MNP ၊ မတ် ၁၃
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ပြည်နယ်မီးသတ်ဦးစီးဌာနမှ စီစဉ်ကျင်းပသော မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် သရုပ်ပြသပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်တက်ရောက်အမှာစကားပြောကြားသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်သူများ မီးဘေးအန္တရာယ် သတိမူ စေရေးအတွက် ရပ်ကွက်အလိုက် မီးဘေးလုံခြုံရေးသတိပေးခြင်း၊ စက်ရုံ/အလုပ်ရုံ၊ ဌာနဆိုင်ရာရုံး များနှင့် ဟိုတယ်များကို စစ်ဆေးသတိပေးခြင်း၊ ဟောပြောပို့ချခြင်း၊ သရုပ်ပြသခြင်းနှင့် ဇာတ်တိုက် ခြင်းများကို သန္ဓေ/အရန်တပ်ဖွဲ့ဝင် များ၊ သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းပြီး ထိရောက်စွာ စည်းရုံးဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊ မီးလောင်မှုသဘောတရားကို ဆန်းစစ်ကြည့် မည်ဆိုလျှင် လောင်သည့်မီးကို အမြန်ဆုံးငြှိမ်းသတ် နိုင်ရေးအတွက် မီးသတ်သမား၏ ဉာဏ်ရည်သည် အဆင့်မြှင့်ပြီး အမြင်ကျယ်ရတော့မည်ဖြစ်ပါကြောင်း၊ ဒါ့အပြင် ခေတ်စနစ်နှင့် အညီ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာပညာရပ်များကို ကျွမ်းကျင်ပိုင်နိုင်မှုရှိ အောင် ကြိုးပမ်းလေ့လာ ဆောင်ရွက်ထားကြရန်နှင့် ဟန်ချက်ညီညီကူညီ ကယ်တင်ဆောင်ရွက်နိုင်ရေး အလေး အနက် မှာကြားလိုပါကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်မီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦးက မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် မီးလောင်မှု ဖြစ်ပွားလေ့ရှိသည့် ဖြစ်ရပ်ဖြစ်စဉ်များ၊ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ မီးဘေးကြောင့် ထိခိုက်ဆုံးရှုံးမှု နှင့် ဘေးကင်းလုံခြုံစေရေးအတွက် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် အတည်ပြုထုတ်ပြန် ပြဋ္ဌာန်းထားသည့် Myanmar Fire Safety Code 2020 ပါ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ မြို့တော်ခန်းမဝင်းအတွင်း မီးငြှိမ်းသတ်ရေးသရုပ်ပြခြင်းကို မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများက မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်ခြင်း၊ ဆီမီးလောင်မှုဖြစ်စဉ် အပေါ် လက်တွေ့မီးငြှိမ်း သတ်လေ့ကျင့်ခြင်း၊ ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဝယ်ယူဖြည့်တင်းပေးခဲ့သော Unmanned Fire Fighting Robot (LUF Micro) ၏ မီးငြှိမ်းသတ်မှု စွမ်းရည်သရုပ်ပြခြင်းများကို ပြသခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ် မီးသတ် တပ်ဖွဲ့အတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးဆပ်ကော်မတီနှင့် ပြည်နယ်ဖူဆယ် ဆပ်ကော်မတီတို့က ကြီးမှူးဖွင့်လှစ်သည့် ပြည်နယ်အတွင်းရှိ မြို့နယ်များမှ ဘောလုံးအားကစားသမားများ တက်ရောက်ကြသည့် အာရှဘောလုံးအဖွဲ့ချုပ်(AFC) အသိအမှတ်ပြု ဖူဆယ်နည်းပြသင်တန်း(AFC Futsal Level-1 Coaching Certificate Course)ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် သင်တန်းနည်းပြများနှင့် သင်တန်းသားများက တစ်ဦးချင်းဆီ မိတ်ဆက်ခဲ့ကြပြီး ပြည်နယ် ဖူဆယ်ကော်မတီဥက္ကဋ္ဌ ဦးခွန်သန့်စင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်၊ ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးဆပ်ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ရဲမွန်ထွဋ်က ဖူဆယ်ဘောလုံး အားကစား မြှင့်တင်နိုင်ရေး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် သင်တန်းများ ဖွင့်လှစ်ပေးနိုင်ခဲ့မှု အခြေအနေ များကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ တက်ရောက်လာကြသည့် သင်တန်းသားများအနေဖြင့် သင်တန်းမှ တစ်ဆင့် နည်းပြဆရာကောင်းများအဖြစ် သင်ယူလေ့လာခဲ့မှုများကို မိမိတို့နှင့် သက်ဆိုင်ရာ မြို့နယ်များတွင် ပြန်လည်သင်ကြားပေးခြင်းဖြင့် ကချင်ပြည်နယ်၏ ဖူဆယ်အားကစားနည်း အဆင့်အတန်းတိုးတက် မြင့်မားရေး ကို တာဝန်တစ်ရပ်အနေဖြင့် ကြိုးစားဆောင်ရွက်သွားကြရန် အလေးအနက်ထား တိုက်တွန်းလိုကြောင်း မှာကြား သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဖူဆယ်နည်းပြသင်တန်းအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းနှင့် ဖူဆယ် ဘောလုံးများ၊ သင်ထောက်ကူပစ္စည်းများကို ပြည်နယ်ဖူဆယ်ဆပ်ကော်မတီဥက္ကဋ္ဌထံ ထောက်ပံ့ပေးအပ်ပြီး တာဝန်ရှိသူများနှင့် အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်ဘောလုံး ဆပ်ကော်မတီတာဝန်ရှိသူများ၊ ဒေသခံဘောလုံးအားကစား ဝါသနာရှင်များနှင့်အတူ မတ် ၁၂ ရက် ညနေ ၃ နာရီက ပြည်သူ့အားကစားကွင်း၌ ဒေသခံစီးပွားရေး လုပ်ငန်းရှင်များက ကြီးမှူးကျင်းပသည့် ဒုတိယအကြိမ်မြောက် အမှတ်ပေးအမျိုးသား (အလွတ်တန်း) ဘောလုံး ပြိုင်ပွဲဖြစ်သည့် မနောလိဂ်ဘောလုံးပြိုင်ပွဲ နောက်ဆုံးပွဲစဉ်အဖြစ် နောင်ရာ FC အသင်းနှင့် လဝမ်FC အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ ကြသည်။
အဆိုပါ ဒုတိယအကြိမ် မနောလိဂ်ဘောလုံးပြိုင်ပွဲကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့မှ စတင် ကျင်းပခြင်း ဖြစ်ပြီး ဒေသခံဘောလုံးကလပ်ပေါင်း ၇ ခုမှ အသင်း ၇ သင်းဖြင့် ယှဉ်ပြိုင်ကစားခဲ့ရာ နောက်ဆုံးပွဲစဉ်အဖြစ် နောင်ရာFC အသင်းနှင့် လဝမ်FC အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ နောင်ရာ FC အသင်းက ၄ ဂိုး ၁ ဂိုးဖြင့် ပွဲစဉ် ၁၂ ပွဲတွင် ရမှတ်ပေါင်း ၂၆ ဖြင့် အမှတ်ပေးဖလားကို ဆွတ်ခူး ရရှိ သည်။
ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ မနောလိဂ်ကျင်းပရေး ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူ များက ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့သူများနှင့် အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများကိုလည်းကောင်း၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံး ဆပ်ကော်မတီဥက္ကဋ္ဌနှင့် မနောလိဂ်ပြိုင်ပွဲ ကျင်းပရေး ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နေရာအလိုက် အကောင်းဆုံးကစားသမားဆုများနှင့် ပွဲစဉ် တစ်လျှောက်အကောင်းဆုံးကစားသမားဆုများကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်တို့က အသန့်ရှင်းဆုံးအသင်းဆု၊ တတိယဆုရအသင်း၊ ဒုတိယဆုရအသင်းတို့အား လည်းကောင်း တစ်ဦးချင်းလည် ဆွဲဆုတံဆိပ်၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ချန်ပီယံဆုရရှိသော နောင်ရာ FC အသင်းအား အမှတ်ပေး ဆုဖလားနှင့် ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း ၅၀ ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment