သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ အရည်အချင်းပြည့်မီသည့် လူ့စွမ်းအားအရင်းအမြစ်များ စဉ်ဆက်မပြတ် မွေးထုတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ အရည်အချင်းပြည့်မီသည့် လူ့စွမ်းအားအရင်းအမြစ်များ စဉ်ဆက်မပြတ် မွေးထုတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ပြောကြား


MNP ၊ မတ် ၂၅

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ စီမံကိန်း ၂၀၂၂ ဖြင့် ဆောင်ရွက်သည့် မြန်မာ့ သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှု ဖွံ့ဖြိုးတိုးတက်ရေးလမ်းပြမြေပုံရေးဆွဲခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့က နေပြည်တော်ရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက နိုင်ငံတော်ရှိ ကြွယ်ဝပြီးဖြစ်သည့် သဘာဝအရင်းအမြစ်များမှတစ်ဆင့် ဒေသထုတ်ကုန်များ အကျိုးရှိစွာ ထုတ်လုပ်ကာ သွင်းကုန်အစားထိုး၍ ပို့ကုန်များ စဉ်ဆက်မပြတ် မြှင့်တင်ထုတ်လုပ်ရေး၊ အမျိုးသား အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်စေရေး၊ အဓိကမောင်းနှင်အားများဖြစ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း(MSME)များ ရေရှည်ဖွံ့ဖြိုး တိုးတက်စေရေးအတွက် သိပ္ပံနှင့်နည်းပညာရှင်များ၊ သုတေသီများ၊ တာဝန်ရှိသူများ၊ စွန့်ဦးတီထွင် လုပ်ငန်းရှင်များအားလုံး လက်တွဲညီညီဖြင့် ပူးပေါင်းကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း။

ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် တည်ဆောက်ရာတွင် လိုအပ်သည့် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ အရည်အချင်း ပြည့်မီသည့် လူ့စွမ်းအားအရင်းအမြစ်များ စဉ်ဆက်မပြတ် မွေးထုတ်နိုင်ရေးကြိုးပမ်းဆောင်ရွက်ရန်၊ လက်ရှိပညာရှင်ကြီးများက မျိုးဆက်သစ်လူငယ်များအား မွေခံထိုက်စေဖြစ်စေရေး မြေတောင်မြှောက်ပေးကာ နိုင်ငံတကာ စွန့်ဦးတီထွင် နည်းပညာ ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန်နှင့် နိုင်ငံ့ဂုဏ်ဆောင်ဆုများ ဆွတ်ခူးရရှိစေရေး အလေးထားဆောင်ရွက်ကြရန်၊ စိုက်ပျိုးရေးနှင့် စက်မှုကဏ္ဍများ ဖွံ့ဖြိုးလာပြီး ပြည်တွင်းကုန်ထုတ်လုပ်မှုဆိုင်ရာ အရည်အသွေးများ တိုးတက်မြင့်မားကာ နိုင်ငံတကာ ဈေးကွက်တွင် ရင်ပေါင်တန်း ယှဉ်ပြိုင်နိုင်စေရန်အတွက် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သုတေသန ရလဒ်များမှ နည်းပညာဖြန့်ဝေခြင်းနှင့်နည်းပညာ လွှဲပြောင်းခြင်းလုပ်ငန်းများ စနစ်တကျဆောင်ရွက်သွားရန် လိုအပ်ကြောင်း။

ယနေ့ အလုပ်ရုံဆွေးနွေးပွဲမှ ရေရှည်တည်တံ့သော စွန့်ဦးတီထွင်ဂေဟစနစ် ဖွံ့ဖြိုးတိုးတက် လာစေမည့်နည်းလမ်းများ၊ နိုင်ငံတော်တွင် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုများ ရရှိနိုင်စေရန် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုတိုးတက်ရေး လမ်းပြမြေပုံရေးဆွဲခြင်းအတွက် အထောက်အပံ့ ကောင်းများရရှိမည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

အဆိုပါဆွေးနွေးပွဲသို့ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ပညာရှင်များ၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့မှ ပါမောက္ခများ၊ စိုက်ပျိုးရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ UMFCCI စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းနှင့် ပုဂ္ဂလိကအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ Keynote speakers များ စုံလင်စွာ တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)