MNP - ဖေဖော်ဝါရီ ၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ လော့သိုင်းကျေးရွာအုပ်စု၊ ကျောက္ကဒင်ကျေးရွာတွင် (၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ယမန်နေ့နံနက် (၆)နာရီ (၃၀)မိနစ်အချိန်က ကျောက္ကဒင်ကျေးရွာဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် ရဟန်းသံဃာတော်များ၊ ဧည့်ပရိသတ်များမှ နမောတသ (၃)ကြိမ်ရွတ်ဆို၍ (၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ မွန်အမျိုးသားနေ့အလံတော်အား မွန်းအမျိုးသားသီးချင်းဖြင့် အလံတော်တင်ခြင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုခြင်း၊ မွန်အမျိုးသားအလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီးသော မွန်အမျိုးသားအာဇာနည်ခေါင်းဆောင်များအား အလေးပြုခြင်း၊ သဘာပတိကြီးများအားနေရာယူခြင်း သံဃာတော်များကိုယ်စား ဆရာတော် ဘန္ဒတဩဘာသမှ ဩဝါဒချီးမြင့်တော်မူခဲ့သည်။
ဆက်လက်၍ သဘာပတိများကိုယ်စား နိုင်သေဲမျ အမျိုးသားရေးအတွက် မိန့်ခွန်းပြောကြားခြင်း၊ မွန်ပြည်သစ်ပါတီ(NMSP) ဗဟိုဌာနချုပ်မှပေးပို့သော (၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့ မိန့်ခွန်းသဝဏ်လွှာအား ရာဖူးဆက်ဆံရေးတာဝန်ခံ နိုင်ရွှေဗျိုင်းမှ ဖတ်ကြားခြင်း၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှပေးပို့သောသဝဏ်လွှာအား မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်မှဖတ်ကြားခြင်း၊ (၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီဥက္ကဋ္ဌ နိုင်ကျော်မဲမှ မိန့်ခွန်းပြောကြားခြင်း၊ ရေဖြူမြို့နယ် မွန်အမျိုးသားရေးကျောင်း ဆရာ/မများကိုယ်စား ပေါက်ပင်ကွင်းမူကြိုကျောင်းဆရာမ မိဇမ္ပာဩန်မှ မွန်စာပေယဉ်ကျေးမှုဆိုင်ရာတင်ပြပေးခြင်း၊ (၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားမှ တပ်ပေါင်းစုများကို ဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မွန်ပြည်သစ်ပါတီ(NMSP)မှ ရာဖူးဆက်ဆံရေးတာဝန်ခံ နိုင်ရွှေဗျိုင်း၊ ကလိန်အောင်မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်၊ ကျောက္ကဒင်ကျေးရွာတာဝန်ခံ နိုင်ကျော်မဲ၊ ရေဖြူမြို့နယ်၊ အလယ်စခန်းကျေးရွာ၊ ရာမညငနိကာယ ဒေရော့ကျောင်းတိုက်မှ ဆရာတော် ဘန္ဒတဩဘာသနှင့် ရဟန်းသံဃာတော်များ၊ မွန်တိုင်းရင်းသားများ၊ ရပ်မိ/ရပ်ဖများ၊ ကျေးရွာသူ/သားများ၊ စုစုပေါင်း(၈၀၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားအပြီးတွင် ဘင်ခရာများတီးမှုတ်ဖျော်ဖြေ၍ (၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် ညပိုင်း၌ မွန်ရိုးရာအကများဖြင့် ကပြဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်ခင်လဲ့
https://t.me/MyanmarNationalPost
No comments:
Post a Comment