MNP - ဖေဖော်ဝါရီ ၂၃
တောင်သာမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ခေါင်းစည်းကြိုး ပြုလုပ်နည်း သင်တန်းအား ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင်က ပြောကြားရာတွင် အိမ်ရှင်မများ တစ်ပိုင်တစ်နိုင် စီးပွားဖြစ် လုပ်ကိုင်တတ်ပြီး မိသားစုအတွက် အပိုဝင်ငွေ ရှာတတ်စေရန်နှင့် မိမိ၏ တီထွင်ဆန်းသစ်မှုကြောင့် စီးပွားရေး အကျိုးအမြတ်များ ရရှိနိုင်မှာဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းများ ရရှိမှာဖြစ်ကြောင်း ပြောကြားပြီး နောက် စက်ချုပ်ဆိုင်မှ ဒေါ်ကေဇင်ငြိမ်းက နည်းပြအဖြစ် ဆောင်ရွက်ပြီးနောက် ခေါင်းစည်းကြိုး ပြုလုပ်ပုံ အဆင့်ဆင့်အား ရှင်းလင်းပြသရာ တက်ရောက်သည့် သင်တန်းသူများမှာ စိတ်ပါဝင်စားစွာ ကိုယ်တိုင် ပါဝင်လုပ်ကိုင်ကြပြီး ယင်းခေါင်းစည်းကြိုးပြုလုပ်ရာတွင် အင်္ကျီစ (၁)ကိုက်လျှင် ငွေကျပ် (၃၅၀၀) ကျပ်နှင့် ခေါင်းစည်းကြိုး အတွင်းခံအဖြစ် မျှော့ကြိုး (၁) ကိုက်လျှင် (၂၀၀) ကျပ်ဖြင့် အင်္ကျီစ (၁) ကိုက်အတွက် မျှော့ကြိုး (၅) ကိုက်စာ (၁၀၀၀)ကျပ် စုစုပေါင်း (၄၅၀၀) ကျပ် ရင်းနှီးပြီး ပြန်လည်ရောင်းချရငွေမှာ အင်္ကျီစ (၁) ကိုက်လျှင် ခေါင်းစည်းကြိုးကွင်းရေ (၂၀) ခန့် ရရှိပြီး စုစုပေါင်း ငွေကျပ် (၁၀၀၀၀) ကျပ် ရရှိ၍ အကျိုးအမြတ် များများရသည့်အပြင် စက်ချုပ်ဆိုင်တွင် အစပိုင်းလေးများဖြင့်လည်း အရင်းအနှီး မကုန်ကျပဲ လုပ်ကိုင်လျှင်လည်း တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေ ရရှိသဖြင့် လုပ်ကိုင်ဆောင်ရွက်သင့်ကြောင်း စက်ချုပ်ဆိုင်မှ ဒေါ်ကေဇင်ငြိမ်းမှ ပြောကြားပြီးနောက် တက်ရောက်လာသည့် သင်တန်းသူများမှာ စိတ်ပါဝင်စားစွာ ခေါင်းစည်းကြိုးများ ဆက်လက်ပြုလုပ်ကြကြောင်းသိရသည်။
အဆိုပါ ခေါင်းစည်းကြိုးပြုလုပ်ရာတွင် လိုအပ်သည့် အင်္ကျီစများ၊ မျှော့ကြိုးများကို ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင်က စီစဉ်ဆောင်ရွက်ပေးထားတာဖြစ်ကြောင်းနှင့် ယင်းသင်တန်းသို့ မြို့ပေါ် ရပ်ကွက်အတွင်းရှိ စိတ်ပါဝင်စားသူ(၁၁)ဦး တက်ရောက်ခဲ့ကြကြောင်းနှင့် အဆိုပါ ခေါင်းစည်းကြိုးသင်တန်းကို ဒုတိယအကြိမ် ဖွင့်လှစ်ခြင်းဖြစ်ပြီး ပထမအကြိမ် ဖွင့်လှစ်ခဲ့စဉ်က တက်ရောက်ခဲ့သည့် သင်တန်းသူများသည် လက်တွေ့နယ်ပယ်တွင် ကိုယ်တိုင်ပြုလုပ်၍ အပိုဝင်ငွေများ ရရှိနေပြီး မိသားစုစီးပွားရေး အဆင်ပြေနေပြီဖြစ်၍ ယခုလို ဒုတိယအကြိမ် ယင်းသင်တန်းအား ဆက်လက်ဖွင့်လှစ်တာဖြစ်ကြောင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင် ပြောပြချက်အရ သိရသည်။
ကျော်မျိုးနိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment