MNP - ဖေဖော်ဝါရီ ၂၅
ပညာရေးဝန်ကြီးဌာန၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံအားကစား ပြိုင်ပွဲတွင် ဘားအံပညာရေးဒီဂရီကောလိပ်မှ အောင်ပွဲရ အားကစားသမားများသည် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲ ခန့်က မော်တော်ယာဉ်များဖြင့် ဘားအံမြို့သို့ ပြန်လည်ရောက်ရှိလာရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများက ဘားအံမြို့အဝင် မုခ်ဦးမှစ၍ သောင်းသောင်းဖြဖြကြိုဆို ဂုဏ်ပြုခဲ့ကြသည်။
ပြန်လည်ရောက်ရှိလာသော အောင်ပွဲရ အားကစားသမားများအား ဘားအံမြို့အဝင်မုခ်ဦးမှစ၍ အိုးစည်ဒိုးပတ် အတီးအမှုတ်အကခုန်များ၊ ကရင်ရိုးရာဒုံးအကများဖြင့် အောင်သပြေ ကမ်းပန်းကုံးစွပ်၍ သောင်းသောင်းဖြဖြ ဂုဏ်ပြု ကြိုဆိုခဲ့ကြပြီး ဂုဏ်ပြုပွဲအခမ်းအနားကို ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ဆက်လက်ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက သန့်သန့်ရှင်းရှင်း၊ ထိုက်ထိုက်တန်တန်အနိုင်ရရှိပြီ မိမိတို့ပြည်နယ်၊ မိမိတို့ကျောင်းအတွက် ကြိုးစား အားထုတ်မှုကို အသိအမှတ်ပြုဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း၊ ကျောင်း၏ဂုဏ်၊ ပြည်နယ်၏ဂုဏ်ကို ဆောင်နိုင်ခဲ့သကဲ့သို့ ရှေ့ဆက်မည့်လုပ်ငန်းများတွင်လည်း အောင်မြင်မှုများရရှိအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန်၊ ပညာရေးတွင်သာမက အားကစားဘက်တွင်လည်း ထူးချွန်ထက်မြတ်သော ဆရာများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ဂုဏ်ပြုပြောကြားသည်။
ထို့နောက် ဘားအံပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးက အောင်ပွဲရဆုဖလားအား ပြည်နယ် ဝန်ကြီးချုပ်ထံ လွှဲပြောင်းပေးအပ်ပြီး တာဝန်ရှိသူတစ်ဦးက ပြိုင်ပွဲအတွေ့အကြုံများကို ရှင်းလင်းပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ဘားအံပညာရေးဒီဂရီကောလိပ်အားကစားအဖွဲ့သည် ပြေားခုန်ပစ်ပြိုင်ပွဲများ၌ ရွှေတံဆိပ်(၃)ခု၊ ငွေတံဆိပ်(၂)ခု၊ ကြေးတံဆိပ်(၄)ခု၊ စုစုပေါင်းဆုတံဆိပ်(၉)ခု၊ အမျိုးသားဘောလုံး အားကစားပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလားနှင့် ပွဲစဉ်တစ်လျှောက်အကောင်းဆုံး ဘောလုံးသမားဆု၊ အလယ်တန်းအကောင်းဆုံးဆု၊ အကောင်းဆုံးဂိုးသမားဆုများကို ဆွတ်ခူးရယူနိုင်ခဲ့သည့်အတွက် ပြည်နယ်အစိုးရအဖွဲ့မှ ယခုကဲ့သို့ ချီးကျူးဂုဏ်ပြုခြင်းဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment