MNP - ဖေဖော်ဝါရီလ ၁၈
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်ရှိ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးခန်းမတွင်ပြုလုပ်ရာ ဥက္ကဋ္ဌဦးညီနပ်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်း/ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
ပထမဦးစွာ ဥက္ကဋ္ဌဦးညီနပ်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ တာဝန်ယူသည့်(၂)နှစ်တာ ကာလအတွင်း ကြုံတွေ့ရသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍနှင့်နိုင်ငံတကာဆက်ဆံရေး အခြေအနေများ၊ ထပ်မံတိုးမြှင့်သည့်(၆)လတာ ကာလအတွင်း ဆောင်ရွက်မည့် အခြေအနေများ၊ ရွေးကောက်ပွဲအောင်မြင်အောင် ကျင်းပပေးမည့်အခြေအနေများ၊ တစ်နိုင်ငံလုံးရှိလမ်းများကောင်းမွန်အောင်၊ ပြီးစီးအောင်ဆောင်ရွက်မည့် အခြေအနေများ၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍမြှင့်တင် ဆောင်ရွက်ပေးမည့်အခြေအနေများ၊ တိုင်းရင်းသားများနှင့်နိုင်ငံသားများကို ကာကွယ်စောင့်ရှောက် ပေးမည့်အခြေအနေများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ဆောင်ရွက်မည့် အခြေအနေများကို ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်းရှိ ဌာနဆိုင်ရာများအနေဖြင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း၊ ပြည်သူတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးမည့်နည်းလမ်းများကို ကြိုတင်စဉ်းစားထားရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရေး၊မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးသဖြင့် သက်ဆိုင်ရာစိုက်ပျိုးရေးဌာနမှ မိမိအစွမ်းအစရှိသလောက် ပြည်သူများ၏ လိုအပ်ချက်ကို ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ နေကြာတိုးချဲ့ စိုက်ပျိုးနိုင်ရန် တောင်သူများကို စည်းရုံးဆောင်ရွက်ရန်မှာကြားခဲ့ပါသည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက်လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ဥက္ကဋ္ဌက ညှိနှိုင်းပေါင်းစပ်ပေးပြီးနိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment