(၇၈)နှစ်မြောက် တပ်မတော်နေ့မှာ ရှော့မတိုက်လိုက်ရဘဲ အရှော့ခံလိုက်ရတဲ့ NLD အစွန်းရောက် အကြမ်းဖက်သမားများအကြောင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၈)နှစ်မြောက် တပ်မတော်နေ့မှာ ရှော့မတိုက်လိုက်ရဘဲ အရှော့ခံလိုက်ရတဲ့ NLD အစွန်းရောက် အကြမ်းဖက်သမားများအကြောင်း










(၇၈)နှစ်မြောက် တပ်မတော်နေ့ ကျွန်တော်တို့ သတင်းယူဖို့ သွားနေစဉ် ပြည်ပြေး ဝရမ်းပြေး မဟုတ်မမှန်သတင်းတွေ လုပ်ကြံဖန်တီးရေးသား ဖော်ပြလေ့ရှိတဲ့ ခွေးသစ်မီဒီယာ က တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ၁၀၇ မမ ရှော့တိုက်ဒုံး (၃)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်တယ်လို့ ရေးတယ်။ အဲဒါကို ပြောပြီး ကျွန်တော်တို့တွေ ဟားတိုက်နေကြတာ။ ၁၀၇ မမရှော့တိုက်ဒုန်းဟာလည်း ဘာသံမှ မကြားလိုက်ရပါလားပေါ့။ 

ပြည်ထောင်စုနေ့တုန်းကလည်း အလားတူဖြစ်စဉ်မျိုး ရှိခဲ့တယ်ဗျ။ ပြည်ထောင်စုနေ့အခမ်းအနားကို ဖောက်ခွဲတိုက်ခိုက်တယ်ဆိုတဲ့ သတင်းမျိုး ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မီဒီယာတွေက ရေးသားဖော်ပြခဲ့ကြတယ်။ အဲဒီတုန်းက တပ်ကုန်းက NLD အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ ခိုင်းစေချက်နဲ့ ကယ်ရီစွဲနေတဲ့ကောင်တွေက ဖောက်ခွဲမှာကို ကြိုတင်လက်ဦးမှုယူပြီး ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ပြည်ပြေး ဝရမ်းပြေးတွေ ရေးတဲ့ သတင်းက ဟာသတစ်ပုဒ် ဖြစ်သွားခဲ့တယ်။ ယနေ့ တပ်မတော်နေ့ အခမ်းအနားကို ရှော့တိုက်ဒုံးနဲ့ ပစ်တယ်ဆိုတာဟာလည်း အလားတူပုံစံမျိုးပဲ ဖြစ်နေပါတယ်။ လုပ်ဖို့တော့ ကြံစည်နေတာ အမှန်ပါ။ ခွေးသစ်မီဒီယာက သတင်းလက်ဦးမှုယူပြီး မလုပ်ခင်ကတည်းက ရေးသားဖော်ပြထားတာမျိုး ဖြစ်နေပါတယ်။ အကြောင်းကတော့ ပြည်တွင်းမှာ ရှိနေတဲ့ NLD အစွန်းရောက် အကြမ်းဖက်သမားနဲ့ ပြည်ပြေး ဝရမ်းပြေး သာလွန်ဇောင်းထက်တို့ဟာ ကြိုတင် ချိတ်ဆက်ညှိနှိုင်းပြီး လုပ်ဆောင်ကြတဲ့ သဘောဖြစ်ပါလိမ့်မယ်။ ဒါကြောင့်လည်း အတိအကျ ရေးသားထားမျိုးဖြစ်နေတာပါ။ တကယ်တော့ ခွေးသစ်မီဒီယာရဲ့ ခိုင်းစေချက်ကြောင့် ရှော့တိုက်မယ့် NLD အစွန်းရောက် အကြမ်းဖက်သမားများဟာ ရှော့မတိုက်လိုက်ရဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရှော့တာကို ခံလိုက်ရတဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။

(၇၈)နှစ်မြောက် တပ်မတော်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း အပြစ်မဲ့ ပြည်သူများစုဝေး၍ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်နေသည့် နေရာများအား ရက်စက်ယုတ်မာစွာ ၁၀၇ မမရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ရန် စီစဉ်လျက်ရှိသည့် နေပြည်တော် PDF  အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များအား အချိန်မီကြိုတင်သတင်း လက်ဦးမှုရယူ ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းမှန် ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

သတင်းထုတ်ပြန်ချက်မှာ CRPH ၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံ နေပြည်တော် PDF အမည်ခံ အကြမ်းဖက်အဖွဲ့သည် (၇၈)နှစ်မြောက် တပ်မတော်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း အပြစ်မဲ့ပြည်သူများ စုဝေး၍ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်နေသည့် နေရာများ၊ ခမ်းနားထည်ဝါစွာ စစ်ရေးပြ အခမ်းအနား ကျင်းပပြုလုပ်နေသည့် စစ်ရေးပြကွင်း(ရှမ်းစု)နေရာတို့ကို ရက်စက်ယုတ်မာသော အကြံဖြင့် ဖောက်ခွဲ ဖျက်ဆီးခြင်းများ၊ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် အဝေးမှပစ်ခတ်ရန် စီစဉ်လျက်ရှိကြောင်း အကြမ်းဖက်မှုကို မလိုလားသည့် တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နေပြည်တော်ကောင်စီနယ်မြေအတွင်း ကွက်ပြည့်နင်း နယ်မြေလုံခြုံရေးဆောင်ရွက်ခြင်း၊ အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ပါတယ်။

သို့ဖြစ်၍ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၄ ရက် နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် အဝေးမှ နှောင့်ယှက် ပစ်ခတ်ရန် စီစဉ်လျက်ရှိသည့် နေပြည်တော် PDF အမည်ခံအကြမ်းဖက်အဖွဲ့မှ စိန်လွင်(ခ) မောင်စိန်(ခ)ခရေ အား နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ဇီးဖြူပင်ကျေးရွာ၊ အဝေရာဆည်အနီးရှိ သရက်ခြံအတွင်း၌ ၁၀၇ မမ ရှောတိုက်ဒုံး ၁ လုံး နှင့်အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းဆီးရမိတရားခံ စိန်လွင်(ခ)မောင်စိန်(ခ)ခရေ၏ ထွက်ဆိုချက်အရ ယင်းနေ့ နေ့လည်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ ဇီးဖြူပင်ကျေးရွာအဝင်လမ်း အရှေ့ဘက်ရှိ တောင်ယာတဲ၌ ဝင်းမျိုးထက်(ခ)ဝင်းနိုး(ခ)ဘီလား အား ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။ တရားခံ ဝင်းမျိုးထက်(ခ)ဝင်းနိုး(ခ)ဘီလား ၏ထွက်ဆိုချက်အရ ၎င်း၏ယောက်ဖဖြစ်သူ NLD ပါတီဝင် အုပ်ချုပ်ရေးမှူးဟောင်း တရားခံပြေး ဟန်ဇော်မင်းနှင့် ခင်မျိုးသက်တို့ လင်မယားပိုင်ဆိုင်သည့် ဇီးဖြူပင်ကျေးရွာရှိ နေအိမ်ခြံဝင်းအတွင်း၌ ၁၀၇ မမရှော့တိုက်ဒုံး ၁ လုံး သိုဝှက်သိမ်းဆည်းထားကြောင်း ဖော်ထုတ်သိရှိရသဖြင့် သွားရောက်ရှာဖွေခဲ့ရာ နေအိမ်ခြံဝင်းအတွင်း မြေမြှုပ်သိမ်းဆည်းထားသော ၁၀၇ မမရှော့တိုက်ဒုံး ၁ လုံးအား ထပ်မံသိမ်းဆည်း ရမိခဲ့ပါတယ်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၁၀၇ မမရှော့တိုက်ဒုံး ၂ လုံး၏ ထိပ်ဖူးများနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများအား အဝေရာဆည်အနီးနှင့် ဇီးဖြူပင်ရွာ တို့၌ ဝှက်ထားကြောင်း ဖော်ထုတ်သိရှိရသဖြင့် သွားရောက်ရှာဖွေခဲ့ရာ အဝေရာဆည် အနီး ခြုံပုတ်အတွင်းမှ ၁၀၇ မမရှော့တိုက်ဒုံး ထိပ်ဖူး ၂ ခု၊ ဆားကစ်ပြား ၂ ခုနှင့် Remote ၁ ခုတို့အားလည်းကောင်း၊ ဇီးဖြူပင်ရွာနေ တရားခံပြေး သန်းထွန်း(ခ)ချင်းတွင်း ၏ နေအိမ်အတွင်းမှ MG-1 လက်ပစ်ဗုံး ၁ လုံး၊ လက်ပစ်ဗုံးစနက်တံ ၄ ခု၊ လျှပ်စစ် ဒီတိုနေတာ ၁၆ ခု၊ ယမ်းပျော့ ၄ ချောင်းနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ပါတယ်။

ထို့အပြင် မတ်လ ၂၅ ရက် ညနေပိုင်းတွင် ဖမ်းဆီးရမိတရားခံများအား နေပြည်တော် PDF အမည်ခံအကြမ်းဖက်အဖွဲ့ခေါင်းဆောင် ဖမ်းဆီးရန်ကျန်တရားခံ ဗိုလ်တေဇ(ခ)ဟန်မင်းထွန်းမှ ၁၀၇ မမရှော့တိုက်ဒုံး ပစ်ခတ်နည်း သင်ကြားပေးခဲ့သည့် မရမ်းတောင်(အထက်)ကျေးရွာအနီး၌ သိုဝှက်သိမ်းဆည်းထားသည့် ပစ္စတိုအပစ် လက်ကိုင် ၁ ခု၊ စနိုက်ပါမှန်ပြောင်း ၁ ခု၊ PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၁ လုံး၊ ၁၂ ဗို့ကျည် ၁၄၆ တောင့်၊ ယမ်းပျော့ ၁ ချောင်း၊ ယမ်းမှုန့် ၅၀ ကျပ်သား၊ အစိမ်းရောင် ကျောပိုးအိတ် ၁ လုံး၊ ပြောက်ကျားပုခက် ၄ ခု၊ သေနတ်လွယ်ကြိုး ၁ ချောင်းနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ ထပ်မံသိမ်းဆည်းရမိခဲ့ပါတယ်။

ဖြစ်စဉ်တွင် တရားခံ ကျား ၂ ဦးအား ၁၀၇ မမရှော့တိုက်ဒုံး ၂ လုံး၊ ၁၀၇ မမ ရှော့တိုက်ဒုံး ထိပ်ဖူး ၂ ခု၊ ဆားကစ်ပြား ၂ ခု၊ Remote ၁ ခု၊ ပစ္စတိုအပစ်လက်ကိုင် ၁ ခု၊ စနိုက်ပါမှန်ပြောင်း ၁ ခု၊ MG-1 လက်ပစ်ဗုံး ၁ လုံး၊ လက်ပစ်ဗုံးစနက်တံ ၄ ခု၊ PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၁ လုံး၊ ၁၂ ဗို့ကျည် ၁၄၆ တောင့်၊ လျှပ်စစ် ဒီတိုနေတာ ၁၆ ခု၊ ယမ်းပျော့ ၅ ချောင်း၊ ယမ်းမှုန့် ၅၀ ကျပ်သား၊ အစိမ်းရောင် ကျောပိုးအိတ် ၁ လုံး၊ ပြောက်ကျားပုခက် ၄ ခု၊ သေနတ်လွယ်ကြိုး ၁ ချောင်းနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပါတယ်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၎င်းတို့ ၂ ဦးသည် NLD ပါတီဝင် အုပ်ချုပ်ရေးမှူးဟောင်း တရားခံပြေး ဟန်ဇော်မင်း ၏ ချိတ်ဆက်ပေးမှုဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဖယ်ခုံမြို့ဝန်းကျင်တွင် လှုပ်ရှားလျက်ရှိသော ဖမ်းဆီးရန်ကျန် တရားခံ ဗိုလ်တေဇ(ခ)ဟန်မင်းထွန်း ခေါင်းဆောင်သည့် နေပြည်တော် PDF အမည်ခံအကြမ်းဖက် အဖွဲ့သို့ ဝင်ရောက်ခဲ့ကြောင်း၊ မတ်လ ၂၂ ရက်တွင် ဖမ်းဆီးရန်ကျန် တရားခံ ဗိုလ်တေဇ (ခ)ဟန်မင်းထွန်း ၊ စိန်လွင်(ခ)မောင်စိန်(ခ)ခရေ နှင့် ဝင်းမျိုးထက်(ခ)ဝင်းနိုး(ခ)ဘီလား တို့ ၃ ဦးသည် မော်တော်ဆိုင်ကယ် ၂ စီးဖြင့် ၁၀၇ မမရှော့တိုက်ဒုံး ၂ လုံးနှင့် ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများအား သယ်ဆောင်၍ ဖယ်ခုံမြို့ဝန်းကျင်မှ ပျဉ်းမနားမြို့နယ်၊ မရမ်းတောင်(အထက်)ကျေးရွာသို့ လာရောက်ခဲ့ပြီး မရမ်းတောင်(အထက်)ကျေးရွာအနီး တောအတွင်း၌ ၁၀၇ မမရှော့တိုက်ဒုံး တပ်ဆင်ပုံနှင့် ပစ်ခတ်နည်း အဆင့်ဆင့်အား လေ့ကျင့်သင်ကြားခဲ့ကြောင်း၊ ၎င်းနောက် ၁၀၇ မမရှော့တိုက်ဒုံး ၂ လုံးနှင့် ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများအား နေရာ ၄ နေရာခွဲ၍ သိုဝှက်သိမ်းဆည်းထားခဲ့ကြောင်း ဖော်ထုတ်သိရှိခဲ့ရပါတယ်။


ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ နေပြည်တော် PDF အမည်ခံ အကြမ်းဖက် အဖွဲ့ခေါင်းဆောင် ဖမ်းဆီးရန်ကျန်တရားခံ ဗိုလ်တေဇ(ခ)ဟန်မင်းထွန်း ၏ စေခိုင်းမှုဖြင့် သိမ်းဆည်းရမိ ၁၀၇ မမရှော့တိုက်ဒုံးများနှင့် ဖောက်ခွဲရေးပစ္စည်းများအား အသုံးပြုကာ ရက်စက်ယုတ်မာသောအကြံဖြင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေကြေ ပျက်စီးစေရန်ရည်ရွယ်၍ (၇၈)နှစ်မြောက် တပ်မတော်နေ့တွင် နေပြည်တော်ကောင်စီ နယ်မြေအတွင်း အပြစ်မဲ့ပြည်သူများစုဝေး၍ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်နေသည့်နေရာများ၊ ခမ်းနားထည်ဝါစွာ စစ်ရေးပြအခမ်းအနားကျင်းပပြုလုပ်နေသည့် စစ်ရေးပြကွင်း(ရှမ်းစု) နေရာတို့ကို အချိန်ကိုက် ပစ်ခတ်ဖောက်ခွဲခြင်းများ လုပ်ဆောင်ရန် စီစဉ်ထားသော်လည်း လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ကြိုတင်သတင်း လက်ဦးမှုရယူကာ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ ခြင်းကြောင့် အချိန်မီတားဆီးကာကွယ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရပြီး ၎င်းတို့နှင့် သက်ဆိုင်သည့် ဆက်စပ်တရားခံများကိုလည်း ဆက်လက်ဖော်ထုတ် ဖမ်းဆီးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


ဒါကတော့ ယနေ့ နံနက်ပိုင်းက ပြည်ပြေးဝရမ်းပြေး ခွေးသစ်မီဒီယာက လုပ်ကြံဖန်တီးရေးသားဖော်ပြတဲ့ ဖြစ်စဉ်ဟာ သတင်းမှန် ပြန်ကြားရေးက ထုတ်ပြန်လိုက်တော့မှ ပြောင်းပြန်ဖြစ်နေတာကို သိလိုက်ရပါတော့တယ်။ ၁၀၇ မမနဲ့ ရှော့တိုက်မယ့် NLD အစွန်းရောက် အကြမ်းဖက်သမား ပြည်ဖျက်မိစ္ဆာတွေ လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှော့မတိုက်မီမှာ လက်ဦးမှုရယူပြီး ဖမ်းဆီးလိုက်နိုင်တဲ့အတွက်ကြောင့် ပြည်သူတွေရဲ့ အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့တယ် မဟုတ်ပါလားဗျာ။


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)