သံတွဲ-ကျောက်ကြီး ၆၆ ကေဗွီအေ ဓာတ်အားလိုင်း (၁၆.၆၇) မိုင် တည်ဆောက်ခြင်း လုပ်ငန်းအတွက် တောင်သူ (၁၂၄) ဦးအား မြေယာ/ သီးနှံလျော်ကြေးပေးအပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲ-ကျောက်ကြီး ၆၆ ကေဗွီအေ ဓာတ်အားလိုင်း (၁၆.၆၇) မိုင် တည်ဆောက်ခြင်း လုပ်ငန်းအတွက် တောင်သူ (၁၂၄) ဦးအား မြေယာ/ သီးနှံလျော်ကြေးပေးအပ်ပွဲကျင်းပ


MNP ၊ မတ် ၂၇

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများ လျှပ်စစ်မီးရရှိရေးအတွက် သံတွဲ-ကျောက်ကြီး ၆၆ ကေဗွီအေ ဓာတ်အားလိုင်း (၁၆.၆၇) မိုင် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် လယ်၊ ဥယျာဉ် မြေနှင့် ကိုင်းမြေများအတွက် ကျေးရွာအုပ်စု (၅) အုပ်စုမှာ တောင်သူ ၁၂၄ ဦးအတွက် မြေယာ၊ သီးနှံလျော်ကြေးပေးအပ်ပွဲကို မတ်လ ၂၅ ရက်နေ့နံနက် ၁၀ နာရီက သံတွဲခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ဝင်းဗိုလ်က မြေယာ/ သီးနှံ‌လျော်ကြေးငွေ ပေးအပ်ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။ ထို့နောက် ရခိုင်ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲနိုင်က တောင်သူများအား  မြေယာ/သီးနှံ လျော်ကြေးငွေ ပေးအပ်နိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်ရမှု အခြေအနေများနှင့် လုပ်ထုံးလုပ်နည်း၊ ငွေစာရင်း စည်းမျဉ်းစည်းကမ်းဆိုင်ရာများကို ရှင်းလင်း ပြောကြားခဲ့သည်။


ဆက်လက်၍ မြေယာ/သီးနှံလျာ်ကြေးငွေများကို ပေးအပ်ရာ နန်ချောင်းကျေးရွာအုပ်စုမှ တောင်သူ (၁၄)ဦးအတွက် လျော်ကြေးငွေ ငွေကျပ် ၁၃၂၄၀၀ဝိ/-(တစ်ဆယ့်သုံးသိန်းနှစ်သောင်း လေးထောင်)၊  ပဒဲကောကျေးရွာအုပ်စုမှ တောင်သူ(၂၉)ဦးအတွက် ငွေကျပ်  ၄၈၃၂၅၀ဝိ/- (လေးဆယ့်ရှစ်သိန်း သုံးသောင်းနှစ်ထောင့်ငါးရာ)၊ သာယာကွင်းကျေးရွာအုပ်စုမှ တောင်သူ (၁၅)ဦးအတွက် ၁၁၆၇၅၀ဝိ/- ငွေကျပ် (တစ်ဆယ့်တစ်သိန်းခြောက်သောင်းခုနှစ်ထောင်ငါးရာ)၊ မဲနယ်ကွင်းကျေးရွာအုပ်စုမှ တောင်သူ (၃၀) ဦးအတွက်  ငွေကျပ် ၉၁၈၇၅၀ဝိ/- (ကိုးဆယ့်တစ်သိန်း ရှစ်သောင်း ခုနှစ်ထောင်ငါးရာ) နှင့်  ကညင်ကွင်းကျေးရွာအုပ်စုမှ တောင်သူ (၃၆) ဦးအတွက် ငွေကျပ် ၈၁၇၄၀၀ဝိ/- (ရှစ်ဆယ့်တစ်သိန်းခုနှစ်သောင်းလေးထောင်) စုစုပေါင်း တောင်သူ (၁၂၄)ဦးအတွက် လျော်ကြေးငွေ ၂၄၆၈၅၅၀ဝိ/- (ငွေကျပ် နှစ်ရာလေးဆယ့်ခြောက်သိန်း ရှစ်သောင်းငါးထောင်ငါးရာ) တိတိကို သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ဝင်းဗိုလ်နှင့်အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲနိုင်၊ ခရိုင်လျှပ်စစ် အင်ဂျင်နီယာ ဦးတင်မြင့်အေး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် တာဝန် ရှိသူများက တောင်သူတစ်ဦးခြင်း လက်ဝယ်ရောက်စနစ်တကျ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။


အဆိုပါ မြေယာ/သီးနှံလျာ်ကြေးငွေ ပေးအပ်မှုအပေါ် ဒေသခံတောင်သူများ၏ ရင်းတွင်းစကားသံကို ယခုလိုကြားသိခဲ့ရပါသည်။


သံတွဲမြို့နယ် မဲနယ်ကွင်းကျေးရွာအုပ်စုမှ တောင်သူဦးတင်ဖေက ယခုလိုကျွန်တော်တို့အပေါ် နိုင်ငံတော်က ထောက်ပံ့ကြေးအနေနဲ့ပေးသည့်အတွက် အားလုံးဝမ်းသာအားရ ဖြစ်မိပါကြောင်း၊ ကျွန်တော်တို့ကလည်း နိုင်ငံတော်အပေါ် ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ကြည်ကြည်ဖြူဖြူနဲ့ ဝမ်းမြောက်ဝမ်းသာပေးအပ်နိုင်ပါကြောင်းနှင့် ယခုလို ၂၄ နာရီ လျှပ်စစ်မီး ရရှိသည့်အတွက် ပိုပြီးဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်း၊ အရင်အချိန်က လျှပ်စစ်မီးမရရှိခဲ့ပါ၊ ယခုမီးရရှိသည့် အတွက် နေချင်သလိုနေ စားချင်သလိုစား ဆိုသလို ထင်းဖိုးကုန်ကျမှုမရှိဘဲ ထမင်းဟင်းများကို လွယ်ကူစွာချက်ပြုတ်စားသောက်နေထိုင်နိုင်ပြီး ဖြစ်သည့်အတွက် နိုင်ငံတော်အကြီးအကဲများ ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ မဲနယ်ကွင်းကျေးရွာအုပ်စုမှ တောင်သူ ဦးတင်လှက နိုင်ငံတော်က ပေးသည့် မြေယာ/ သီးနှံလျာ်ကြေးငွေ (ငါးသောင်းကျပ်တိတိ) ကို ရရှိပါကြောင်း၊ နိုင်ငံတော်က အခုလို မြေယာလျော်ကြေးငွေများ ပေးအပ်သည့်အတွက် အထူးဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်း၊ နိုင်ငံတော်က ပြည်သူတွေအပေါ် ယခုလိုစနစ်တကျ ပေးအပ်သည့်အတွက် နိုင်ငံတော်အကြီးအကဲ များအား ကျေးဇူးအထူးတင်ရှိကြောင်းပြောကြားခဲ့ပါသည်။


သန့်ဇင်

 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)