စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့ဝင်လမ်း ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနား တက်ရောက်ခြင်းနှင့် နမ့်ပငချောင်းရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်နေမှု၊ ဟုမ္မလင်းငါးသားပေါက်စခန်း တည်ဆောက်နေမှုများအား ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့ဝင်လမ်း ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနား တက်ရောက်ခြင်းနှင့် နမ့်ပငချောင်းရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်နေမှု၊ ဟုမ္မလင်းငါးသားပေါက်စခန်း တည်ဆောက်နေမှုများအား ကြည့်ရှုအားပေး




MNP   -   မတ်   ၃

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဟုမ္မလင်းတပ်နယ်မှတာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဟုမ္မလင်း ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဖေဖော်ဝါရီလ ၂၈ ရက် နံနက်ပိုင်းတွင် ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့ဝင်လမ်း ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနား သို့ တက်ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်နှင့် တိုင်းဒေသကြီး အနေဖြင့် မြို့ရွာများတစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လမ်းများကောင်းမွန်စေရန် အလေး ထားအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယနေ့ဖွင့်လှစ်သည့် ကွန်ကရစ်လမ်းသည် သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်းပေါ်ရှိ အရေးပါသည့် လမ်းတစ်လမ်း ဖြစ်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့မှသာ ဒေသဖွံ့ဖြိုးတိုးတက်မှုနှင့် လူမူစီးပွားဘ၀ လျှင်မြန်စွာမြင့်မားလာစေမှာဖြစ်ပါကြောင်း ပြောကြားခဲ့ သည်။


ယင်းနောက် တိုင်းဒေသကြီး လမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းသူရစိုးက ဟုမ္မလင်းမြို့ဝင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နေပြည်သူများကိုယ်စား ဦးထွန်းစီက ကျေးဇူးတင်စကား ပြန်လည်ပြော ကြားသည်။


ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ ဟုမ္မလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးရဲဝင်း၊ တိုင်းဒေ သကြီးလမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမင်းသူရစိုးနှင့် မြို့မိမြို့ဖ ဦးကျော်စွာလွင်တို့က ကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကွန်ကရစ်လမ်းအား ကြည့်ရှုစစ်ဆေးကာ ရှမ်းရိုးရာအကအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ကြ သည်။


အဆိုပါ ဟုမ္မလင်းမြို့ဝင် ကွန်ကရစ်လမ်းသည် အရှည်- ၁ မိုင် ၆ ဖာလုံ၊ အကျယ်- ၁၈ ပေ၊ ထု ၉ လက်မဖြစ်ပြီး တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေကျပ် စုစုပေါင်း ၆၅၀.၉၁၄ သန်းဖြင့် မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့သည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့နယ်၊ နမ့်ပငချောင်း အသေးစားရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းခွင်ရှင်းလင်း ဆောင်တွင် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးအဖွဲ့ တည်ဆောက်ရေး -၂ မှ တာဝန်ခံ အင်ဂျင်နီယာက တည်ဆောက်ရေးလုပ်ငန်း အကောင်အထည်ဖော်ပြီးစီးမှုနှင့် ဘဏ္ဍာနှစ် အလိုက် ဆောင်ရွက်သွားမည့်အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က နမ့်ပငချောင်း အသေးစားရေအား လျှပ်စစ် စီမံကိန်းတည်ဆောက်ပြီးစီးပါက ဟုမ္မလင်းမြို့နှင့်အနီးရှိ ကျေးရွာများမှ ဒေသခံပြည်သူလူထု အား လျှပ်စစ်မီးကိုလုံလောက်စွာ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါ၍ သက်မှတ်ကာလတွင်ပြီး စီးအောင် ဆောင်ရွက်စေလိုပါကြောင်း၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ သက်မှတ်အရည် အသွေးများနှင့် စံချိန်စံညွှန်းကိုက်ညီစွာ တည်ဆောက်ရေး၊ လုပ်ငန်းဆောင်ရွက်မှုများအပေါ် စေတနာထားဆောင်ရွက်ရေးတို့နှင့် ပတ်သက်၍ အသေးစိတ်မှာကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နမ့်ပငချောင်း အသေး စားရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား လိုက်လံ ကြည့်ရှု့စစ်ဆေးခဲ့ကြသည်။


အဆိုပါ နမ့်ပငချောင်း အသေးစား ရေအားလျှပ်စစ်စီမံကိန်းသည် ဟုမ္မလင်းမြို့၏ အနောက်ဘက် (၇.၅)မိုင် ခန့်အကွာ၊ နားသကျိုက်ကျေးရွာအနီးတွင် တည်ရှိပြီး ရေဆင်း ဧရိယာ - ၃၉၀.၇၃ စတုရန်းမိုင်၊ တမံအမျိုးအစား - Concrete Gravity Dam ဖြစ်ပြီး၊ တမံ အလျား - ၄၇၃ ပေ၊ တမံအမြင့် - ၁၁၄.၈ ပေ၊ ရေအားအမြင့် - ၈၀.၃၈ ပေ၊ ကန်ရေ ပြည့်ရေလှောင်ပမာဏ - ၁၁၃၅၂ ဧက၊ရေပိုလွှဲအမျိုးအစား - သံကူကွန်ကရစ် အမျိုးအစားဖြစ်ပြီး၊ တပ်ဆင်စက်အင် အား - ၆ မဂ္ဂါဝပ် ၂ x ၃ မဂ္ဂါဝပ် နှစ်စဉ်ပျမ်းမျှ ထုတ်နိုင်သည့် ဓာတ်အား - ၃၄.၆၈ ကီလိုဝပ်  နာရီသန်းပေါင်း  ထုတ်လုပ်နိုင်မည်ဖြစ်ပြီး စီမံကိန်းအား ၂၀၂၅ ခုနှစ်တွင် အပြီးတည်ဆောက် နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ဟုမ္မလင်းမြို့ ငါးသားပေါက်စခန်း တည်ဆောက်ရေး ရှင်းလင်းဆောင်သို့ ရောက်ရှိရာ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူးနှင့် တည်ဆောက်ရေး တာဝန်ခံတို့က ဟုမ္မလင်းငါးသားပေါက်စခန်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေ မှုနှင့် ငါးသားပေါက် ထုတ်လုပ်ဖြန့်ဖြူးပေးမည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြကြသည်။


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန် မှာကြားချက်နှင့် ဒေသ၏ငါးရိက္ခာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် ငါးမွေးမြူရေး လုပ်ငန်းရှင်များနှင့် မြစ်ချောင်းများအတွင်း ဖြည့်ဆည်းပေးမည့် ငါးသားပေါက် မွေးမြူ ထုတ်လုပ်ရေးလုပ်ငန်းသည် တိုင်းဒေသကြီးနှင့်ဒေသအတွက် အရေးကြီးသည့် လုပ်ငန်း တစ်ခုဖြစ်ပါကြောင်း၊ လုပ်ငန်းများအချိန်မီပြီးစီးရေးကို တာဝန်ရှိသူများအားလုံးမှ အလေး အနက်ထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာရုံးအဆောက်အဦ၊ ငါးသားပေါက်ရုံနှင့် မွေးမြူ ရေးကန်များတူးဖော်ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ သည်။


အဆိုပါငါးသားပေါက်စခန်းမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ၂ လက်မအရွယ် ငါးသောက်ေါက် ကောင်ရေ ၄ သိန်း (လေးသိန်း)ထုတ်လုပ်ကာ ငါးမွေးမြူရေး လုပ်ငန်းရှင် များအား ဖြန့်ဖြူးခြင်းနှင့် မြစ်ချောင်းများအတွင်းသို့ စေလွှတ်ခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော ဟုမ္မလင်းမြို့နယ်အတွင်းရှိ ငါးမွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံရာ တိုင်းဒေသကြီး  ဝန်ကြီးချုပ်က ငါးမွေးမြူမည့် လုပ်ငန်းရှင်များအနေဖြင့် ဟုမ္မလင်းနှင့်ခန္တီးအကြား ချင်းတွင်းမြစ် ရိုးတစ်လျှောက်ကိုအခြေပြုကာ ငါးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်သင့်ပါကြောင်းနှင့် လုပ်ငန်းလိုအပ်ချက်အားလုံးကိုလည်း ပံ့ပိုးဖြည့်ဆည်းပေးသွားမည် ဖြစ်ပါကြောင်း အသေးစိတ် ပြောကြား သည်။


ဆက်လက်ပြီး တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့က ဟုမ္မလင်းခရိုင် ငါးမွေးမြူထားရှိမှုနှင့် ငါးသားပေါက် ထုတ်လုပ်ပေးမည့် အခြေအနေများအား ရှင်းလင်းပြောကြားကြပြီး တွေ့ဆုံပွဲသို့ တက်ရောက် လာသည့် ငါးမွေးမြူရေးလုပ်ငန်းရှင်များက လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ငါးသားပေါက်လို အပ်မှု အခြေအနေများကို ဆွေးနွေးတင်ပြကြသည်။


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ငါးမွေးမြူရေးလုပ်ငန်းများနှင့် ပတ် သက်၍ တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။ 


 https://t.me/MyanmarNationalPost    




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)