(၇၈) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပျဉ်းမနားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းဆောင်သစ် (၃) ဆောင်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၈) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပျဉ်းမနားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းဆောင်သစ် (၃) ဆောင်ဖွင့်လှစ်





MNP ၊ မတ် ၂၇

(၇၈) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပျဉ်းမနားမြို့နယ်အတွင်းရှိ ဈေးကုန်း အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၏ ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက အဆိုပါကျောင်းဆောင်သစ်တွင် ကျင်းပသည်။


အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ ဦးကျော်သိန်းဆိုင်၊  ပျဉ်းမနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်သန်းနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က အမှာစကားပြောကြားရာတွင် အခြေခံပညာသင်ကြားရေးကဏ္ဍတွင် ကျောင်းနေအရွယ်ကလေးများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး အတွက် စာရေးကိရိယာများ၊ စာသင်ခုံများ၊ စာသင်ဆောင်၊ စာသင်ခန်းများ ပြည့်စုံလုံလောက်မှုရှိရန် လိုအပ်သည့်အတွက်  နိုင်ငံတော်အစိုးရမှ နှစ်စဉ်ကျောင်းများ အဆင့်တိုးပေးခြင်း၊ ကျောင်းဆောင်သစ်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်း၊ စာသင်ခုံ၊ စာရေးခုံများ ဖြည့်ဆည်းပေးခြင်းတို့ကို ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊  KG+12 ပညာရေးစနစ်သစ်အရ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တိုးပွားလာမည့် ကျောင်းသားဦးရေနှင့် ညီမျှအောင်စာသင်ဆောင်၊ စာရေးခုံလိုအပ်ချက်များအား လျာထားတွက်ချက်ပြီး  ပျဉ်းမနားမြို့နယ်အတွင်းရှိ စာသင်ကျောင်းဆောင် လိုအပ်နေသော ကျောင်း(၂၅)ကျောင်းကို နေပြည်တော်ကောင်စီ၏ဘတ်ဂျက်မှ ချထားဆောင်ရွက်ပေးလျက်ရှိရာ ယခုကျောင်းဆောင်သစ်ကြီးလည်း အပါအဝင်ဖြစ်ပါကြောင်း၊ ယနေ့ဖွင့်လှစ်လိုက်သည့် ကျောင်းဆောင်သစ်အား ရေရှည်တည်တံ့ခိုင်မြဲအောင် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ဒေသအာဏာပိုင် အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများက ဝိုင်းဝန်းစောင့်ရှောက်ပေးကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် ကျောင်းဆောင်သစ်ဖွင့်လှစ်ပေးရခြင်းနှင့်ပတ်သက်၍ ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူး တင်စကား ပြန်လည်ပြောကြားသည်။


ယင်းနောက် ကျောင်းဆောင်သစ်အား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ဆွေဦးနှင့် ပြည်မိုးကျော် ကုမ္ပဏီမှ မန်းနေးဂျင်းဒါရိုက်တာ ဦးသန်းထက်အောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကျောင်းဆောင်သစ်နှင့်ပတ်သက်သည့်အထောက်အထားများအား ပြည်မိုးကျော်ကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဦးသန်းထက်အောင်က လွှဲပြောင်းပေးအပ်ရာ ပျဉ်းမနားမြို့နယ် ပညာရေးမှူး ဦးတင်စန်းက လက်ခံရယူခဲ့သည်။


ဆက်လက်၍ နှမ်းတောအခြေခံပညာမူလတန်းကျောင်း ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို နံနက် ၁၀ နာရီတွင် အဆိုပါကျောင်းဆောင်သစ်၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က တက်ရောက် အမှာစကားပြောကြားသည်။


ထို့နောက် ကျောင်းဆောင်သစ်အား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ဆွေဦးနှင့် The Three & Sun ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဒေါ်စုလတ်ဖြူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကျောင်းဆောင်သစ်နှင့်ပတ်သက်သည့်အထောက်အထားများအား The Three & Sun ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဒေါ်စုလတ်ဖြူက လွှဲပြောင်းပေးအပ်ရာ ပျဉ်းမနားမြို့နယ် ပညာရေးမှူး ဦးတင်စန်းက လက်ခံရယူခဲ့သည်။


ယင်းနောက် ဇောင်ချမ်းကုန်း အခြေခံပညာမူလတန်းကျောင်း ကျောင်းဆောင်သစ် ဖွင့်ပွဲ အခမ်းအနားကို နံနက် ၁၁ နာရီခွဲတွင် အဆိုပါကျောင်းဆောင်သစ်၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်တက်ရောက်  အမှာစကားပြောကြားသည်။


ဆက်လက်၍ ကျောင်းဆောင်သစ်အား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ဆွေဦးနှင့် တော်ဝင်ထီးလှိုင်ကုမ္ပဏီမှ မန်းနေးဂျင်းဒါရိုက်တာ ဦးတင်မောင်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကျောင်းဆောင်သစ်နှင့်ပတ်သက်သည့်အထောက်အထားများအား တော်ဝင်ထီးလှိုင် ကုမ္ပဏီမှ မန်းနေးဂျင်းဒါရိုက်တာ ဦးတင်မောင်ဦးက လွှဲပြောင်းပေးအပ်ရာ ပျဉ်းမနားမြို့နယ် ပညာရေးမှူး ဦးတင်စန်းက လက်ခံရယူခဲ့သည်။


ပျဉ်းမနားမြို့နယ်အတွင်းရှိ ဈေးကုန်းအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ရှိ (၁၀၀ × ၃၀ ပေ) Steel Structure တစ်ထပ်ကျောင်းဆောင်သစ်အား နေပြည်တော်ကောင်စီ၏ ခွင့်ပြုရန်ပုံငွေ (၆၈ ဒသမ ၃၅၀) သန်းဖြင့် ပြည်မိုးကျော် ကုမ္ပဏီကလည်းကောင်း ၊ နှမ်းတောအခြေခံပညာမူလတန်းကျောင်းရှိ (၁၀၀ × ၃၀ ပေ) Steel Structure တစ်ထပ်ကျောင်းဆောင်သစ်အား နေပြည်တော်ကောင်စီ၏ ခွင့်ပြုရန်ပုံငွေ (၆၈ ဒသမ ၃၅၀) သန်းဖြင့်  The Three & Sun ကုမ္ပဏီက လည်းကောင်း ၊ ဇောင်ချမ်းကုန်း အခြေခံပညာမူလတန်းကျောင်းရှိ (၁၀၀ × ၃၀ ပေ) RCC တစ်ထပ်ကျောင်းဆောင်သစ်အား နေပြည်တော်ကောင်စီ၏ ခွင့်ပြုရန်ပုံငွေ (၇၇ ဒသမ ၉၉၉) သန်းဖြင့်  တော်ဝင်ထီးလှိုင် ကုမ္ပဏီက လည်းကောင်း တာဝန်ယူတည်ဆောက်ခဲ့ကြကြောင်း သိရသည်။


မျိုးသီဟ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)