စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စားသုံးသူတိုင်ကြားမှုနှင့် အရေးယူမှုဆိုင်ရာလုပ်ငန်းစဉ်များ ထုတ်ပြန်ထားရှိပြီဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စားသုံးသူတိုင်ကြားမှုနှင့် အရေးယူမှုဆိုင်ရာလုပ်ငန်းစဉ်များ ထုတ်ပြန်ထားရှိပြီဖြစ်


MNP   -    မတ် ၁

မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် အစည်းအဝေး (၁/၂၀၂၃)ကို ယနေ့ မွန်းလွဲ ၂ နာရီက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ - ၁ ၌ ကျင်းပသည်။


ဦးစွာ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင် ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးအောင်နိုင်ဦးက စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စားသုံးသူတိုင်ကြားမှုနှင့် အရေးယူမှု ဆိုင်ရာလုပ်ငန်းစဉ်၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးလုပ်ငန်းစဉ်နှင့် ဘေးအန္တရာယ်ရှိသော ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုများကို  ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းစေခြင်းနှင့် တားမြစ်ခြင်းဆိုင်ရာ လုပ်ငန်း စဉ်များကို ထုတ်ပြန်ထားရှိပြီ ဖြစ်ကြောင်း။


သို့သော် စားသုံးသူများတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့် ဥပဒေပါ စားသုံးသူအခွင့်အရေးများကို ကောင်းစွာသိရှိသူ အလွန်နည်းပါးနေသေးသည်ကို တွေ့ရှိရပါကြောင်း၊ အထူးသဖြင့် စားသုံးသူများသည် မိမိ၏နစ်နာဆုံးရှုံးမှု အတွက် ရှင်းလင်းတင်ပြခွင့်၊ တိုင်ကြားခွင့်နှင့် ကုစားခွင့်များကို ဥပဒေက စားသုံးသူအခွင့်အရေးများအဖြစ် ပေးအပ်ထားမှုအပေါ် သိရှိသူအလွန်နည်းပါး ပါကြောင်း၊ စားသုံးသူတွင် ဥပဒေအရပေးအပ်သော အခွင့်အရေးများရှိသကဲ့သို့ တစ်ဖက်တွင်လည်း ဥပဒေအရ လိုက်နာရမည့် တာဝန်များလည်းရှိပါကြောင်း၊ ယင်းနှင့်စပ်လျဉ်း၍ အသိပညာ ပေးလုပ်ငန်းများကို မဖြစ်မနေ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖွဲ့စည်းထားသော စားသုံးသူရေးရာကော်မတီများကိုလည်း  ဥပဒေအရ လုပ်ပိုင်ခွင့်များ အပ်နှင်းထား ပြီဖြစ်ရာ ကော်မတီများအနေဖြင့် စားသုံးသူအသိပညာပေးလုပ်ငန်း အပါအဝင် မိမိ၏ လုပ်ပိုင်ခွင့်အရ ထိထိရောက်ရောက် ဆောင်ရွက်စေလိုကြောင်း၊ လိုအပ်သည်များကိုလည်း ကော်မရှင်နှင့်ဆက်သွယ်၍ ဆောင်ရွက်စေလိုပါကြောင်း၊ စားသုံးသူအသိပညာပေးဆောင်ရွက်ရာတွင်လည်း လူလတ်ပိုင်းနှင့် လူငယ်ပိုင်းများကို အဓိကထား၍ ဆောင်ရွက်ရန် လိုအပ်လာသည် ကို တွေ့ရှိရကြောင်း ဆွေးနွေး ပြောကြားသည်။


ဆက်လက်၍ ကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ၂၀၂၃ ခုနှစ် မတ် ၁၅ ရက်တွင် ကျရောက်မည့် ကမ္ဘာ့စားသုံးသူ အခွင့်အရေးနေ့ကို “စားသုံးသူ ကဏ္ဍမြှင့်တင်ဖို့ သန့်ရှင်းစွမ်းအင် ကူးပြောင်းစို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ စားသုံးသူပြည်သူ များ စိတ်ပါဝင်စားနိုင်သော အစီအစဉ်များကို ဆန်းသစ်တီထွင်၍ ကျယ်ပြန့်စွာဆောင်ရွက်သွားနိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေး ပြောကြားသည်။


ထို့နောက် ယခင် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ အဆုံးအဖြတ်ပေးရမည့် လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ကော်မရှင်အတွင်းရေးမှူးစားသုံး သူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုက ရှင်းလင်းတင်ပြပြီး တင်ပြချက်များအပေါ် ကော်မရှင်ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ ဝင်များနှင့် တက်ရောက်လာကြ သူများက ပြန်လည်ဆွေးနွေးကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။


အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံ စားသုံးသူကာကွယ် ရေးကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)