MNP - မတ် ၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေနှင့် မြေအောက်ရေကို အမှီပြုပြီး သီးနှံဝင်ငွေတိုးပွားရေး အားထားစိုက်ပျိုးသည့် ဆောင်းကြက်သွန်နီစိုက်ခင်း များမှာ ယခုအခါ စတင်သိမ်းဆည်း လျက်ရှိကာ တစ်ဧကလျှင် ကြက်သွန်နီပိဿာချိန် ၅၀၀၀ ခန့် ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ် အနောက်လေးအိမ် ကျေးရွာမှ ဒေသခံတောင်သူများထံက သိရသည်။
“ကျွန်တော်တို့ဒေသမှာ ကြက်သွန်နီစိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်စိုက်ပျိုးကြပြီး စိုက်ပျိုးရေ အဆင်ပြေတဲ့အတွက် အောင်မြင်ဖြစ်ထွန်းမှုလဲ ရှိပါတယ်။ ကျွန်တော်တို့ဒေသမှာ ကြက်သွန်စိုက်ပျိုးရေးကိုတော့ မိုးရာသီနဲ့ ဆောင်းရာသီမှာ အားထားစိုက်ပျိုးကြပါတယ်။ ကြက်သွန်နီတစ်ဧက စိုက်ပျိုးရင် အနည်းဆုံး (၁၀)သိန်းဝန်းကျင်လောက် ကုန်ကျစရိတ် ရှိပါတယ်။ ယခုဆိုရင် တောင်သူတွေက သီးနှံဝင်ငွေ တိုးပွားရေးအတွက် အားထားစိုက်ပျိုးခဲ့တဲ့ ဆောင်းကြက်သွန်နီ စိုက်ခင်းတွေ စတင်သိမ်းဆည်းနေ ကြပြီဖြစ်ပါတယ်။ စိုက်ပျိုးရေအဆင်ပြေတဲ့အတွက် ကြက်သွန်နီ အထွက်နှုန်းလဲ ကောင်းပါတယ်။ တစ်ဧကကို ကြက်သွန်နီပိဿာချိန် ၅၀၀၀ လောက်ထွက်ရှိပါတယ်။ ကြက်သွန်နီဈေးနှုန်းက တစ်ပိဿာကို ငွေကျပ် ၁၀၀၀ ဈေးနဲ့ ရောင်းချရပါတယ်။ ကျွန်တော်တို့ဒေသမှာ တောင်သူတွေ အစိုက်များတဲ့ ကြက်သွန် ကတော့ ရွှေဖလားကြက်သွန်မျိုးဖြစ်ပြီး ထွက်ရှိတဲ့ ကြက်သွန်နီများကို မင်းဘူး၊ မကွေး၊ ရန်ကုန်နဲ့ ရခိုင်ပြည်နယ်ကို အများဆုံး တင်ပို့ရောင်းချရပါတယ်” ဟု ပွင့်ဖြူမြို့နယ် အနောက်လေး အိမ်ကျေးရွာမှ ကြက်သွန်နီ စိုက်ပျိုးတောင်သူ ဦးခင်မောင်ဇော်က ပြောသည်။
ပွင့်ဖြူမြို့နယ်တွင် ကြက်သွန်နီစိုက်ပျိုးရေးလုပ်ငန်းကို မဲဇလီကျေးရွာ၊ ဆည်တော်ကျေးရွာ၊ ကြူဝန်းကျေးရွာ၊ အနောက်လေးအိမ်ကျေးရွာ၊ ထန်းတောကျေးရွာ၊ ညောင်ပင်ဝိုင်းကျေးရွာ၊ ထူးပေါက်ကျေးရွာ၊ ကျွဲခြံကျေးရွာ၊ လယ်မကျေးရွာနှင့် မုန်းချောင်းဘေးတစ်လျှောက်ရှိ ကျေးရွာများတွင် အများဆုံးစိုက်ပျိုး ကြကြောင်း သိရပြီး ဒေသခံ တောင်သူများက သီးနှံဝင်ငွေတိုးပွားရေး မိုးရာသီနှင့် ဆောင်းရာသီတွင် ကြက်သွန်နီစိုက်ပျိုးရေးလုပ်ငန်းကို အားထား စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။
လှိုင်ဝင်းလေး
https://t.me/MyanmarNationalPost
No comments:
Post a Comment