MNP ၊ မတ် ၂၉
မွန်ပြည်နယ်၊ သထုံခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမတွင် ကျောင်းသားကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်၌ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေးရည်ရွယ်ဖွင့်လှစ်ခဲ့သည့် အခြေခံအင်္ဂလိပ်စာနှင့် ပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်က အဆိုပါခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဆင်းပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သထုံခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက လူငယ်များ နွေရာသီကျောင်းပိတ်ရက်၌ ကာယဉာဏစွမ်းရည် ဘက်စုံဖွံ့ဖြိုးတိုးတက်ကာ အနာဂတ်၌နိုင်ငံ့သားကောင်းများဖြစ်လာစေရေးရည်ရွယ်ကာ သင်တန်းကိုဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ယခုသင်ယူတတ်မြောက်ပြီးသည်တို့ကို စဉ်ဆက်မပြတ်လေ့လာကာ ပညာရေး၌ ထွန်းပေါက်အောင်သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း သင်တန်းဆင်းအမှာစကား ပြောကြားသည်။
ယင်းနောက် သင်တန်းနည်းပြ အငြိမ်းစား ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်ဆန်းက ကျောင်းသားကျောင်းသူများ ပညာရေး၊ ကာယဉာဏဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အင်္ဂလိပ်စာနှင့် ပန်းချီပညာရပ်၏ အသုံးဝင်မှုများနှင့် အကျိုးကျေးဇူးများ၊ နှစ်စဉ် နွေရာသီကျောင်းပိတ်ရက်ကာလများ၌ သင်တန်း ဖွင့်လှစ်ပေးနေမှုများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သင်တန်းသားများပါဝင်ယှဉ်ပြိုင်ခဲ့သည့် ပန်းချီပြိုင်ပွဲမှ ဆုရရှိကြသူများကို လက်ထောက်ညွှန်ကြားရေးမှူးနှင့် သင်တန်းနည်းပြတို့က ပေးအပ်ချီးမြှင့်ရာ သင်တန်းသား သင်တန်းသူများက လက်ခံရယူပြီး သင်တန်းမှပိုချပေးခဲ့သည့် အင်္ဂလိပ်စာ ကလေးကဗျာများကို တပျော်တပါး သံပြိုင်သီဆို သရုပ်ပြသခဲ့ကြသည်။
အဆိုပါသင်တန်းများကို မေလ ၁၄ ရက်နေ့မှ စတင်ကာ အခမဲ့ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ကျောင်းသား ကျောင်းသူ လူငယ် (၃၅)ဦးကျော်ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment