MNP - မတ် ၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ မူလဆတိုး စေတီတော်မြတ်ကြီးကို လိုဏ်အတွင်းထည့်သွင်း၍ ရွှေစည်းခုံပုံတူစေတီတော်မြတ်ကြီးအား အထက်ဌာပနာသွင်းလှူခြင်းနှင့် ရတနာရွှေထီးတော် စိန်ဖူးတော်တင်လှူပူဇော်ခြင်း၊ ဗုဒ္ဓဘိသေက အနေကဇာတင်မင်္ဂလာနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲတော် မင်္ဂလာအခမ်းအနားများကို မတ်လ(၅)ရက် (တပေါင်းလပြည့်နေ့)တွင် အဆိုပါဆတိုး ဆုတောင်းပြည့် ဘုရားဝန်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဆတိုးဆုတောင်းပြည့် ရွှေစည်းခုံပုံတူစေတီတော်မြတ်ကြီးအား ရတနာရွှေထီးတော် စိန်ဖူးတော် တင်လှူပူဇော်ပွဲကြီးတွင် မတ်လ(၁)ရက်နေ့ ညနေပိုင်းမှ စ၍ မတ်လ(၅)ရက်နေ့အထိ စတုဒီသာအလှူများ ကျွေးမွေးဧည့်ခံခြင်း၊ တိုင်းရင်းသားရိုးရာအကအလှများ၊ အငြိမ့်၊ ဇာတ်များဖြင့်ကပြ ဖျော်ဖြေခြင်း၊ စေတီတော်ကြီးအတွင်း ဝတ်အသင်းအဖွဲ့များမှ ညစဉ် ဓမ္မစကြာရွတ်ဖတ်ပူဇော်ခြင်း၊ စသည့်အစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
ထီးတော်တင်လှူပူဇော်ခြင်း အခမ်းအနားကို တပေါင်းလပြည့်နေ့ နံနက် ၈နာရီချိန်တွင် စတင်၍ နေ့လည် ၁၂နာရီအချိန်တွင် သံဃာတော် ၃၁ ပါးတို့အား ဆွမ်းဆန်စိမ်း လောင်းလှူပူဇော် သွားမည်ဖြစ်ပြီး အခမ်းအနား စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူအသီးသီးက ထီးတော်တင်လှူ ပူဇော်ပွဲကျင်းပမည့် ဆတိုးဆုတောင်းပြည့် ဘုရားဝန်းအတွင်း ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများကို ကဏ္ဍအလိုက် စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment