ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်တို့ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်တို့ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ


MNP ၊ ဖေဖော်ဝါရီ ၂၂

မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ နာယကစက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်တို့သည် စပိန်နိုင်ငံမဒရစ်မြို့၌ ဖေဖော်ဝါရီ ၂၈ ရက်မှ မတ် ၄ ရက်အထိ ကျင်းပမည့် World Federation of Engineering Organizations Executive Committee Meeting, Madrid Conference and World Engineering Day 2023 Ceremony များသို့တက်ရောက်မည့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မြတ် ဦးဆောင်သော မြန်မာအင်ဂျင်နီယာကိုယ်စားလှယ်အဖွဲ့ကို ယမန်နေ့က စက်မှုဝန်ကြီးဌာန ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒေါက်တာအောင်ကျော်မြတ်က သွားရောက်မည့် ခရီးစဉ်၊ ပါဝင်တက်ရောက်မည့် အစည်းအဝေးအစီအစဉ်များနှင့် ညီလာခံဆိုင်ရာကိစ္စများကို ရှင်းလင်းတင်ပြသည်။


ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ကြီး(UNESCO)၏ အင်ဂျင်နီယာအသက်မွေး ဝမ်းကျောင်းဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်သည့် ကမ္ဘာ့အင်ဂျင်နီယာအဖွဲ့ချုပ်(WFEO)တွင် မြန်မာ နိုင်ငံအင်ဂျင်နီယာကောင်စီက နိုင်ငံအဆင့်ကိုယ်စားပြုပါဝင်ဆောင်ရွက်လျက်ရှိပြီး ကမ္ဘာ့အင်ဂျင်နီယာ အဖွဲ့ချုပ်၏ကော်မတီတစ်ခုဖြစ်သော အင်ဂျင်နီယာပညာရေးကော်မတီအတွင်းရေးမှူးအဖွဲ့ကို မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီက အိမ်ရှင်အဖွဲ့အစည်းအဖြစ် လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။


အဆိုပါတွေ့ဆုံပွဲသို့ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ကြသည်။


မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံရှိ သံသတ္တုရိုင်းထွက်ရှိရာဒေသများနှင့် အသုံးပြုနိုင်မည့် သံနှင့် သံမဏိထုတ်လုပ်သည့်နည်းစဉ်များ အလုပ်ရုံဆွေးနွေးပွဲကို အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာနမှ အမြဲတမ်းအတွင်းဝန်၊ စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ပါမောက္ခချုပ်နှင့် ပါမောက္ခများ၊ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံရှိ သံသတ္တုရိုင်းထွက်ရှိရာဒေသများနှင့် အသုံးပြုနိုင်သည့် သံနှင့် သံမဏိထုတ်လုပ်သည့် နည်းစဉ်များနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ရန် ယခုအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ သံနှင့် သံမဏိထုတ်လုပ်မှုလုပ်ငန်းတွင် နိုင်ငံပိုင်အနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာနတွင် စက်ရုံတစ်ရုံ၊ စက်မှုဝန်ကြီးဌာနတွင် စက်ရုံနှစ်ရုံ၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတွင် စက်ရုံသုံးရုံနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် ပုဂ္ဂလိက သံရည်ကျိုလုပ်ငန်းပေါင်း ၃၆၂ ခုဖြင့် မြန်မာနိုင်ငံ၏ သံနှင့် သံမဏိထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ သံနှင့် သံမဏိ လိုအပ်ချက်သည် နှစ်စဉ်တန်ချိန် ၂ ဒသမ ၅ သန်းမှ သုံးသန်းခန့်ရှိပြီး ပြည်တွင်းထုတ်လုပ်မှုသည် တစ်နှစ်လျှင်ပျမ်းမျှတန်ချိန် တစ်သန်းခန့်သာ ထုတ်လုပ်နိုင်သည့်အတွက် လိုအပ်သောတန်ချိန် နှစ်သန်းခန့်ကို နှစ်စဉ်ပြည်ပမှတင်သွင်းနေရ၍ နိုင်ငံခြားငွေတစ်ဘီလီယံကျော်ခန့် သုံးစွဲနေရကြောင်း၊ နိုင်ငံအတွင်း၌ သံပါဝင်မှုမြင့်မားသည့် သတ္တုသိုက်များ များစွာရှိ၍ သံနှင့်သံမဏိများကို ပြည်တွင်းဖူလုံ အောင် ထုတ်လုပ်နိုင်ရေး ကြိုးစားရမည်ဖြစ်ကြောင်း၊ သို့မှသာ သံနှင့်သံမဏိထုတ်လုပ်သည့် နည်းပညာများ တိုးတက်လာမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် သံနှင့် သံမဏိထုတ်လုပ်သည့် လုပ်ငန်းများသည် အိမ်နီးချင်းနိုင်ငံများနှင့်နှိုင်းယှဉ်လျှင်များစွာ နောက်ကျလျက်ရှိကြောင်း၊ သံ၊ သံမဏိနှင့်ပတ်သက်သည့် မူဝါဒများ ရေးဆွဲပြဋ္ဌာန်းမှသာ ပြည်တွင်း၌ထုတ်လုပ်သည့် သံနှင့်သံမဏိများ၊ ပြည်ပမှတင်သွင်းလာသည့် သံနှင့်သံမဏိများအား အရည်အသွေး စစ်ဆေးကြီးကြပ်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ သံထွက်ရှိရာဒေသများ၊ သံသတ္တုရိုင်းအတွင်း သံပါဝင်မှုအပေါ်မူတည်၍ အသုံးပြုနိုင်သည့်နည်းစဉ်များ၊ လိုအပ်သည့်ဆက်စပ် စက်မှုကုန်ကြမ်းတွင်းထွက်များ ရရှိနိုင်မှုနှင့် စွမ်းအင်နှင့်လောင်စာပံ့ပိုးပေးနိုင်မှု အပေါ်မူတည်၍ ကျွမ်းကျင်ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးကာအကောင်းဆုံးနည်းလမ်းများကို ရွေးချယ်အသုံးပြုနိုင်မည့် Plan များ ရေးဆွဲသွားရမည်ဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ အမှတ်(၁) အကြီးစားစက်မှု လုပ်ငန်းမှ ဒုတိယအထွေထွေမန်နေဂျာ ဦးကျော်မင်းအောင်က မြန်မာနိုင်ငံ၏ သံသတ္တုရိုင်းထွက် ရှိရာဒေသများနှင့် အသုံးပြုနိုင်သည့် သံနှင့် သံမဏိထုတ်လုပ်မှုနည်းစဉ်များနှင့်ပတ်သက်၍ တင်ပြဆွေးနွေးရာ တက်ရောက်လာသူများက အသီးသီးဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)