ပုဏ္ဏားကျွန်းမြို့ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ဦးရာဇ်တော်ဓာတ်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ဦးရာဇ်တော်ဓာတ်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပ





MNP ၊ မတ် ၂၆

       ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တစ်ဖက်ကမ်းရှိ ရှေးဟောင်းသမိုင်း ဝင် ဆုတောင်းပြည့် ဦးရာဇ်တော်ဓာတ်စေတီတော်မြတ်ကြီးဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကို ယနေ့၊ နံနက်(၉)နာရီက စ၍ ဗုဒ္ဓဘိသေက အနေကဇာတင်လှူပွဲ၊ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ၊ ရခိုင်ရိုးရာကျင်ပွဲနှင့်ကျား/မလွန်ဆွဲပွဲတို့ဖြင့် အထူးစည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။


   ဗုဒ္ဓပူဇနိယပွဲတော်ကို ဦးရာဇ်တော်စေတီတော်မြတ်ကြီး၏ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့ရာ မြို့နယ်သံဃာ့နာယဆရာတော်ကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိ မြို့ဖများနှင့်အလှူရှင်များ တက်ရောက်ခဲ့ကြပြီး၊ ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်ကျော်အေးက သာသနာရေးဆိုင်ရာ ကိစ္စရပ်များအားရှင်းလင်းတင်ပြကာ ပင့်ဖိတ်သံဃာတော်များထံမှ မေတ္တာသုတ်ပရိတ်တရား တော်များကိုနာယူခဲ့ကြသည်။ ဆက်လက်၍ နေ့လည်ပိုင်းတွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ၊ ရခိုင်ရိုးရာကျင်ပွဲ၊ ကျား/မ လွန်ဆွဲပွဲတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။


အဆိုပါဘုရားပွဲတော်ကို နှစ်စဉ်နှစ်တိုင်း အစဉ်လာမပျက် စည်းကားသိုက်မြိုက်စွာဖြင့် ကျင်းပလျက်ရှိပြီး၊ ဦးရာဇ်တော်ဓာတ်စေတီတော်မြတ်ကို သေလာပိဌိ ပဗ္ဗတတောင်ထိပ်တွင် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဦးခွံတော်ကိုဌာပနာပြု၍ တတိယဓညဝတီခေတ် ၏ ခြောက်ဆက် မြောက် ဓညဝတီပြည်ရှင် သူရိယစက္ကမင်းကြီးက သာသနာသက္ကရာဇ် ၂၂၂ ခုနှစ်၊ တန်ဆောင် မုန်းလပြည့်ကျော်(၁)ရက်နေ့က စတင်တည်ထားကိုးကွယ်ခဲ့ပြီး၊ မြောက်ဦးခေတ် ရခိုင်ဘုရင် မင်းဗာကြီး၏ သားတော် ငါးဆက်မြောက် ဘုရင် မင်းဖလောင်းရာဇာက ကောဇာသက္ကရာဇ် ၉၅၃ ခု၊ တန်ဆောင်မုန်းလပြည့်ကျော်(၁)ရက် (ခရစ်နှစ် ၁၅၉၁ ခု)တွင် ယခင်စေတီငယ်အား ကျောက်ညို ကျောက်သားများအတိဖြင့် အမြင့် သံတောင် ၁၀၀(၁၅၃ ပေ)၊ လုံးပတ်တော် မင်းလံ ၈၀(၄၀၀ ပေ)ရှိ ရှေးဟောင်းသမိုင်းဝင် မဟာဆုတောင်းပြည့် စေတီတော်တစ်ဆူဖြစ် ကြောင်း ဘုရားသမိုင်းအထောက်အထားအရ လေ့လာသိရှိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)