လျှပ်စစ်သုံးယာဉ်များနှင့် ဆက်စပ်ပစ္စည်းများ အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ UMFCCI တွင် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လျှပ်စစ်သုံးယာဉ်များနှင့် ဆက်စပ်ပစ္စည်းများ အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ UMFCCI တွင် ကျင်းပ






MNP ၊ ဖေဖော်ဝါရီ ၅

မကြာမီကာလအတွင်း၌ မြန်မာနိုင်ငံတွင် ထိတွေ့နေရာယူလာကြတော့မည့် လျှပ်စစ်သုံးယာဉ်များနှင့် ၎င်းတို့၏ ဆက်စပ်ပစ္စည်းများအတွက် နည်းပညာဆိုင်ရာများ၊ ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာများနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ရေရှည်အသုံးပြုနိုင်ရေးအတွက် မှန်ကန်သော သတင်းအချက်အလက်များ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် ရည်ရွယ်၍ “Electric Vehicle (EV) Knowledge Sharing and People Awareness Program” ကို ယမန်နေ့က ကုန်သည်စက်မှုအသင်းချုပ်(UMFCCI) မင်္ဂလာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

 ဆွေးနွေးပွဲတွင် လျှပ်စစ်သုံးယာဉ်များနှင့် ဆက်စပ်ပစ္စည်းများ သုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး  ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ရာ မြန်မာနိုင်ငံတွင် EV ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် အသင်းချုပ်အနေဖြင့် ပုဂ္ဂလိကကဏ္ဍအတွက်  ပံ့ပိုးပေးသွားမည်ဖြစ်ပြီး EV မော်တော်ယာဉ်များကို နိုင်ငံတကာတွင် ကျယ်ပြန့်စွာအသုံးပြုလာပြီး EV ကားများ အသုံးပြုခြင်းသည် ဂေဟစနစ်ညီမျှမှုကို ထောက်အကူပေးသကဲ့သို့ လောင်စာဆီလိုအပ်မှု လျှော့ချရေးတွင်လည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုပေးနိုင်ကြောင်း ပြောကြားခဲ့သည်။

ဆွေးနွေးပွဲတွင် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်ပစ္စည်းများအတွက် စံချိန်စံညွှန်းထုတ်ပြန်သတ်မှတ်ထားမှု၊ လျှပ်စစ်သုံးယာဉ် BEV အတွက် စံချိန်စံညွှန်းဆိုင်ရာအထောက်အထား လိုအပ်ချက်များ၊ BEV (၂) ဘီး၊ (၃) ဘီး တင်သွင်း၊ တပ်ဆင်ထုတ်လုပ်ရာတွင် လိုအပ်သည့်အချက်များ၊ လျှပ်စစ်သုံးယာဉ် အားသွင်းကိရိယာ (EVSE) များအတွက် လိုအပ်ချက်များ၊ Charger အတွက် လိုအပ်သည့် စံသတ်မှတ်ချက်များ၊ တင်သွင်းခြင်းဆိုင်ရာသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်လျှောက်ရာတွင် ဖော်ပြရမည့်အချက်များ စသည့် EV နှင့်ပတ်သက်သည့် မူဝါဒဆိုင်ရာ သတ်မှတ်ချက်များ၊ EV ကားများ၏ အခြေခံသဘောတရားများနှင့် EV နှင့်ပတ်သက်သည့် Knowledge Sharing များ ပြုလုပ်ခဲ့ကြသည်။

၂၀၂၂ ခုနှစ်၊ ဇွန်လတွင် စတင်ဖွဲ့စည်းခဲ့သည့် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ထောက်ခံချက်ဖြင့် သွင်းကုန်လိုင်စင် ခွင့်ပြုထားပြီးသည့် ကုမ္ပဏီ (၆) ခုရှိပြီး Chin Dwin Shan Construction Co., Ltd. မှ လျှပ်စစ်သုံးယာဉ် (၃၀) စီးနှင့် NPK Motors Co., Ltd. မှ (၁၀) စီး၊ စုစုပေါင်း လျှပ်စစ်သုံးယာဉ် အစီး(၄၀) ကို ပထမအကြိမ်အနေဖြင့် တင်သွင်းဆောင်ရွက်နေပြီဖြစ်သည်။

ယမန်နေ့က ကျင်းပသည့် အသိပညာပေးဆွေးနွေးပွဲကို မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်းမှ ကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း (MAMDA Yangon) ၊ ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း၊ မော်တော်ကားရောင်းဝယ်ရေးအသင်း (ရန်ကုန်) ၊ EV Myanmar Group (EVMG) နှင့် NSSA ၏ Chief Assessor – U Aung Kyaw Lin အဖွဲ့တို့ မှ ပူးပေါင်းပါဝင်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)