မြန်မာ့ဘောလုံး အားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဧရာဝတီဘဏ်က တစ်နှစ်စာ ကျပ်သိန်း ၁၀၅၀၀ ပံ့ပိုးကူညီခြင်း မိတ်ဖက်(Partnership) စာချုပ် ချုပ်ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ့ဘောလုံး အားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဧရာဝတီဘဏ်က တစ်နှစ်စာ ကျပ်သိန်း ၁၀၅၀၀ ပံ့ပိုးကူညီခြင်း မိတ်ဖက်(Partnership) စာချုပ် ချုပ်ဆို






MNP ၊ ဖေဖော်ဝါရီ ၂၂

မြန်မာ့ဘောလုံး အားကစား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဧရာဝတီဘဏ်တို့ မိတ်ဖက်စာချုပ် ချုပ်ဆိုခြင်း ( Partnership Contract) အခမ်းအနားကို ဖေဖော်ဝါရီ ၂၁ ရက်၊ နံနက်(၁၁း၀၀)နာရီက ရန်ကုန်မြို့ နိုဗိုတယ် ဟိုတယ်မက်စ်တွင် ကျင်းပရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဌ ဒေါက်တာစိုင်းဆမ်ထွန်းနှင့် အမှုဆောင်များ၊ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီ ဥက္ကဌ ဦးဇော်မင်းသိန်း၊ အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်နှင့် တာဝန်ရှိသူများ၊ မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းပိုင်ရှင်များ၊ စပွန်ဆာကုမ္ပဏီများမှ တာဝန်ရှိသူများ၊ လက်ရွေးစင် အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။

Partnership စာချုပ် ချုပ်ဆိုပွဲတွင် ရှေးဦးစွာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဌ ဒေါက်တာစိုင်းဆမ်ထွန်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ဧရာဝတီဘဏ် အမှုဆောင်အရာရှိချုပ် ဦးမြင့်ဇော်က ပံ့ပိုးကူညီရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နှင့် ဧရာဝတီဘဏ်တို့ မိတ်ဖက်သဘောတူစာချုပ် ချုပ်ဆိုပြီး အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြသည်။

ဧရာဝတီဘဏ်အနေဖြင့် မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်း၊ ဖူဆယ်လက်ရွေးစင်အသင်းနှင့် ဖူဆယ်ပြိုင်ပွဲများ၊ သက်တမ်းအလိုက် လူငယ်လက်ရွေးစင်အသင်းများ နိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရန်၊ နိုင်ငံတကာခြေစမ်းပွဲများ ကစားနိုင်ရန်၊ ပြည်ပလေ့ကျင့်ရေး ခရီးစဉ်များ သွားရောက်နိုင်ရန်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်လက်အောက်ရှိ အကယ်ဒမီကျောင်းများ လည်ပတ်ဆောင်ရွက်ရန်နှင့် လူငယ်ဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို မိတ်ဖက်ပံ့ပိုးကူညီသူ Partnership အဖြစ် တစ်နှစ်အတွက် ကျပ်သိန်း ၁၀၅၀၀ (ကျပ်သိန်း တစ်သောင်းငါးရာ) ပံ့ပိုးကူညီခြင်းဖြစ်သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အား Alpine သောက်ရေသန့်၊ RGK+ Z&A Group၊ Warrix အားကစားပစ္စည်း၊ PAN အားကစား ဖိနပ်၊ နိုဗိုတယ် ရန်ကုန်မက်စ် တို့ကလည်း Co-Sponsors များအဖြစ် ပံ့ပိုးကူညီလျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ မြန်မာနေရှင်နယ်လိဂ်နှင့် AYA Pay တို့ သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြပြီး AYA Pay အနေဖြင့်  ဖေဖော်ဝါရီ ၂၁ ရက်မှ စတင်ကာကျင်းပနေသည့် ၂၀၂၃ ရာသီ MNL အမှတ်ပေးပြိုင်ပွဲကို Supporting Partner အဖြစ် ကျပ်သိန်း တစ်သောင်း ပံ့ပိုးကူညီခြင်းဖြစ်သည်။ ၂၀၂၃ မြန်မာနေရှင်နယ်လိဂ် ကျင်းပနိုင်ရေး အတွက် AYA Pay နှင့်အတူ Host Broadcaster အဖြစ် SKY NET ရုပ်သံ၊ တရားဝင် မိတ်ဖက်များအဖြစ် Genius ၊ 100 PLUS ၊ AYA SYMPO ၊ Warrix ၊ ပူးတွဲစပွန်ဆာများ အဖြစ် CP FIVE STAR ၊ Fresh Air Con၊ Alpine ၊ MAX Energy နှင့် MAX Cement တို့ကလည်း အသီးသီး ဝိုင်းဝန်းကူညီ ပံ့ပိုးလျက်ရှိကြောင်း သိရသည်။

 

#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)