မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ကျင်းပ


MNP  -   ဖေဖော်ဝါရီ ၃

မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှု ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေး(၁/၂၀၂၃)ကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန် ကောက်ယူရရှိသော လူဦးရေစာရင်း အချက်အလက်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မှတ်တမ်းများစုစည်း၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတိုင်း ဆက်လက်စိစစ် ဆောင်ရွက်နေသည့် ကာလဖြစ်ကြောင်း။


မြေပြင်ကွင်းဆင်း စာရင်းကောက်ယူမှုနှင့်ပတ်သက်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် e-ID Software တွင် ထည့်သွင်းပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေ စာရင်းစုစုပေါင်း ၁၃ ဒသမ ၅ သန်းကျော်ရှိရာ ယခု မြေပြင် ကွင်းဆင်း၍ လက်ရှိ အိမ်ထောင်စုပုံစံဖြင့် တိုက်ဆိုင်စစ်ဆေး ကောက်ယူခဲ့သည့် အိမ်ထောင်စု ၁၁ ဒသမ ၇ သန်းကျော်၊ အခြား ဒေသမှ အိမ်ထောင်စုစာရင်းသာ ရှိသူများ၊ လက်ရှိအိမ်ထောင်စု စာရင်းမရှိသူများ အလွတ်ပုံစံများ ဖြင့် ကောက်ယူခဲ့သည့် အိမ်ထောင်စု ၂ ဒသမ ၈ သန်းကျော်ကို ကောက်ယူနိုင်ခဲ့ကြောင်းနှင့် လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုပမာဏ ၈၆ ဒသမ ၇ ရာခိုင်နှုန်း ကောက်ယူနိုင်ခဲ့ကြောင်း၊ အိမ်ထောင်စု တစ်သန်း ခုနစ်သိန်းကျော် ကောက် ယူရန် ကျန်ရှိနေသေးသည်ကို တွေ့ရကြောင်း။


သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူး ရုံးများတွင် စာရင်းရေးသွင်းပြုစုပြီး ဖြစ်သည့် e-ID Software နှင့် ချိတ်ဆက်ကာ မြေပြင်နှင့်ကွဲလွဲနေသည့် အချက်အလက်များ ဖြည့်သွင်းပြင်ဆင်သည့် လုပ်ငန်းကိုလည်း တစ်ပြိုင်တည်း ဆောင်ရွက်နေကြပြီဖြစ်ကြောင်း၊ ထို့ပြင် လူဦးရေစာရင်းနှင့်အတူ ကောက်ယူခဲ့သည့် မသန်စွမ်းငါးမျိုးစာရင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၏ သက်ဆိုင်ရာ ခရိုင်ဦးစီးမှူးရုံးများသို့ လွှဲပြောင်းပေးအပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။


ဆောင်ရွက်ပြီးစီးသည့် စာရင်း ဇယား၊ အချက်အလက်များအပေါ် မူတည်၍ မဲပေးရန်အသက်ပြည့်မီသည့် မဲပေးပိုင်ခွင့်ရှိသူလူဦးရေကို ၂၀၂၃ ခုနှစ် မတ်လအတွင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ အချိန်နှင့်တစ်ပြေးညီ ဆက်လက်ပေးပို့ ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များအနေဖြင့် စာရင်း ကောက်ယူရန် ကျန်ရှိနေသည့် ဒေသများသို့ လိုအပ်သည့်လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ် များဖြည့်ဆည်းကာ နည်းလမ်းမျိုးစုံအသုံးပြု၍ ဆက်လက်ကွင်းဆင်းကောက်ယူနိုင်ရေးနှင့် မြေပြင်ကွင်းဆင်း ကောက်ယူနိုင်ရေး လုပ်ငန်းစဉ်တစ်ခုလုံးကို လူဦးရေစာရင်းများ ထုတ်ပြန်နိုင် သည်အထိ ပြီးမြောက်အောင်မြင်စေရေး ဦးဆောင်မှုပေး၍ အနီးကပ်ကြီးကြပ်ကွပ်ကဲ စီမံဆောင်ရွက် ပေးကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် ကြီးကြပ်မှုဗဟို ကော်မတီဝင်များ ဖြစ်ကြသည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များနှင့် ကော်မတီဝင် ကိုယ်စားလှယ်များက ပြည်ထောင်စု နယ်မြေ(နေပြည်တော်)နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လူဦးရေစာရင်း မှန်ကန်စေရေး အတွက် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူခဲ့မှုနှင့် တွေ့ကြုံရသည့် အခက်အခဲများ၊ စာရင်းကောက်ယူရန် ကျန်ရှိနေသည့်ဒေသများနှင့် ဆက်လက်ကွင်းဆင်း ကောက်ယူ သွားမည့်အစီအစဉ်များ၊ လဝကမြို့နယ်ဦးစီးမှူးရုံးများတွင် e-ID Software ဖြင့် အချက်အလက်များ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်း လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ဗဟိုကော်မတီက ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို ရှင်းလင်း ဆွေးနွေးတင်ပြကြသည်။


ရှင်းလင်း တင်ပြချက်များနှင့်စပ်လျဉ်း၍ ကြီးကြပ်မှုဗဟို ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးကြပြီး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)