စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၁၃၈၄-ခုနှစ်၊ ၂၀၂၃-ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ကျင်းပရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်ခြင်းနှင့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၁၃၈၄-ခုနှစ်၊ ၂၀၂၃-ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ကျင်းပရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်ခြင်းနှင့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားတက်ရောက်







MNP ၊ မတ် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မြန်မာသက္ကရာဇ် ၁၃၈၄-ခုနှစ်၊ ၂၀၂၃-ခုနှစ်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကျင်းပရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ ၁၅ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများတက် ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား စည်စည်ကားကားကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူများအားလုံးက အလေးအနက်ထားကာ ပြင်ဆင်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ပေးကြမည့် တာဝန်ရှိသူများအနေဖြင့် ပြည်သူများ၏ တစ်နှစ်တာကာလအတွင်း မွန်းကြပ်မှုများပြေပျောက်ပြီး စိတ်လန်းဆန်းပျော်ရွှင်အောင် အကောင်းဆုံးစီမံဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ ဖျော်ဖြေမှုများအတွက် နိုင်ငံကျော် ရုပ်ရှင်၊ ဗွီဒီယိုသရုပ်ဆောင်နှင့် အဆိုတော်မင်းသား၊မင်းသမီများ ပါဝင်မှာဖြစ်ပါကြောင်း၊ ယိမ်းအကနှင့်အဆိုပြိုင်ပွဲများကိုလည်း ထည့်သွင်းယှဉ်ပြိုင်ခြင်းဖြင့် စည်းလုံးမှုနှင့် ယှဉ်ပြိုင်လိုစိတ်ရှိအောင် ဆောင်ရွက်ပေးမှာဖြစ်ပါကြောင်း၊ ဖျော်ဖြေရေး၊ ရေကစားနှင့်စတုဒီသာကျွေးမွေးမှုမဏ္ဍပ်များကို တဆက်တစပ်တည်း ဆောင်ရွက်ပေးကာ လမ်းလျှောက်သွားလာရင်းဖြင့် ပျော်ရွှင်မှုများရရှိအောင် စီမံထားရှိပါကြောင်း၊ သင်္ကြန်ကာလအပြီးနှစ်ဆန်းတစ်ရက်နေ့တွင်လည်း ဇီဝိတဒါနငါးလွှတ်ခြင်း၊ သက်ကြီးပူဇော်ကန့်တော့ခြင်းနှင့် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ခြင်းများကိုလည်း ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများကိုစနစ်တကျအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကော်မတီအသီးသီးဖွဲ့စည်းတာဝန်ပေးထားပြီး တာဝန်ရှိသူများအနေဖြင့်လည်း မိမိတာဝန်အား ကျေပွန်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံရေးအသိ၊ သတိတို့ဖြင့်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းများ၏လိုအပ်ချက်များအပေါ် မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း တာဝန်ရှိသူများနှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။


ယင်းနောက် လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီ၊ မုံရွာခရိုင်ရဲတပ်ဖွဲ့မှ လည်းကောင်း၊ အခမ်းအနားပြင်ဆင်ရေးကော်မတီ၊ တိုင်းဒေသကြီးလမ်းဦးစီးဌာနမှလည်းကောင်း၊ ရိုးရာယဉ်ကျေးမှုထိန်းသိမ်းရေး၊ အကဲဖြတ်ရေးနှင့် ဆုချီးမြင့်ရေးကော်မတီ၊ တိုင်းဒေသကြီး ပညာရေးမှူးရုံးမှလည်းကောင်း၊ ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေး ကော်မတီ၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှလည်းကောင်း၊ ပို့ဆောင်ရေးကော်မတီ၊ တိုင်းဒေသကြီးပို့ဆောင်ဆက်သွယ်ရေး ဦးစီးဌာနမှလည်းကောင်း၊ ဘဏ္ဍရေးနှင့် ငွေစာရင်းထိန်းသိမ်းရေးကော်မတီ၊ တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှလည်းကောင်း၊ လူမူရေး နှင့်သာသနာရေးဆိုင်ရာကော်မတီ၊ တိုင်းဒေသကြီးသာသနာရေးဦးစီးဌာနမှလည်းကောင်း၊ ဇီဝိတဒါနငါးလွှတ်ပွဲကော်မတီ၊ တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ လည်းကောင်း၊ သက်ကြီးပူးဇော်ကန့်တော့ခြင်းကော်မတီ၊ တိုင်းဒေသကြီးလူမူဝန်ထမ်းဦးစီးဌာနမှလည်းကောင်း၊ ပြန်ကြားရေးနှင့် သတင်းထုတ်ပြန်ရေးကောမတီ၊ တိုင်းဒေသကြီးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှလည်းကောင်း၊ ကျန်းမာရေးကော်မတီ၊ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ မိမိတို့ကော်မတီများအလိုက် လုပ်ငန်းများဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။


ဆက်လက်၍ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများက မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို အကြံပြုဆွေးနွေး တင်ပြကြသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်ကအသီးသီးဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။


ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်အတွင်းရှိ ချင်းတွင်းခန်းမတွင်ကျင်းပြုလုပ်သော ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အခမ်းအနားသို့ တက်ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စားသုံးသူအခွင့်အရေးဆိုသည်မှာ လူတိုင်းနှင့် သက်ဆိုင်သည့် ကိစ္စဖြစ်ပါကြောင်း၊ မိမိတို့နေ့စဉ်စားသုံးမည့် အစားအသောက်များ၊ ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများအားလုံးသည် ကိုယ်တိုင်ဖန်တီး ထုတ်လုပ်နိုင်မည် မဟုတ်သည့်အတွက် ထုတ်လုပ်ရောင်းချကြသူတွေဆီမှ တဆင့်ဝယ်ယူ သုံးစွဲကြရပါကြောင်း၊ စားသုံးသူတွေဖြစ်ကြသည့် မိမိတို့တွင်စားသုံးသူအခွင့်အရေးများ ရှိပါကြောင်း၊


စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူအခွင့်အရေးများအား ကာကွယ်ပေးနေသည့် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ ရှိနေပြီဖြစ်သည့်အတွက် စားသုံးသူနစ်နာမှုများကြုံလာရပါက သက်ဆိုင်ရာဌာနသို့ တိုင်ကြားခြင်းဖြင့် မျှတသည့်စီးပွားရေး ပတ်ဝန်းကျင်ကောင်း တည်ဆောက်ရာတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။


ယင်းနောက် တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းကကော်မတီ၏ လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင်က စားသုံးသူအခွင့်အရေးများ အခမ်းအနားကျင်းပရခြင်းနှင့် စားသုံးသူ ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်း တင်ပြသည်။


ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းမှတ်တမ်း တင်ဓါတ်ပုံရိုက်ကူးကြပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးကာ ကုန်အညွှန်းအမှတ်သားပြည့်စုံသော ကုန်စည်များ၊ ကုန်အညွှန်းအမှတ် သားမပြည့်စုံသော ကုန်စည်များ၊ ခွင့်မပြုဆိုးဆေးဖော်မလင်များ သုံးဆွဲထားသည့် စားသောက် ကုန်များ၊ ကျောင်းမုန့်ဈေးတန်းတွင်တွေ့ရှိရသည့် စားသုံးရန်မသင့်သောမုန့်မျိုးစုံနှင့် သက်တမ်းလွန်ကုန်ပစ္စည်းများ၊ ဆိုးဆေးနှင့်ဓာတုဆေးများ ခင်းကျင်းပြသထားမှုနှင့် ကော်မတီ၏လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံပြခန်းများအား ကြည့်ရှုအားပေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။   


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)