စစ်ကိုင်းတိုင်းဒေသကြီးအတွင်း KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက မိုးတားလေးကျေးရွာရှိ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းများအတွင်း ဝင်ရောက်အခြေပြု၍ အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေး လုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက မိုးတားလေးကျေးရွာရှိ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းများအတွင်း ဝင်ရောက်အခြေပြု၍ အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေး လုပ်ငန်းများဆောင်ရွက်







MNP ၊ ဖေဖော်ဝါရီ ၈

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် သမားများအနေဖြင့် ဧရာဝတီမြစ်ကမ်းနံဘေးရှိ မိုးတားလေးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားစေတီပုထိုးများနှင့် စာသင်ကျောင်းများအတွင်းသို့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်မှစ၍ အခိုင်အမာဝင်ရောက်နေထိုင်ကာ ဧရာဝတီမြစ်တစ်လျှောက်သွားလာသည့် စက်လှေငယ်များနှင့် ရေလုပ်ငန်းဆောင်ရွက်သူများအားလည်းကောင်း၊ ရွှေကူ၊ မြို့လှ၊ ကသာလမ်းကြောင်းပေါ်ရှိ ကျေးရွာများမှ ပြည်သူလူထုများအားလည်းကောင်း၊ အဓမ္မတားဆီးစစ်ဆေးခြင်း၊ ဆက်ကြေးကောက်ခြင်းနှင့် ဒလန်စွပ်စွဲ၍ သတ်ဖြတ်ခြင်း စသည့်အကြမ်းဖက် အဖျက်အမှောင့်လုပ်ငန်းများကို နည်းမျိုးစုံဖြင့်ဆောင်ရွက်နေကြောင်း အကြမ်းဖက်မှုကိုဆန့်ကျင်လိုသည့် ဒေသခံပြည်သူများက နီးစပ်ရာလုံခြုံရေးတပ်ဖွဲ့ ဝင်များထံသို့ လျှို့ဝှက်သတင်းပို့လာသဖြင့် တပ်မတော်စစ်ကြောင်း တစ်ကြောင်းမှ အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေး(Counter- Terrorism Operation)ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်မှ ၂၂ ရက်အထိ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမားများနှင့်ထိတွေ့ တိုက်ပွဲ(၇)ကြိမ် အပြင်းအထန်ဖြစ်ပွားခဲ့သည်။


တိုက်ပွဲများဖြစ်ပွားစဉ်အတွင်း အကြမ်းဖက်သမားများအနေဖြင့် ဘုန်းတော်ကြီး ကျောင်းများ၊ ဘုရားစေတီများ၊ ကျေးရွာစာသင်ကျောင်းများရှိ သဲအိတ်ဘန်ကာများ၊ မြေအောက်ကတုတ်ကျင်းများအတွင်းမှ တပ်မတော်စစ်ကြောင်းအားအပြင်းအထန် ပြန်လည်ပစ်ခတ်ခြင်း၊ နီးစပ်ရာဦးဆောင်လှုပ်ရှားနေသည့် PDF အဖွဲ့များမှဆိုင်ကယ်၊ ကားများဖြင့် အင်အားဖြည့်တင်းလျက် ပြန်လည်ပစ်ခတ်ခဲ့သလို ကျေးရွာသူ/သားများကိုလည်း လူသားတံတိုင်းအဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ထုတ်ပြန်ထားသည့်အတိုင်း ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်း (Rules of Engagement -ROE)နှင့်အညီ တိကျစွာလိုက်နာပြီး အရပ်သားပြည်သူများ၊ ကျေးရွာများရှိအဆောက်အဦများ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီး ကျောင်းများနှင့် ဘုရားစေတီပုထိုးများအား အတတ်နိုင်ဆုံးထိခိုက်ပျက်စီးမှု မရှိစေရေးအတွက် ထိန်းထိန်းသိမ်းသိမ်းဖြင့် အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေးဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ခဲ့ရာထပ်မံ၍ တပ်မတော်စစ်ကြောင်းများ အချိန်အမှီစစ်ကူရောက်ရှိခြင်းနှင့် လေကြောင်းပစ်ကူရယူ တိုက်ခိုက်ခြင်းတို့ကြောင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်တွင် အကြမ်းဖက်သမားများသည် မိုးတားလေးကျေးရွာရှိ နေအိမ်အချို့အား မီးရှို့ဖျက်ဆီးပြီး ဆုတ်ခွာထွက်ပြေးသွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာသူ၊ ကျေးရွာသားများနှင့် အတူဝိုင်းဝန်း မီးငြိမ်းသတ်ပေးခြင်းအား အရေးပေါ်ဆောင်ရွက်ခြင်းနှင့် ကျေးရွာပတ်ဝန်း ကျင်တဝိုက် လုံခြုံရေး အပြည့်အဝ ရယူပေးခြင်းတို့ ဆောင်ရွက်ခဲ့ရသည်။


တိုက်ပွဲများပြီးဆုံးပြီးနောက် ကျေးရွာအတွင်း လှည့်လည်စစ်ဆေးခဲ့ရာ KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် စာသင်ကျောင်းပရဝုဏ်အတွင်း သဲအိတ်ဘန်ကာများ၊ မြေအောက်အပစ်ကတုတ်ကျင်းများ အခိုင်အမာတည်ဆောက်ခုခံခြင်း၊ စာသင်ခန်းများအတွင်း ပညာသင်ကြားနေသည့်ကလေးများ အသုံးပြုသည့်စာရေးခုံများကို အသုံးပြု၍ သဲအိတ်များဖြင့်ဘန်ကာသဖွယ် အခိုင်အမာ စခန်းတည်ဆောက်ထားခြင်းအပြင် အဓိကခုခံခဲ့သည့် ရွာဦးစေတီတော်ကုန်း တစ်ဝိုက်၌လည်း စေတီပုထိုးများ အကာအကွယ်ဖြင့်လည်းကောင်း၊ သံဃာနှင့်ကပ္ပိယ အိပ်ဆောင်များ၌လည်းကောင်း၊ သဲအိတ်များစီ၍ခုခံခဲ့သည့် အနေအထားတို့ကိုတွေ့ရှိခဲ့သဖြင့် အကြမ်းဖက်သမားများ အသုံးပြုခဲ့သည့် ကျောင်းဝန်းအတွင်းနှင့် စာသင်ခန်းများအတွင်းရှိ ဘန်ကာများနှင့် စေတီကုန်းတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာသူ၊ ကျေးရွာသားများနှင့်အတူ ဖယ်ရှားရှင်းလင်းပေးခြင်း၊ စာသင်ကျောင်းပျက်စီးမှုများအား ပြန်လည်ပြုပြင်ပေးခြင်း၊ စာသင်ကျောင်းနှင့် ကျေးရွာတစ်ဝိုက်တို့အား မိုင်းရှင်းလင်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး စေတီပုထိုးနှင့်သံဃာအိပ်ဆောင်များ ပြန်လည်ပြုပြင်ပေးခြင်းများကို ကျေးရွာသူ၊ ကျေးရွာသားများနှင့်အတူ ဆောင်ရွက်ပေးခဲ့ကာ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် ပတ်သက်၍ လိုအပ်သည်များရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ အခိုင်အမာစခန်းများ ပြုလုပ်မှုအတွက် အကြမ်းဖက်အုပ်စုတို့က ရွာသူ/သားများအား အဓမ္မနည်းဖြင့် ခြိမ်းခြောက် ဆောင်ရွက်စေခဲ့ကြောင်း ကိုလည်း သိရှိရသည်။


အကြမ်းဖက်သမားများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပညာရေးဆိုင်ရာ အဆောက်အဦများ၊ ကျေးရွာများအတွင်း ဘုန်းတော်ကြီးကျောင်းများနှင့် လူနေအိမ်များကို အကာအကွယ်ရယူ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း၊ ကျောင်းသူ/ကျောင်းသားများ ပညာသင်ကြားရေးအတွက် အသုံးပြုနေသည့် စာသင်ကျောင်းများအတွင်း ရည်ရွယ်ချက် ရှိစွာဖြင့် စခန်းချအခြေပြု အကာအကွယ်ယူတိုက်ခိုက်ခြင်းများသည် ဂျီနီဗာကွန်ဗန်းရှင်း များနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု(War Crime) ကျူးလွန်ရာ ရောက်ပြီး အဆိုပါစစ်ရာဇဝတ်မှုများအတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ၊ ရာဇသတ်ကြီးနှင့်သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် ၎င်းတို့အပေါ်ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။


အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာအချို့အတွင်းဝင်ရောက်၍ အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်လျက်ရှိခြင်းကြောင့် ဒေသခံပြည်သူများ အေးချမ်းတည်ငြိမ်စွာ နေထိုင်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့များက နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်းနှင့် အကြမ်းဖက်အဖွဲ့များ၏ ဝင်ထွက်သွားလာမှု သတင်းများ ရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး၍ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းပါဝင်ကြရန် သတင်းထုတ်ပြန်ထားသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)