MNP - ဖေဖော်ဝါရီ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းခွဲ တွင် ယနေ့နံနက်(၉)နာရီက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို လူငယ်အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းသန္တာအေးက ကျောင်းသား၊ ကျောင်းသူလူငယ်များ သမိုင်းဝင် နေ့ထူးနေ့မြတ်များကို ရင်ထဲတွင် ထာဝစဉ် မှတ်သားသိရှိစေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ သမိုင်းဝင်ပင်လုံစာချုပ်နှင့်ပတ်သက်သော အကြောင်းအရာများ၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အကြောင်းအရာများ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများ စသည့်အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူ လူငယ်များ သိရှိစေရန် အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခင်လေး
https://t.me/MyanmarNationalPost
No comments:
Post a Comment