ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၈) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားသို့ တက်ရောက် ဂုဏ်ပြု၊ မြစ်ကြီးနားမြို့၌ တစ်နှစ်ပတ်လုံး သီးနှံစိုက်ခင်းများဖြင့် ပြည်နယ်၏ စိုက်ပျိုး ရေးစံပြ စိုက်ကွင်းတစ်ခု အကောင်အထည်ဖော်နိုင်ရေး ဧက ၁၀၀ စံပြစိုက်ကွက်အတွင်း ကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၈) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားသို့ တက်ရောက် ဂုဏ်ပြု၊ မြစ်ကြီးနားမြို့၌ တစ်နှစ်ပတ်လုံး သီးနှံစိုက်ခင်းများဖြင့် ပြည်နယ်၏ စိုက်ပျိုး ရေးစံပြ စိုက်ကွင်းတစ်ခု အကောင်အထည်ဖော်နိုင်ရေး ဧက ၁၀၀ စံပြစိုက်ကွက်အတွင်း ကြည့်ရှု


MNP ၊ မတ် ၂၇

(၇၈) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ယနေ့နံနက် ၇ နာရီခွဲက တိုင်းစစ်ဌာနချုပ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ စစ်ရေးပြမှူးနှင့် စစ်ရေးပြတပ်ခွဲများက စစ်ကြောင်းပုံဖြင့် ချီတက်၍ စစ်ရေးပြ အစီအစဉ်များအတိုင်း ဆောင်ရွက်ကြသည်။


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်နှင့် တိုင်းစစ်ဌာချုပ်မှ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်နယ်များမှ တပ်ရင်း/ တပ်ဖွဲ့မှူးများ၊ အရာရှိစစ်သည်မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင် များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုကြသည်။


ဆက်လက်၍ တိုင်းမှူးက တပ်မတော်နေ့ မိန့်ခွန်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက တက်ရောက်လာကြသည့် တပ်မတော်အရာရှိစစ်သည် မိသားစုများနှင့် ဖိတ် ကြားထားသော ဧည်သည်တော်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။


အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည် နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ စိုက်ပျိုးရေး ဦးစီးဌာန၏ ဧက ၁၀၀ စံပြစိုက်ကွက်အတွင်း ရိတ်သိမ်းချိန် နေကြာပင်များ အစေ့များဖြင့် အောင်မြင် ဖြစ်ထွန်းနေမှု အခြေအနေနှင့် စီတာပူရပ်ကွက်ရှိ ဧက ၁၀၀ စံပြစိုက်ကွက်အတွင်း သဘာဝမြေသြဇာ ရရှိရေး ပိုက်ဆံလျှော်ပင်များ စိုက်ပျိုးဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စိုက်ကွင်းအတွင်း ဖြတ်သန်းစီးဆင်းသည့် အင်ဂျန်းခချောင်းအား ပြည်နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုဦးစီးဌာနမှ အရှည်ပေ ၁၀၀၀၀ ရှိ ရေနှုတ်မြောင်းတူးဖော် ဆောင်ရွက် ထားရှိမှုကို ရေနှုတ်မြောင်းတစ်လျှောက် ရေရရှိမှုအခြေအနေနှင့် လယ်ယာမြေများ အသုံးချမှုအခြေ အနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


ထို့သို့ ကြည့်ရှုစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်က အဆိုပါ စံပြစိုက်ကွက် ကွင်းဧရိယာတစ်ခု လုံးအား စိုက်ပျိုးရေလုံလောက်စွာရရှိရေး၊ နေကြာသီးနှံအပါအဝင် တစ်နှစ်သီးသုံးသီး သီးထပ် စိုက်ပျိုးနိုင်ရန် တောင်သူများအား စည်းရုံးဆောင်ရွက်သွားရေး၊ စိုက်ဧရိယာတစ်ခုလုံးအား ကျွဲ၊ နွား ဝင်ရောက်မှုမရှိစေရန် ခြံစည်းရိုးခတ်ပေးနိုင်ရေး၊ သီးနှံမျိုးကောင်းမျိုးသန့်အပါအဝင် စိုက်ပျိုးရေး သွင်း အားစုများနှင့် နည်းပညာပံ့ပိုးပေးနိုင်ရေး၊ ရေနှုတ်မြောင်း တစ်လျှောက်ဘေး ဝဲ/ယာများတွင် လူသွားလမ်းနှင့် အလှပန်းပင်များစိုက်ပျိုးဆောင်ရွက်၍ တစ်နှစ်ပတ်လုံး သီးနှံစိုက်ခင်းများဖြင့် သာယာလှပသည့် ပြည်နယ်၏ စံပြစိုက်ကွင်းတစ်ခုဖြစ်လာစေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ စိုက်ပျိုးမြေဧရိယာအတွင်း လူနေအိမ်များ ကျူးကျော်ဆောက်လုပ်မှုမရှိစေရေး ဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီ ရှင်းလင်းဆောင်ရွက်နိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)