တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ကရင်၊ မွန်၊ ထားဝယ်တိုင်းရင်းသားရိုးရာယဉ်ကျေးမှုနှီးနှောဖလှယ်ရေး အကသင်တန်းဖွင့်ပွဲအခမ်းအနားသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ကရင်၊ မွန်၊ ထားဝယ်တိုင်းရင်းသားရိုးရာယဉ်ကျေးမှုနှီးနှောဖလှယ်ရေး အကသင်တန်းဖွင့်ပွဲအခမ်းအနားသို့တက်ရောက်


MNP  -  ဖေဖော်ဝါရီ ၂၄

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအကများဖွံ့ဖြိုးတိုးတက်လာစေရန်၊ တိုင်းရင်းသားအချင်းချင်းရင်းနှီးမှုဖလှယ်နိုင်ရန်နှင့် ပိုမိုချစ်ကြည်ရင်းနှီးလာစေရန်ရည်ရွယ်၍ ကရင်၊ မွန်၊ ထားဝယ်တိုင်းရင်းသားရိုးရာယဉ်ကျေးမှုနှီးနှောဖလှယ်ရေး အကသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က ထားဝယ်မြို့၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက “တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားရေးစိတ်ဓာတ်ကိုအခြေခံသည့် ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှု၊ အမျိုးသားရေးစရိုက်လက္ခဏာများ မပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်ရေး” စသည့်အချက်နှင့်အညီ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားတို့၏ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်းများ တိမ်ကောပျောက်ကွယ်မှုမရှိစေရန် အစဉ်အမြဲအလေးအနက်ထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုဖွင့်လှစ်သည့် အကသင်တန်းမှာ ကရင်၊ မွန်နှင့် ထားဝယ်တိုင်းရင်းသား(၃)မျိုးပါဝင်သည့် အကသင်တန်းဖြစ်ပြီး ယဉ်ကျေးမှုနှီးနှောဖလှယ်သည့် သင်တန်းလည်းဖြစ်သည့်အတွက် တိုင်းရင်းသားများအနေဖြင့် မိမိတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကသာမက အခြားတိုင်းရင်းသားများ၏ ယဉ်ကျေးမှုအကများကိုလည်း လေ့လာသိရှိနိုင်သည့် အခွင့်အရေးကောင်းများစွာကိုလည်း ရရှိမှာဖြစ်ကြောင်း၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုနှီးနှောဖလှယ်ရေး အကသင်တန်းမှတစ်ဆင့် မိမိတို့တိုင်းရင်းသားယဉ်ကျေးမှုအကကို သင်ယူနိုင်ရုံဖြင့် အခြားတိုင်းရင်သားများ၏ ယဉ်ကျေးမှုများကိုလည်း လေ့လာသင်ယူနိုင်မည်ဖြစ်သည့်အတွက် မိမိလူမျိုး၊ မိမိတို့တိုင်းအတွင်းမှီတင်းနေထိုင်သည့် အခြားတိုင်းရင်းသားလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့များအပေါ်တွင် ပိုမိုနားလည်လေးစားတန်ဖိုးထားတတ်လာစေမှာဖြစ်ကြောင်း၊ ထို့အပြင် တိုင်းရင်းသားအချင်းချင်း တစ်ဦးနှင့်တစ်ဦး စည်းလုံးညီညွတ်မှုပိုမိုခိုင်မြဲလာပြီး ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကိုလည်း ထိန်းသိမ်းမြှင့်တင်နိုင်မည်ဖြစ်သည့်အတွက် လွန်စွာ ဝမ်းမြောက်မိပါကြောင်း ပြောကြားသည်။


ထို့နောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မွန်မွန်အေးက တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ဖိတ်ကြားထားသောဧည့်သည်တော်များအား တိုင်းရင်းသားများက ထားဝယ်ရိုးရာရေအိုးရွက်နှင့် ယမ်းအကဖြင့်ပူးတွဲ၍ ကပြဖျော်ဖြေတင်ဆက်ခဲ့သည်။


သင်တန်းတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကရင်၊ မွန်၊ ထားဝယ်တိုင်းရင်းသား(၃၃)ဦးအား ကရင်အကများဖြစ်သည့် ကြိုးကျစ်အကနှင့် ဝါးထောက်အက၊ ထားဝယ်အကများဖြစ်သည့် ရေအိုးရွက်အကနှင့် ယန်းအက၊ မွန်အကများဖြစ်သည့် တပင်တိုင်အကနှင့် ဟင်္သာမောင်နှံအကများကို မတ်လ(၂)ရက်နေ့အထိ လေ့ကျင့်သင်ကြားပို့ချပေးမှာဖြစ်ကြောင်း သတင်းရရှိသည်။


ကျော်ကျော်လတ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)