(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကျွန်းစုမြို့နယ် ပထက်ကျေးရွာရှိ အ.ထ.က(ပထက်) ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲသို့ တနင်္သာရီတိုင်း‌ ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကျွန်းစုမြို့နယ် ပထက်ကျေးရွာရှိ အ.ထ.က(ပထက်) ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲသို့ တနင်္သာရီတိုင်း‌ ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို တက်ရောက်







MNP ၊ မတ် ၂၈

တနင်္သာရီတိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် ကမ်းရိုးတန်းဒေသတိုင်း‌စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ကျွန်းစုမြို့နယ် ပထက်ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း ကျွန်း‌ရွှေဝါ ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲသို့ တက်ရောက်ခဲ့သည်။


အ.ထ.က (ပထက်) ကျောင်းဆောင်သစ်သည် အလျား(၂၄၀)ပေ၊ အနံ(၃၀)ပေ၊ အမြင့်(၂၄)ပေ နှစ်ထပ် ကျောင်းဆောင်ဖြစ်ပြီး အဆိုပါကျောင်းဆောင်သစ်ကို ပြည့်ဖြိုးထွန်းအင်တာနေရှင်နယ် ကုမ္ပဏီလီမိတက် မိသားစုမှ ကျပ်(၉၄၅၁)သိန်းဖြင့် လှူဒါန်းဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် အခြေခံပညာဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းဖြစ်သည်။


ရှေးဦးစွာ ကျောင်းဆောင်သစ်အား တိုင်းမှူး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကမ္ဗည်းမော်ကွန်းကျောက်စာ အား စက်ခလုတ်နှိပ်ဖွင့် လှစ်ပေး၍ အမွေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။ ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကွန်ပျူတာအခန်း၊ Language Lab အခန်း၊ သိပ္ပံခန်း၊ အနုပညာပန်ချီခန်းများကို ကြည့်ရှုအားပေးခဲ့ကြပြီး ကျောင်းဆောင်သစ်အား လွှဲပြောင်းပေးအပ်ပွဲ ဆက်လက်ကျင်းပရာ ကျောင်းသား/သူများက ပြည်မြန်မာသီချင်းဖြင့် သီဆိုဖွင့်လှစ်ကြသည်။


ထို့နောက် ဝန်ကြီးချုပ် ဦးမြတ်ကိုက  ပထက်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းသည် ၂၀၂၀ ခုနှစ်တွင် နိုင်ငံတော်အဆင့် ( Clean and Green ) သန့်ရှင်းသပ်ရပ်၍ စိမ်းလန်း စိုပြည်သောကျောင်း ပထမဆုကို ရရှိခဲ့ကြောင်း၊ ဒါ့အပြင် ဘက်စုံထူးချွန်သော ကျောင်းသား/သူများကိုလည်း မွေးထုတ်ပေးနေသည်ကိုလည်း သိရှိရသဖြင့် ဝမ်းသာပီတိ ဖြစ်ရကြောင်း၊ ကျောင်းအုပ်ကြီးနှင့် ဆရာ/မများ၊ ကျောင်းအကျိုးတော်ဆောင်၊ မိဘဆရာ အသင်း၊ ရပ်သူရွာသားများအနေဖြင့် အလှူရှင်များ၏ စေတနာကို လေးစားတန်ဖိုးထားသော အားဖြင့် ထူးချွန်ထက်မြက်သည့် သားကောင်းသမီးမွန်များ ပေါ်ထွန်းလာရေး ကဏ္ဍအလိုက် ကြိုးစားအားထုတ်ပေးကြပါရန် တိုက်တွန်းလိုကြောင်း၊ နိုင်ငံ၏ အနာဂတ်မျိုးဆက်သစ် ကျောင်းသား/သူများအတွက် အေးချမ်းပျော်ရွင်စွာ ပညာသင်ကြားနိုင်ရေးကို ရည်သန်၍ ကျောင်းဆောင်သစ် လှူဒါန်းပေးပါသော ပြည့်ဖြိုးထွန်းအင်တာနေရှင်နယ်ကုမ္ပဏီ လီမိတက် မိသားစုများအား အထူးကျေးဇူးတင်မိပါကြောင်း ပြောကြားသည်။  


ဆက်လက်၍ ကျောင်းဆောင်သစ်အလှူရှင် ပြည့်ဖြိုးထွန်းအင်တာနေရှင်နယ် ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဒေါက်တာအောင်လွင်က ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်‌ပြပြီး တိုင်းဒေသကြီး ပညာရေးမှူး ဦးဝင်းနောင်က ကျေးဇူးတင်စကားပြောကြား၍ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးလှသန်းက ကျောင်းသမိုင်းကို ရှင်းလင်းတင်ပြသည်။


ဆက်လက်၍ ကျောင်းဆောင်သစ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို အလှူရှင် (ဦးရွှေကျင်)+ ဒေါ်တင်နာ၊ ဒေါက်တာအောင်လွင်+ဒေါ်သက်စန္ဒာ၊ ဦးလှသန်း+ဒေါ်ခင်သန်းရီ ပြည့်ဖြိုးထွန်းအင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်မိသားစုက လွှဲပြောင်းပေးအပ်ရာ တိုင်းဒေသကြီး ပညာရေးမှူးက လက်ခံရယူသည်။ ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အထက(ပထက်)သို့ ထောက်ပံ့သည့် ကွန်ပျူတာ(၁၀)စုံကို ဝန်ကြီးချုပ်က ပေးအပ်ပြီး ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှ ထောက်ပံ့သည့် ကွန်ပျူတာ(၅)စုံကို တိုင်းမှူးက ပေးအပ်ကြရာ ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌက လက်ခံရယူသည်။


ဆက်လက်၍ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများတို့က အထက(ပထက်) ကျောင်းသား/သူများအတွက် ကျောင်းသုံးဗလာစာအုပ်နှင့် ခဲတံများ၊ ဆရာ/မများအတွက် ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်ကြရာ ဆရာ/မများနှင့် ကျောင်းသား/သူများက လက်ခံရယူခဲ့ကြသည်။


ထို့နောက် အလှူရှင်မိသားစုက အ.ထ.က(ပထက်) ပညာရေးငွေပဒေသာပင်အတွက် ကျပ်သိန်း(၂၀၀)၊ ကျောင်းဘက်စုံဖွံ့ဖြိုးရေးအတွက် (၅၂၃)သိန်းတန်ဖိုးရှိ ကျောင်းသုံးပရိဘောဂများ၊ အလှူရှင်များက ပညာရေးငွေ ပဒေသာပင်အတွက် ကျပ်သိန်း(၆၀) လှူဒါန်းပေးအပ်ခဲ့ကြရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မေမြင့်လွင်နှင့် တာဝန်ရှိသူများက လက်ခံရယူကြပြီး ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌက ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ အထိမ်းအမှတ် အလံများကို ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား ပေးအပ်၍ ကျောင်းသား/သူများက “ သာယာလှပေပထက်ကျွန်းမြေ ” သီချင်းဖြင့် သီဆိုကပြ ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။


ခိုင်ထူး 

 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)