လင်းခေးတွင် ရှမ်းရိုးရာ စုပေါင်းရှင်ပြုပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လင်းခေးတွင် ရှမ်းရိုးရာ စုပေါင်းရှင်ပြုပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ






MNP ၊ မတ် ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ်တွင် ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာ စုပေါင်းရှင်ပြုပွဲကို ယခုအချိန်ကာလ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။


အဆိုပါ စုပေါင်းရှင်ပြုပွဲအား နှစ်စဉ်နှစ်တိုင်း တန်ခူးလဆန်းပိုင်းမှ စတင်ကာ ကဆုန်လပြည့်နေ့ မတိုင်မီအထိ လင်းခေးမြို့နယ်အတွင်းရှိဒေသနေ ရှမ်းတိုင်းရင်းသား လူမျိုးအများစုတို့က ဆင်ယင်ကျင်းပလေ့ရှိသည်။ ထိုသို့ကျင်းပရာတွင် ရှင်ပြုပွဲ အလှူပြုလုပ်မည့် မောင်ရင်လောင်း၏ မိဘများက ပူးပေါင်း၍ မိမိတို့ ရပ်ကွက်ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများတွင် ရှင်ပြုအလှူ မင်္ဂလာမဏ္ဍပ်များ စုပေါင်းပြုလုပ်ခြင်း၊ စုပေါင်း ဧည့်ခံကျွေးမွေးကြခြင်းနှင့် အလှူပစ္စည်းနှင့် ပွဲကုန်ကျစရိတ်ငွေကြေးတို့ကို အများအချိုးကျ စု‌ပေါင်းထည့်ဝင်ကြခြင်းတို့ ပြုကြသည်။ ငွေကြေးတတ်နိုင်သူ တချို့ကလည်း တစ်ဦးတည်း မတည် အကုန်အကျခံ၍  ငွေကြေးအနည်းအကျဉ်းသာ တတ်နိုင်သူတို့အား လက်တွဲခေါ်ယူခြင်းဖြင့် ရိုးရာရှင်လောင်းပွဲကို ဦးဆောင်ကျင်းပလေ့ ရှိပါသည်။


၎င်းအပြင်၊ ချက်ပြုတ်ရေး၊ ဧည့်ခံကျွေးမွေးရေး၊ မောင်ရင်လောင်းထမ်းတပည့်များနှင့် အလှူလှည့်ရာ၌ ဆွမ်းတော်ကိုင်၊ လှူဖွယ်ဝတ္ထုပစ္စည်းအစုစုတို့ ကိုင်တွယ်လှည့်လည်ကြမည့် ကွမ်းတောင်ပန်းတောင်ကိုင်မည့်သူများ၊ အိုးစည်ဗုံ‌မောင်းတီးသူများနှင့် ရှမ်းရိုးရာအက ကပြကြမည့်သူများအား ရှင်ပြုပွဲကျင်းပပြီးသော ရပ်ကွက်နှင့် ကျေးရွာများ (သို့မဟုတ်) ပွဲမကျင်းပရသေးသော ရပ်ကွက်နှင့် ကျေးရွာများမှ ရွာသူရွာသားများက အပြန်အလှန် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြသည်။


အလှူဝင်သည့် ပထမနေ့တွင် မောင်ရင်လောင်းများအား ဆရာတော် သံဃာတော်တို့ထံ အပ်နှင်းသည့် ရှင်လောင်းယူပြုကြပြီး၊ ဧည့်ပရိတ်သတ်အား ဧည့်ခံကျွေးမွေးကြသည်။ အချို့သောသူများက ‌ရှင်လောင်းယူနေ့အပြင် နောက်ရက်များ၌လည်း ဆက်လက် ဧည့်ခံကျွေးမွေးခြင်းနှင့် ရပ်ဝေးဧည့်သည်များအား အလှူပြီးရက်အထိ ဧည့်ခံကျွေးမွေးကြ ပါသည်။ ရှမ်းရိုးရာ စု‌ပေါင်း ရှင်လောင်းပွဲတော်ကို ၂ရက်၊ ၃ရက်မှ ၄၊ ၅ရက်အထိ ကျင်းပလေ့ရှိပါသည်။ ညအခါ ရှမ်းရိုးရာ ခေတ်ဟောင်း ခေတ်သစ်ဇာတ်သဘင်၊ စတိတ်ရှိုး စသည့် ပျော်ပွဲရွှင်ပွဲများကိုလည်း ထည့်သွင်းကျင်းပကြပါသည်။


အလှူဝင်အပြီး၊ နောက်တစ်ရက်နှစ်ရက်၌ စုပေါင်းအလှူပဒေသာ လှည့်လည်ကြသည်။ အလှူကြီး နောက်ဆုံးရက်၏ နံနက်ပိုင်းတွင် ဘုန်းတော်ကြီးကျောင်း၌ ဆွမ်းတော်လှည့်ပွဲကို ဆက်လက် ပြုလုပ်ကြသည်။ ထို့နောက် အလှူနောက်ဆုံးရက်တွင် မောင်ရင်လောင်းများအား ဆရာတော် သံဃာတော်များက သင်္ကန်းပရိက္ခရာ စုံလင်စွာ ဆင်ယင်ပေးကြပါသည်။ ယင်းနောက် အလှူရှင်များနှင့် ပရိတ်သတ်အပေါင်းက ဆရာတော်များ၏ ဩဝါဒခံယူခြင်း၊ လှူဒါန်းမှု အစုစုတို့အတွက် အတူတကွ တရားနာရေစက်သွန်းချ အမျှပေးဝေခြင်းများ ပြုလုပ်ကြကာ ရှမ်းရိုးရာ စုပေါင်းရှင်ပြုပွဲများအား စည်ကားသိုက်မြိုက်စွာဖြင့် ဆင်ယင် ကျင်းပလျက်ရှိကြကြောင်း သိရသည်။


စိုင်းဇော်လတ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)