နိုင်ငံ့စီးပွားရေးကို နိုင်ငံသူ၊ နိုင်ငံသားအားလုံး ကမ္ဘာကြည့် ကြည့်မြင် ၍ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံ့စီးပွားရေးကို နိုင်ငံသူ၊ နိုင်ငံသားအားလုံး ကမ္ဘာကြည့် ကြည့်မြင် ၍ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်












နေပြည်တော် ဖေဖော်ဝါရီ ၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့က ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး(MSME) လုပ်ငန်းရှင်များအား ပုသိမ်မြို့၊ မြို့တော်ခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေး ပြောကြားသည်။


အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


တိုင်းဒေသကြီးအတွင်း MSME လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် လိုအပ်ချက်များအား တစ်ဦးချင်း တင်ပြဆွေးနွေး


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသဆိုင်ရာအချက်အလက်များ၊ တိုင်းဒေသကြီးအတွင်း အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေး(MSME)လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကူညီပံ့ပိုးမှုများဆောင်ရွက်လျက်ရှိမှု၊ ပုသိမ်စက်မှုစီမံကိန်းအတွင်း စက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ အဓိကထုတ်ကုန်ပစ္စည်းများကို ထုတ်လုပ်လျက်ရှိသည့် စက်ရုံများ၏ လုပ်ငန်းလည်ပတ်မှု၊ ဒေသတွင်း စိုက်ပျိုးမွေးမြူရေးထုတ်ကုန်၊ လက်မှုထုတ်ကုန်များနှင့် စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်မှု၊ ခရီးသွားလုပ်ငန်းကို အခြေခံသည့် ဟိုတယ်နှင့်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်လျက်ရှိမှု၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ချမှတ်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြသည်။


ယင်းနောက် တက်ရောက်လာကြသည့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များဖြစ်သည့် Global Earth Agro & Aqua Industry Public Co., Ltd ဥက္ကဋ္ဌ ဦးဋ္ဌေးမြင့်၊ Delta Queen International Co.,ltd အုပ်ချုပ်မှု ဒါရိုက်တာ ဦးရွှေကြိုင်၊ Ayeyarwaddy Development Public Co.ltd ဒုတိယဥက္ကဋ္ဌ ဦးစည်သူစိုး၊ ရွှေဝါနဒီစိုက်ပျိုးထုတ်လုပ်မှု ကုမ္ပဏီလီမိတက် အုပ်ချုပ်မှုဒါရိုက်တာ ဦးလူမော်မြင့်မောင်၊ ဧရာဝတီတိုင်းဒေသကြီး ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးစိုးဝင်း၊ ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်လှိုင်၊ ချောင်းသာဟိုတယ်ဇုန် လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမင်းကျော်ဦး၊ ဧရာဝတီတိုင်းဒေသကြီး ပီလောပီနံ စိုက်ပျိုးတင်ပို့ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဦးကျော်သူရ၊ ဆီလုပ်ငန်းရှင် ဒေါ်မီမီကျော်နှင့် တက်ရောက်လာကြသည့် လုပ်ငန်းရှင်များက ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်မည့် အခြေအနေကို ပိုင်ဆိုင်ထားရှိမှု၊ ငါးမွေးမြူရေးလုပ်ငန်းများကို စနစ်တကျဖြင့်မွေးမြူထားရှိမှု၊ နို့စားနွားမွေးမြူရေးနှင့် တန်ဖိုးမြင့်နို့ထွက်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိမှု၊ ပုသိမ်စက်မှုဇုန်စီမံကိန်း ဆောင်ရွက်လျက်ရှိမှု၊ ဆန်စက်လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် စပါးအထွက်နှုန်းတိုးတက်ရေးအတွက် မျိုးကောင်းမျိုးသန့်များ ရရှိရန်လိုအပ်မှု၊ ပြည်တွင်းပြည်ပ ဈေးကွက်သို့ ဆန်တင်ပို့ရောင်းချလျက်ရှိမှု၊ ဆန်စက်များ၊ အခြောက်ခံစက်များကို စပါးထွက်ရှိရာ ဒေသများနှင့် အနီးဆုံးသောနေရာများတွင် တည်ဆောက်ထားရှိမည်ဆိုပါက ကုန်ကျစရိတ်များ ပိုမိုသက်သာစေနိုင်မှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် နွေစပါးနှင့် ပဲတီစိမ်းများ အထွက်တိုးလျက်ရှိသည့်အတွက် ဒေသခံပြည်သူများ ဝင်ငွေတိုးပွားလာမှု၊ စပါးခွံလောင်စာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်နိုင်ရေး ရင်းနှီးမြှုပ်နှံငွေများ ဆောင်ရွက်ပေးစေလိုမှု၊ ဒေသတွင်းသို့ လာရောက်သည့် ခရီးသွားဧည့်သည်များ ပိုမိုများပြားလာသည့်အတွက် လမ်းပန်းဆက်သွယ်မှုကို အဆင့်မြှင့်တင်ပေးစေလိုမှု၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်မှချမှတ်ပေးထားသည့် မူဝါဒများနှင့်အညီ လုပ်ငန်းရှင်များအနေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ ပီလောပီနံ စိုက်ပျိုးတင်ပို့ရောင်းချမှုလုပ်ငန်းများ မြန်မာနိုင်ငံတွင် တွင်ကျယ်စွာဖြစ် ထွန်းလာစေရေးနှင့် မဲခေါင်ဒေသအတွင်း အဓိကထုတ်ကုန် (Strategic Corps) ဖြစ်သည့်အတွက် ကူညီဆောင်ရွက်ပေးစေလိုမှု၊ တိုင်းဒေသကြီးအတွင်း လည်ပတ်လျက်ရှိသည့် ဆီစက်လုပ်ငန်းများအား ခေတ်မီနည်းစနစ်သုံး စက်ရုံများအဖြစ်လုပ်ငန်း တိုးချဲ့ဆောင်ရွက်လျက်ရှိမှုနှင့် နိုင်ငံတော်မှ လိုအပ်သည်များကို ကူညီပံ့ပိုးပေးစေလိုမှုနှင့် ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြားလိုအပ်သည်များကို အသီးသီးတင်ပြဆွေးနွေးကြသည်။


ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး


ဆက်လက်ပြီး လုပ်ငန်းရှင်များ၏ တစ်ဦးချင်း ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများက ဝန်ကြီးဌာနအလိုက် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေး၊ လျင်မြန်ချောမွေ့ စေရေးအတွက် ကားလမ်း၊ ရထားလမ်း၊ ရေကြောင်းလမ်းများ အဆင့်မြှင့်တင်ရေး လုပ်ငန်းများကို လျာထားလုပ်ငန်းများအလိုက် ဆောင်ရွက်လျက်ရှိမှု၊ ပုသိမ်လေယာဉ်ကွင်း အဆင့်မြှင့်တင်ပေးစေလိုမှုကို မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းများ စနစ်တကျဆောင်ရွက်သွားရန်လိုအပ်မှု၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများစွာရှိပြီး အလားအလာကောင်းများစွာကို ပိုင်ဆိုင်ထားရှိမှု၊ နိုင်ငံတော်အနေဖြင့် အကျိုးအမြတ်ကို အဓိကမထားဘဲ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူတို့၏ လူမှုစီးပွားဘဝ မြှင့်တင်နိုင်ရေးတို့အတွက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ကဏ္ဍအလိုက် ဆောင်ရွက်ပေးထားမှု၊ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ လုပ်ငန်းတိုးချဲ့ဆောင်ရွက်နိုင်ရေးတို့အတွက် လုပ်ငန်းအလိုက် အတိုးနှုန်းသက်သာသည့် ချေးငွေများရရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့်ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားစေရေး၊ ဝင်ငွေတိုးပွားစေရေးတို့အတွက် သမဝါယမအသင်းအဖွဲ့များစုဖွဲ့၍ လိုအပ်သည့် စက်ကိရိယာများ၊ အရင်းအနှီးများ မတည်ဆောင်ရွက်ပေးလျက်ရှိမှု၊ မျိုးကောင်းမျိုးသန့်များရရှိရေး၊ သွင်းအားစုများ ရရှိရေးအတွက်လည်း ဆောင်ရွက်ပေးလျက်ရှိသဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ လက်အောက်ရှိ နယ်မြေခံဦးစီးဌာနများမှတစ်ဆင့် ဆက်သွယ်ဆောင်ရွက်နိုင်မှု၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနအလိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အားပေးဆောင်ရွက်လျက်ရှိမှု၊ စက်မှုလုပ်ငန်းများအတွက် လိုအပ်သည့် စက်မှုမှတ်ပုံတင်ခြင်းများကို သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိမှု၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး၊ ပို့ကုန်လုပ်ငန်းများ အဆင်ပြေချောမွေ့ စေရေးအတွက် လိုအပ်သည့် စာရွက်စာတမ်းလုပ်ငန်းများကို အွန်လိုင်းစနစ်ဖြင့် နှောင့်နှေးမှုမရှိ ဆောင်ရွက်ပေးလျက်ရှိမှုစသည်ဖြင့် သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသီးသီး ပြန်လည်ဆွေးနွေး ပြောကြားကြသည်။


ဒေသတွင်းစိုက်ပျိုးမွေးမြူရေး ကုန်ကြမ်းများကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးပြောကြားရာတွင် မိမိတို့အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME)လုပ်ငန်းများကို အားပေးဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်တွင် နေထိုင်ကြပြီး လူဦးရေ ၃၀ ရာခိုင်နှုန်းသည် မြို့ပြတွင် နေထိုင်ကြကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ ကျေးလက်တွင်နေထိုင်သူ ၈၅ ရာခိုင်နှုန်းရှိပြီး မြို့ပြတွင်နေထိုင်သူ ၁၅ ရာခိုင်နှုန်းရှိကြောင်း၊ အများစုမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ကြကြောင်း၊ စပါးစိုက်ပျိုးခြင်း၊ ဆီထွက်သီးနှံများ စိုက်ပျိုးခြင်း၊ ငါးမွေးမြူခြင်းများကို ဆောင်ရွက်ကြကြောင်း၊ အဆိုပါစိုက်ပျိုးမွေးမြူရေးကုန်ကြမ်းများကို ကုန်ချောဖြစ်စေရန်အတွက် ကြိတ်ခွဲခြင်းများကို ဆောင်ရွက်ခြင်းသည် MSME လုပ်ငန်းပင်ဖြစ်ကြောင်း၊ ထွက်ရှိလာသည့် ထွက်ကုန်ပစ္စည်းများမှ တိရစ္ဆာန်အစာများကိုလည်းရရှိသဖြင့် မွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်၍ရကြောင်း။


ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်တွင်းမှထွက်ရှိသည့် ကုန်ကြမ်းများကို အဓိကထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများမှထွက်ရှိသည့် ကုန်ကြမ်းများမှ တန်ဖိုးမြှင့်ထုတ်ကုန်များကို ထုတ်လုပ်နိုင်ရန်လိုအပ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ငါးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည့် အရင်းအမြစ်များကို ပိုင်ဆိုင်ထားပြီးဖြစ်ကြောင်း၊ နိုင်ငံအတွက် အသား၊ ငါး လိုအပ်ချက်များစွာရှိပြီး လူအများစားသုံးနိုင်သော သင့်တော်သည့် ဈေးနှုန်းဖြင့်ရောင်းချနိုင်သည့် ငါးမျိုးများမွေးမြူနိုင်ရန် လိုကြောင်း၊ အလားတူ ဆန်စပါးစိုက်ပျိုးမှုတွင်လည်း တစ်ဧကချင်းအထွက်နှုန်း တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ကြရန်လိုသကဲ့သို့ အရည်အသွေးကောင်းမွန်သည့် စပါးမျိုးများ စိုက်ပျိုးကြရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မျိုးကောင်းရန်၊ မြေကောင်းရန်၊ ရေလုံလောက်စွာရရှိရန်၊ နည်းစနစ်တကျစိုက်ပျိုးရန် စသည့်အချက်များ လိုအပ်ကြောင်း၊ ဒေသတွင်းကုန်ကြမ်းများ ပိုမိုရရှိအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ဆီထွက်သီးနှံများကိုလည်း အထွက်နှုန်းတိုးတက်အောင်ဆောင်ရွက်ကြရန် လိုကြောင်း။


ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ထုတ်ကုန်များ အရည်အသွေးကောင်းမွန်ရန်လိုပြီး ဒေသတွင်းစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့်ကုန်ကြမ်းများကို အဓိကထားထုတ်လုပ်သည့် ထုတ်ကုန်များ ထုတ်လုပ်ရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်မှသာလျှင် ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်မည်ဖြစ်ကာ ဒေသဖွံ့ဖြိုးမှုကို ပိုမိုအထောက်အပံ့ပေးနိုင်မည်ဖြစ်ပြီး လူမှုစီးပွားဘဝလည်း မြင့်တက်လာမည်ဖြစ်ကြောင်း၊ စဉ်ဆက်မပြတ်သည့် ကုန်ကြမ်းပစ္စည်းကို ရရှိနိုင်မည်ဖြစ်သဖြင့် ခိုင်မာသည့် ကုန်ထုတ်လုပ်မှုကိုလည်း ဖြစ်စေနိုင်မည်ဖြစ်ပြီးပိုမိုအကျိုး ဖြစ်ထွန်းစေကြောင်း၊ ဒေသတွင်း လည်ပတ်သုံးစွဲငွေများလည်း ပိုမိုများပြားလာမည်ဖြစ်ပြီး ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်တက်လာမှုနှင့်အတူ နိုင်ငံ့စီးပွားရေးသည်လည်း မြင့်တက်လာမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ခြင်းဖြင့် ပြည်ပသွင်းကုန်များကို အစားထိုးနိုင်မည်ဖြစ်သကဲ့သို့ ပြည်ပသို့လည်း တင်ပို့ရောင်းချ၍ ရနိုင်မည်ဖြစ်သဖြင့် နိုင်ငံ့စီးပွားရေးအားကောင်းလာမည် ဖြစ်ကြောင်း။


စုပေါင်းသမဝါယမစနစ်


မိမိတို့နိုင်ငံတွင် ယခင်ကသမဝါယမစနစ်ကို ကျင့်သုံးခဲ့ပြီး အချို့ဖွံ့ဖြိုးပြီးနိုင်ငံများတွင် သမဝါယမစနစ်ကို ကျင့်သုံးလျက်ရှိကြောင်း၊ သမဝါယမစနစ်ကို ကျင့်သုံးခြင်းဖြင့် လုပ်ငန်းများဆောင်ရွက်မှုကို ပိုမိုတိုးတက်စေမည်ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း စုပေါင်းသမဝါယမစနစ်ကို ကျင့်သုံး၍ ဆောင်ရွက်ကြရန်လိုကြောင်း၊ အဆိုပါသမဝါယမအသင်းများမှ မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူး၍ စိုက်ပျိုးကြမည်ဆိုပါက အထွက်နှုန်းများတိုးတက်လာမည်ဖြစ်ကြောင်း၊ ဒေသနှင့်တိုင်းပြည်ရှိ မြေသယံဇာတ၊ ရေသယံဇာတများကို အကျိုးရှိစွာအသုံးချရန်လိုပြီး စိုက်ပျိုးမြေများကို အကျိုးရှိရှိ သုံးစွဲကြရန်လိုကြောင်း၊ စိုက်ပျိုးရေးထွက်ကုန်များကို အထွက်နှုန်းတိုးအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ဧရာဝတီတိုင်းဒေသကြီးအတွင်း စီးပွားရေးသည် သိသိသာသာ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း၊ မိမိတို့သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်များအလိုက် ကြိုးပမ်းဆောင်ရွက်မည်ဆိုပါက များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။


ဒေသသာယာလှပရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး


နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်စည်စီးဆင်းမှုများ လျင်မြန်ချောမွေ့စေရေးတို့အတွက် တစ်နိုင်ငံလုံးရှိ လမ်း၊ တံတားများ ကောင်းမွန်စေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ခရီးသွားလုပ်ငန်းများ တိုးတက်စေရေးနှင့် ဒေသခံတို့၏ လူမှုစီးပွားမြင့်တက်စေရေးအတွက် ပုသိမ်လေယာဉ်ကွင်းကို အဆင့်မြှင့်တင်နိုင်ရန် လုပ်ငန်းဆန်းစစ်၍ စီမံဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ နိုင်ငံတော်မှ လိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိသည့်နည်းတူ ဒေသအလိုက် သာယာလှပရေး အတွက်ကိုလည်း ဒေသခံများနှင့် တာဝန်ရှိသူများက ဆောင်ရွက်ကြရန်လိုကြောင်း၊ ပုသိမ်ဆိပ်ကမ်းတွင် ယခင်က ပင်လယ်ကူးသင်္ဘောများ ဝင်ရောက်ခဲ့ပြီးအကြောင်း အမျိုးမျိုးကြောင့်မြစ်ကြောင်း တိမ်ကောလာခြင်းများကြောင့် နောက်ပိုင်းတွင် ဝင်ရောက်နိုင်ခြင်းမရှိကြောင်း၊ ငပုတောတွင် ပင်လယ်ကူးသင်္ဘောများ ဝင်ရောက်နိုင်အောင် ဆိပ်ကမ်းတည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ဒေသသို့ ခရီးသွားများလာရောက်ခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေနိုင်မည်ဖြစ်သဖြင့် ဒေသသို့လာရောက်လိုစိတ်များ ဖြစ်ပေါ်လာစေရေး ဒေသသာယာလှပမှုများနှင့် ဒေသထုတ်ကုန်ပစ္စည်းများကို အရည်အသွေးမြှင့်တင် ဆောင်ရွက်ရန်လိုသကဲ့သို့ လူအများသိရှိစေရေး ကြေညာပေးရန်လည်းလိုကြောင်း၊ ကုန်စည်ပြပွဲများကျင်းပပြီး ဒေသမှထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများကို လူအများသိရှိ စိတ်ဝင်စားအောင် ပြသရောင်းချရန်လိုကြောင်း။


လျှပ်စစ်ဓာတ်အားနှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီးအတွင်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းကို ဆောင်ရွက်၍ရကြောင်း၊ လေအားကိုအသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်နိုင်ရန်အတွက်လည်း နိုင်ငံတော်အစိုးရအနေဖြင့် သုတေသနလုပ်ငန်းများကို မကြာမီဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားလုံလောက်စွာ ရရှိရေးအားလုံး ဆောင်ရွက်ကြရန်လိုပြီး မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စုပေါင်းအားဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း။


ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရမည်


ပြည်ပသွင်းကုန်နှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ယခင်က ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးခြင်းမရှိခဲ့ခြင်းကြောင့် ပြည်ပမှသွင်းကုန်များကို များစွာတင်သွင်းခဲ့ရပြီး ကုန်သွယ်မှုလိုငွေများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ယခုအခါ မိမိတို့အစိုးရအနေဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်လျက်ရှိပြီး ရပ်တန့်ထားသည့် စက်ရုံများ ပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထုတ်ကုန်များ ထုတ်လုပ်ရာတွင် ပြည်တွင်းလိုအပ်ချက်များဖြစ်သည့် လူသုံးကုန်ပစ္စည်းများကို လုံလောက်စွာ ထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံအတွက် လိုအပ်လျက်ရှိသည့် အခြေခံလူသုံးကုန်ပစ္စည်းများကို ပြည်ပမှတင်သွင်းရသူ(Importer) အဆင့်မှ ပြည်တွင်းလိုအပ်ချက်ဖူလုံ ပြည့်မီအောင်ထုတ်လုပ်ပြီး ပြည်ပသို့တင်ပို့နိုင်သူ(Exporter) အဆင့်အထိရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ဝင်ငွေ၊ ထွက်ငွေများမျှတမှုရှိလာပါက နိုင်ငံ့စီးပွားရေးတိုးတက်လာမည်ဖြစ်ပြီး ကုန်ဈေးနှုန်းများသည်လည်း ကျဆင်းလာမည်ဖြစ်ကြောင်း၊ တိုင်းပြည်၏အားသည် ပြည်တွင်းမှာသာရှိကြောင်း၊ မိမိတို့နိုင်ငံ၏ စီးပွားရေးကို အခြားနိုင်ငံများမှ ထိန်းချုပ်မှုဖြင့် ဆောင်ရွက်၍မရကြောင်း။


နိုင်ငံ့စီးပွားရေးကို နိုင်ငံသူ၊ နိုင်ငံသားအားလုံး ကမ္ဘာကြည့် ကြည့်မြင်၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်


ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လိုအပ်သည့် ငွေကြေးအရင်းအနှီးများကို အသက်သာဆုံးအတိုးနှုန်းဖြင့် ထုတ်ချေးပေးမည်ဖြစ်သဖြင့် အကျိုးရှိစွာဖြင့် အသုံးချကြစေလိုကြောင်း၊ MSME လုပ်ငန်းအတွက် နည်းပညာရရှိရန် လေ့လာဆောင်ရွက်ရန် လိုသကဲ့သို့ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံပညာ အထက်တန်းကျောင်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာဘာသာရပ်များကို သင်ကြားပေးမည်ဖြစ်ကြောင်း၊ လူသားအရင်း အမြစ်များဖွံ့ဖြိုးတိုးတက်ရေး အတန်းပညာများ မြင့်မားမှုရှိစေရန် နိုင်ငံတော်အနေဖြင့် အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် အခြေခံကုန်ကြမ်းများ ရှိပြီးဖြစ်သဖြင့် ကုန်ထုတ်လုပ်မှုများ တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသတွင်းစီးပွားရေး ယခုထက် ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ One Region One Product ကိုဆောင်ရွက်ရာတွင်လည်း ပြည်တွင်းဈေးကွက်ကိုသာမက ပြည်ပဈေးကွက်သို့ပါတင်ပို့နိုင်ရေး ဆောင်ရွက်သွား ရန်လိုကြောင်း၊ နိုင်ငံ့စီးပွားရေးကို ဆောင်ရွက်ရာတွင် နိုင်ငံသူ၊ နိုင်ငံသား အားလုံးက အမြင်ကျယ်ကျယ်ဖြင့်ဆောင်ရွက်ကြရန်လိုပြီး ကမ္ဘာကြည့် ကြည့်မြင်ကြရမည်ဖြစ်ကာ အတူတကွ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်းဖြင့် ဆွေးနွေးတိုက်တွန်းပြောကြားသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက်လာကြသည့် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ခင်းကျင်းပြသထားသည့် ရေထွက်ကုန်ပစ္စည်းများ၊ စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှုလက်မှုထုတ်ကုန်၊ ရိုးရာလက်မှု ထုတ်ကုန်များ၊ အဝတ်အထည်များ စသည့်ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို ပြကွက်တစ်ခုချင်းစီအလိုက် စိတ်ဝင်တစားဖြင့် လေ့လာခဲ့ပြီး ဈေးကွက်ရရှိမှုအခြေအနေများကို မေးမြန်းဆွေးနွေးရာ လုပ်ငန်းအလိုက် စီးပွားရေးလုပ်ငန်းရှင်များက လိုက်လံရှင်းလင်းတင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)