ကျွန်တော်တို့မြန်မာပြည်ကိုပြန်လာချင်လို့ အကြာကြီးမျှော်လင့်ခဲ့ရတယ်။ အခုချိန်မှာပြန်လာရတော့ ဝမ်းသာပါတယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်တော်တို့မြန်မာပြည်ကိုပြန်လာချင်လို့ အကြာကြီးမျှော်လင့်ခဲ့ရတယ်။ အခုချိန်မှာပြန်လာရတော့ ဝမ်းသာပါတယ်









နေရပ်ပြန်အမျိုးသားတစ်ဦး


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လမ်းညွှန်ချက်အရ ပြည်ပနိုင်ငံများတွင်ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ ပြန်လာရန်အခက်အခဲရှိသော မြန်မာနိုင်ငံသားများကို ပြန်လည်ခေါ်ဆောင်ခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိရာ ထိုင်းနိုင်ငံတွင်ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ပြန်လာရန် အခက်အခဲကြုံတွေ့လျက်ရှိသည့် မြန်မာနိုင်ငံသား ၆၇၉ ဦးကို တပ်မတော်မှတာဝန်ရှိသူများက ထိုင်းနိုင်ငံရနောင်းမြို့ အကောက်ခွန်တံတားတွင် စနစ်တကျ သွားရောက်လွှဲပြောင်းလက်ခံ၍ ရေယာဉ်များဖြင့် သွားရောက်ခေါ်ဆောင်ခဲ့ကာ ကော့သောင်းမြို့ ရွှေဝက်ဝံဆိပ်ခံတံတားသို့ ပြန်လည်ရောက်ရှိခဲ့ကြသည့် တာဝန်ရှိသူများနှင့် နေရပ်ပြန်သူများ၏ ရင်တွင်းစကားသံများကို ဖော်ပြလိုက်ရပါသည်။


ဒုတိယဗိုလ်မှူးကြီး ကိုကိုလတ် (တနင်္သာရီရေတပ်စခန်းဌာနချုပ်)


အခုခရီးစဉ်ကတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လမ်းညွှန်ချက်အရ ပြည်ပနိုင်ငံကို အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ၊ ကိုယ့်နိုင်ငံပြန်ဖို့ အခက်အခဲရှိတဲ့ နိုင်ငံသားတွေကို ပြန်ခေါ်ဖို့ ထိုင်းနိုင်ငံ ရနောင်းမြို့ဆိပ်ကမ်းမှာ သွားရောက်ခေါ်ဆောင်ခဲ့တာဖြစ်ပါတယ်။ စုစုပေါင်း မြန်မာနိုင်ငံသား ၆၇၉ ဦးကို သွားရောက်ခေါ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အဖွဲ့ခေါင်းဆောင်အနေနဲ့ တနင်္သာရီရေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းထူးဦးဆောင်ပြီးတော့ ကော့သောင်းအခြေချစစ်ဗျူဟာ စစ်ဗျူဟာမှူး၊ ခရိုင်အဖွဲ့နဲ့ ကျန်တဲ့ရုံးအဖွဲ့တွေပါဝင်ပြီးတော့ စနစ်တကျလွှဲပြောင်းလက်ခံခဲ့ပါတယ်။ ကျွန်တော်တို့ တပ်မတော်(ရေ)ရဲ့လုပ်ငန်း တာဝန်လေးရပ်ထဲမှာ လူသားချင်းစာနာထောက်ထားခြင်း (HATR) လုပ်ငန်းကလည်း တစ်ခုအပါအဝင်ဖြစ်တဲ့အတွက် ကိုယ့်နိုင်ငံသားတွေကို တခြားနိုင်ငံကနေ ဒုက္ခရောက်နေချိန်မှာ ပြန်လည်ခေါ်ယူနိုင်ခဲ့တာကလည်း တပ်မတော်(ရေ)ရဲ့ ရည်မှန်းချက် တာဝန်တစ်ရပ်ကို အောင်မြင်စွာထမ်းဆောင်နိုင်ခဲ့တာမို့ ဝမ်းသာဂုဏ်ယူမိပါတယ်။ ပြန်လည်ခေါ်ဆောင်လာတဲ့ နေရပ်ပြန်ပြည်သူပြည်သားတွေကိုတော့ ကော့သောင်းရောက်ရင်နွေးထွေးစွာ ကြိုဆိုလက်ခံပြီးတော့ ဆေးစစ်တာတွေဆောင်ရွက်ပေးမယ်။ နေရပ်ပြန်ဖို့အတွက်လိုအပ်တဲ့ ပြင်ဆင်မှုတွေ ဆောင်ရွက်ပေးထားတာရှိပါတယ်။ ဒီမှာလည်းဆက်လက်ပြီးတော့ အလုပ်အကိုင်အခွင့်အလမ်းတွေရရှိအောင် ညှိနှိုင်းဆောင်ရွက်မှုတွေ ဆောင်ရွက်ထားပေးတာရှိပါတယ်။


ဦးကိုကိုနိုင် ဒုတိယညွှန်ကြားရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန


ယခုမြင်တွေ့နေရတဲ့ အခမ်းအနားကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ တစ်ဖက်နိုင်ငံကို အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိသွားပြီး တစ်ဖက်နိုင်ငံမှာ ပြစ်မှုနဲ့ပြစ်ဒဏ် အမျိုးမျိုးကျခံခဲ့ရပါတယ်။ ကျခံပြီး ပြန်လည်စေလွှတ်တဲ့အချိန်မှာလည်း နှောင့်နှေးကြန့်ကြာမှုလေးတွေရှိနေတဲ့အတွက်ကြောင့် ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံတော်အကြီးအကဲက အမြန်ဆုံးပြန်လည် ခေါ်ယူဖို့အတွက်လမ်းညွှန် မှာကြားခဲ့ပါတယ်။ ဒီလိုလမ်းညွှန်မှာကြားမှုနဲ့အတူ ကျွန်တော်တို့ပူးပေါင်းအဖွဲ့တွေနဲ့ ဌာနဆိုင်ရာအင်အားပေါင်းမြောက်မြားစွာနဲ့ ပြန်လည်လက်ခံဆောင်ရွက်နေတာဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေကို ဥပဒေအချက်အလက်တွေနဲ့ ခိုင်လုံစွာ ပြန်လည်လက်ခံဆောင်ရွက်လျက်ရှိပါတယ်။


နေရပ်ပြန်အမျိုးသားတစ်ဦး


အခုလိုကျွန်တော်တို့ မြန်မာနိုင်ငံသားတွေကို ပြန်လည်ခေါ်ဆောင်ပေးတဲ့အတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တပ်မတော်သားတွေကို အထူးကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်ကတော့ ကိုယ့်မြန်မာပြည်ကို ပြန်ရောက်ပြီဆိုတော့ သူများနိုင်ငံကို ထပ်သွားဖို့ အစီအစဉ်မရှိတော့ပါဘူး။ ကိုယ့်ရပ်ကိုယ့်ရွာမှာပဲ ကောင်းကောင်းမွန်မွန် လုပ်ကိုင်စားသောက်ချင်ပါတယ်။ သူများနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကြမယ်ဆိုရင်တော့ ကျွန်တော်တို့မြန်မာနိုင်ငံသူ နိုင်ငံသားတွေအနေနဲ့ နိုင်ငံတော်ရဲ့ခွင့်ပြုချက်နဲ့ Passport၊ Visa အခိုင်အမာနဲ့သွားပါလို့ ကျွန်တော်အနူးအညွတ်ပြောကြားလိုပါတယ်။


နေရပ်ပြန်အမျိုးသားတစ်ဦး


စီးပွားရေးကအဆင်မပြေတော့ ထိုင်းကိုသွားတယ်။ ထိုင်းကိုသွားတော့ တစ်ခါတည်းမိပါတယ်။ ကျွန်တော်တို့ခြောက်လနေခဲ့ရပါတယ်။ အချုပ်ထဲမှာနေတော့ အစားလည်းမဝ၊ ရေချိုးရတာလည်း မဝ၊ ဆေးဝါးကလည်း မပြည့်စုံဘူး။ ကျွန်တော်တို့မြန်မာပြည်ကို ပြန်လာချင်လို့အကြာကြီး မျှော်လင့်ခဲ့ရတယ်။ အခုချိန်မှာပြန်လာရတော့ ဝမ်းသာပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း ကျေးဇူးတင်ပါတယ်။ ဝမ်းလည်းဝမ်းသာပါတယ်။


နေရပ်ပြန်အမျိုးသားတစ်ဦး


အဲဒီမှာနေရတာ သိပ်အဆင်မပြေဘူး။ သူတို့ထားတဲ့ပုံစံတွေက ခန္ဓာကိုယ်တွေမှာ ယားနာတွေတအားပေါက်တယ်။ ဆေးဝါးတွေလည်းတင်လို့မရဘူး။ အတင်မပေးဘူး။ စားစရာတွေလည်းအတင်မပေးဘူး။ မှာချင်တာမှာလို့မရဘူး။ ရောဂါတွေဖြစ်၊ ခန္ဓာကိုယ်တွေမှာ ယားနာတွေပေါက်တာက ထမင်းစားရတာ၊ အစားအသောက်တွေ ကလည်းမဝဘူးလေ။ နည်းနည်းလေးပဲကျွေးတယ်။ အခုလိုမျိုး မြန်မာပြည်ကို ပြန်လာလို့ရအောင်စီစဉ်ပေးတဲ့အတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။ အခုလောလောဆယ်တော့ ကိုယ့်ရခိုင်ပြည်နယ်ကိုပဲပြန်ပြီးတော့ ကိုယ့်မိသားစုနဲ့ပဲအတူနေပြီး စည်းစည်းလုံးလုံးနဲ့ ပြန်ပြီးလုပ်ကိုင်စားသောက်တော့မယ်လို့ ဆုံးဖြတ်ထားပါတယ်။


နေရပ်ပြန်အမျိုးသမီးတစ်ဦး


ကျွန်မကတော့ ကျန်းမာရေးကောင်းပါတယ်။ အနေအစားကတော့ ခက်ခဲတာပေါ့။ ကျန်းမာရေးမကောင်းတဲ့သူတွေ အများကြီးပေါ့။ အစားစားရတာရော ဆေးဝါးကအစ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဝယ်သုံးရတာပေါ့။ နေရတာတော့အဆင်မပြေပါဘူး။ အခုလိုလာခေါ်ပေးတဲ့အတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အလွန်ကျေးဇူးတင်ပါတယ်။ ဝမ်းသာပီတိလည်း ဖြစ်ရပါတယ်။ ဒီထက်မက အသက်ရာကျော်ရှည်ပါစေ။


နေရပ်ပြန်အမျိုးသမီးတစ်ဦး


ကျွန်မဟိုမှာဖမ်းမိခဲ့တဲ့အချိန်မှာ အလွန်ကိုခက်ခဲဆင်းရဲခဲ့တယ်။ စားချင်တိုင်းလည်းမစားရဘူး။ အစားအသောက်လည်း အရမ်းဆင်းရဲတယ်။ အနေအထိုင် လည်းဆင်းရဲတယ်။ အစားအသောက်လည်း လုံးဝအဆင်မပြေဘူး။ ပို့တော့လည်းတချို့တဝက်ပဲရောက်တယ်။ ဝယ်စားတော့လည်း နှစ်ဆသုံးဆပေးရတယ်။ ကျွန်မတို့အရမ်းခက်ခဲပြီးနေခဲ့ရတယ်။ ဘယ်အချိန်ဘယ်နေ့ပို့မယ်ဆိုတာလည်း မသိဘူး။ မသိဘူးဘဲဖြေနေတော့ ကျွန်မတို့တွေ အရမ်းခက်ခဲရပါတယ်။ လမ်းတွေပျောက်နေခဲ့တဲ့နေ့တွေအများကြီးပဲ။ ၂၈ ရက်နေ့မှာ ပြန်ခေါ်မယ်လို့ သတင်းကြားရတော့ တစ်ဖွဲ့လုံးအလွန်ဝမ်းသာခဲ့ရပါတယ်။ အခုလိုပြန်ခေါ်တဲ့ နေရာမှာလည်း စစ်သင်္ဘောတွေနဲ့ အဆင်ပြေပြေချောချောမွေ့မွေ့ နွေးနွေးထွေးထွေးနဲ့ ကြိုဆိုခဲ့တဲ့အတွက် အလွန်ဝမ်းသာပါတယ်။ ကျွန်မတို့မိသားစုတွေနဲ့လည်း ပြန်တွေ့ရတော့မယ်။ ကျွန်မတို့ကို ကိုယ်ချင်းစာစိတ်အပြည့်နဲ့ အမြန်ဆုံးခေါ်ဆောင်ပေးခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ကျွန်မတစ်ယောက်တည်းမဟုတ်ဘဲ ကျွန်မတို့အားလုံးအလွန်ကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)