မြစ်ကြီးနားမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် Stone Garden ပန်းဥယျာဉ်ဖွင့်ပွဲ၊ ကိုယ်ခံပညာပေါင်းစုံသရုပ်ပြပွဲ၊ စုပေါင်းသွေးလှူဒါန်းပွဲများကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်ကြီးနားမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် Stone Garden ပန်းဥယျာဉ်ဖွင့်ပွဲ၊ ကိုယ်ခံပညာပေါင်းစုံသရုပ်ပြပွဲ၊ စုပေါင်းသွေးလှူဒါန်းပွဲများကျင်းပ





MNP   -   ဖေဖော်ဝါရီ ၁၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် Stone Garden ပန်းဥယျာဉ်ဖွင့်ပွဲ၊ ကိုယ်ခံပညာပေါင်းစုံ သရုပ်ပြပွဲနှင့် စုပေါင်းသွေးလှူဒါန်း ပွဲတို့ကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြသည်။


ရှေးဦးစွာ နံနက် ၈ နာရီက ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း၌ ရုံးသို့ လာရောက်သည့် ပြည်သူများနှင့် ဝန်ထမ်းများ အပန်းဖြေအနားယူနိုင်ရေး တည်ဆောက်ခဲ့သည့် Stone Garden ပန်းဥယျာဉ်ဖွင့်ပွဲ အခမ်းအနားကို ရုံးဝင်းအတွင်းရှိ အဆိုပါဥယျာဉ်ရှေ့၌ ကျင်းပပြုလုပ်ရာ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ဖြစ်ကြသည့် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွန်း၊ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေးနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်လေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာတို့က Stone Garden ပန်းဥယျာဉ်ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကြပြီး တက် ရောက်လာကြသူများနှင့် အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကာ ပန်းဥယျာဉ်အတွင်း အင်ကြင်းကျောက်များ၊ အလှပန်းပင်များဖြင့် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်နယ်ပြည်သူ့အားကစားကွင်း အတွင်း (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လက်ဝှေ့၊ ကရာတေး၊ တိုက်ကွမ်ဒို၊ ဂျူဒို၊ ဝူရှူး၊ မြန်မာ့သိုင်းနှင့် ကျို့ရှင်းကရာတေး စသည့် အားကစားနည်းများမှ ကိုယ်ခံ ပညာပေါင်းစုံသရုပ်ပြပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။


အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ သရုပ်ပြပွဲသည် ကချင်ပြည်နယ်၏ သမိုင်းတွင် ကိုယ်ခံပညာအဖွဲ့များစုံလင်စွာနဲ့ လူအင်အားများပြားစွာပြသနိုင်သည့် ပွဲတစ်ပွဲအဖြစ် မှတ်တမ်း တင်ရမည်ဖြစ်ပါကြောင်း၊ လူငယ်လူရွယ်များ၏ ကျန်းမာကြံ့ခိုင်မှု၊ ယုံကြည်မှု၊ ရဲရင့်မှုများနှင့် ကိုယ်ရည်ကိုယ်သွေးမြင့်မားမှုများသည် ပြည်နယ်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး တိုက်ရိုက်သက်ဆိုင် သည်ဖြစ်သည့်အတွက် လူငယ်ကဏ္ဍကိုလည်း ယခုကဲ့သို့ အထူးအလေးပေးဆောင်ရွက်ကြရန် လိုကြောင်း တိုက်တွန်းမှာကြားသည်။


ဆက်လက်၍ သရုပ်ပြပွဲအတွက် ကိုယ်ခံပညာပေါင်းစုံ အားကစားနည်းများဖြစ်ကြသည့် လက်ဝှေ့၊ ကရာတေး၊ တိုက်ကွမ်ဒို၊ ဂျူဒို၊ ဝူးရှူး၊ မြန်မာ့သိုင်းနှင့် ကျို့ရှင်းကရာတေးအဖွဲ့များက ဘောလုံးကွင်းအတွင်း သတ်မှတ်နေရာအလိုက် အားကစားနည်းတစ်ခုချင်းစီအလိုက် ကိုယ်ခံပညာ စွမ်းရည်များကို လက်တွေ့သရုပ်ပြဖျော်ဖြေတင်ဆက်ခဲ့ကြသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သရုပ်ပြဖျော်ဖြေတင်ဆက်ခဲ့ကြသည့် အားကစားနည်းအလိုက် ဆပ်ကော်မတီအသီးသီးတို့အား ဂုဏ်ပြုချီးမြှင့်ငွေ  စုစုပေါင်းကျပ် ၂၂ သိန်းကို ထောက်ပံ့ပေးအပ်ကြသည်။


ထိုမှတစ်ဆင့် မြစ်ကြီးနားတက္ကသိုလ်ကြက်ခြေနီအသင်းခွဲမှ ကြီးမှူး၍ (၇၆)နှစ်မြောက် ပြည် ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြစ်ကြီးနားတက္ကသိုလ် နည်းပြ/ သရုပ်ပြဆရာ၊ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၏ စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွေးလှူဒါန်းနေကြသူများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကာ အာဟာရဖြစ် စားသောက်ဖွယ်ရာများကို  ထောက်ပံ့ပေးအပ်ခဲ့ကြပြီး သွေးလှူဒါန်းပွဲတွင် ပါဝင်ကူညီပေးကြသည့် ကျန်းမာရေးဝန်ထမ်းများ၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် တက္ကသိုလ်ကြက်ခြေနီအသင်းခွဲတို့အတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)