောင်းသား၊ကျောင်းသူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြ ကြောင်း သိရသည်။


ဖြူလူသစ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)