PDF အကြမ်းဖက်အဖွဲ့တွေ ဘာကြောင့် ရှင်သန်နေတာလဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

PDF အကြမ်းဖက်အဖွဲ့တွေ ဘာကြောင့် ရှင်သန်နေတာလဲ



၂နှစ်ကျော်ကြာ တပ်မတော်က တိုင်းပြည်ရဲ့ အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူထားတဲ့ ကာလမှာ NLD ပါတီကနေ ပေါ်ပေါက်လာတဲ့ CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များနဲ့ တချို့သော EAO အဖွဲ့တွေရဲ့ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၆၀၀၀ ကျော်အထိ သေဆုံးခဲ့ရပြီ ဖြစ်ပါတယ်။


CRPH, NUG အကြမ်းဖက်အဖွဲ့ဝင်အများစု ပြည်ပနိုင်ငံများကို ထွက်ပြေးတိမ်းရှောင်သွားကြပြီး လက်နက်၊ ငွေကြေး ရှာဖွေပေးပြီးတော့ PDF အကြမ်းဖက်သမားများကို လက်ကိုင်တုတ်သဖွယ် ကြိုးကိုင်ခိုင်းစေနေကြတာ ဖြစ်ပါတယ်။ ဒါကိုတော့ PDF အကြမ်းဖက်သမားတွေသာ အသိဆုံးပဲ ဖြစ်ပါတယ်။ သံဃာတော်တစ်ပါးကို သတ်ရင် ဘယ်လောက်၊ ဆရာ/ဆရာမတစ်ယောက်ကို သတ်ရင် ဘယ်လောက်၊ စာသင်ကျောင်းကို မီးရှို့ဖျက်ဆီးရင် ဘယ်လောက် အစရှိသဖြင့် ပြည်ပနိုင်ငံတွေက ရရှိတဲ့ ငွေကြေးအထောက်အပံ့နဲ့ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို ရက်စက်ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်ခိုင်းခဲ့ကြတာ ဖြစ်ပါတယ်။


တချို့သော PDF အကြမ်းဖက်အဖွဲ့ဝင်များမှာ ဘာမှ နိုင်ငံရေးခံယူချက်၊ ယုံကြည်ချက်မရှိဘဲ ငွေကြေးရလိုမှုနဲ့ အကြမ်းဖက်သမားအဖြစ် လုပ်ဆောင်နေကြသူတွေလည်း ရှိပါတယ်။ 


PDF တွေ ဒီနေ့ ဒီအချိန်အထိ ဘာကြောင့်ရှင်သန်နေသလဲလို့ မေးရင်တော့ သက်ဆိုင်ရာနယ်မြေများမှာ တာဝန်ကျနေတဲ့ စီမံအုပ်ချုပ်ရေးအဖွဲ့များဟာ အကြမ်းဖက်အန္တရာယ်နှိမ်နင်းရေးကို မလုပ်ဆောင်ခြင်းကြောင့်လို့ပဲ ပြောရတော့မှာ ဖြစ်ပါတယ်။ အကြမ်းဖက်နှိမ်နင်းရေးဆောင်ရွက်ခြင်း မရှိတာကိုလည်း သူတို့ အပြစ်လို့ မဆိုနိုင်ပါဘူး။ တပ်မတော်က တိုင်းပြည်ရဲ့ အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူထားချိန်မှာ တပ်မတော်ဆိုတာ တစ်သွေး၊ တစ်သံ၊ တစ်မိန့် နဲ့ ဆောင်ရွက်ရတာ ဖြစ်တဲ့အတွက်ကြောင့် ယန္တရားမှာ လှုပ်ရှားဆောင်ရွက်နေသူတွေအနေနဲ့ အမိန့်မရဘဲ လုပ်ဖို့ဆိုတာလည်း မဖြစ်ပြန်ပါဘူး။ အကြီးအကဲများက ညွှန်ကြားတော့မှသာ ပြတ်ပြတ်သားသား လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

အထူးအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ လှုပ်ရှားနေတဲ့ PDF အကြမ်းဖက်အဖွဲ့တွေရဲ့ တည်နေရာ၊ အင်အားကအစ ဒေသခံပြည်သူတွေက ဆက်သွယ်သတင်းပေးခဲ့ကြတာတွေ ရှိပါတယ်။ ကျွန်တော်တို့ မီဒီယာများအနေနဲ့လည်း လက်လှမ်းမှီသမျှ ဖော်ထုတ်တင်ပြခဲ့တာတွေ ရှိပါတယ်။ သို့ပေသော် လုံးဝ ဖယ်ရှားရှင်းလင်းခြင်း မရှိခဲ့ပါဘူး။ အာဏာပိုင်အဖွဲ့အစည်းက အဲဒီလို ပျော့ပြောင်းလွန်းလို့လည်း ဝေဖန်မှုတွေ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ 


ကျွန်တော်တို့ မြန်မာနေရှင်နယ်ပို့စ်က တင်ပြခဲ့တဲ့ မှတ်တမ်းတွေထဲမှာ ဘုန်းကြီးကျောင်းကို PDF အင်အား အလုံးအရင်းနဲ့ ဝင်ပစ်တယ်။ ဘုန်းကြီးကျောင်းမှာ ရှိတဲ့သူတွေက ခုခံကာကွယ်တယ်။ နောက်ဆုံး အင်အားမမျှတဲ့ အခါကြတော့ ဘုန်းကြီးကျောင်းအတွက် ခုခံကာကွယ်တိုက်ခိုက်ရင်း လူငယ်တွေ သေဆုံးခဲ့ရတယ်။ အဲဒီလို ဖြစ်စဉ်မျိုးကို သက်ဆိုင်ရာ မြို့နယ်မှာ ရှိတဲ့ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတွေက ကူညီမှု မပေးနိုင်ခဲ့ဘူး။ စစ်ကူ ပစ်ကူ မပေးနိုင်ခဲ့ဘူး။ တချို့သော ရဲတပ်ဖွဲ့ဝင်တွေကို ဝင်ရောက်စီးနင်းခံရတဲ့အချိန်မှာတောင် အချိန်မီ စစ်ကူမသွားတဲ့အတွက်ကြောင့် မကျဆုံးသင့်ဘဲ ကျဆုံးခဲ့ရတဲ့ အခြေအနေမျိုးတွေ များစွာ ဖြစ်ပေါ်ခဲ့ပါတယ်။


PDF အကြမ်းဖက်အဖွဲ့များ ရှင်သန်နေခြင်းဟာ သူတို့အစွမ်းအစကြောင့်တော့ မဟုတ်ပါဘူး။ တရားဥပဒေစိုးမိုးရေး၊ အကြမ်းဖက်နှိမ်နင်းရေးမှာ အဓိက တာဝန်ရှိသူတွေဘက်က ငဲ့ညှာလွန်းအားကြီးလို့သာ PDF အကြမ်းဖက်အဖွဲ့များ ရှင်သန်လှုပ်ရှားနေနိုင်ခြင်းဖြစ်ပြီးတော့ PDF အကြမ်းဖက်သမားတွေရဲ့ လက်ချက်နဲ့ အစိုးရဝန်ထမ်းများ အပါအဝင် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်းများစွာ သေဆုံးနေရခြင်း ဖြစ်တယ်လို့ပဲ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ နိုင်ငံတော်အဆင့်က တစ်နှစ်သက်တမ်းမပြည့်ခင်ကတည်းက ပြည်သူများပူးပေါင်းပါဝင်သော လုံခြုံရေးအစီအမံများ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ပြောဆိုခဲ့တာလည်း ရှိပါတယ်။ နိုင်ငံတော်အဆင့်က အဲဒီလို ပြောဆိုပေမယ့် ယန္တရားမှာ တကယ်လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်မှု ရှိ/ မရှိကိုတော့ သေချာစွာ ကြီးကြပ်ခြင်း မရှိပါဘူး။ 


အချို့သော မြို့နယ်တွေမှာ စစ်ကြောင်းကြီး ငါးကြောင်းပါဝင်သော အဖွဲ့နဲ့ ကျေးရွာတွေကို ဆင်းခဲ့တာမျိုး တွေ့ခဲ့ရပါတယ်။ ဟန်ပြလောက်သာ လုပ်ကြတာလားတော့ မပြောတ်ပါဘူး။ တကယ်သာ စစ်ကြောင်းကြီးငါးကြောင်းနဲ့ မိမိတို့ မြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာအုပ်စုတွေကို လှည့်လည်စည်းရုံးရှင်းပြခဲ့မယ်ဆိုရင် အကြမ်းဖက်သမားတွေရဲ့ လှုပ်ရှားဆောင်ရွက်မှု အခြေအနေမှန်ကို သိနိုင်သလို အကြမ်းဖက်သမားနောက်ကို ပါချင်နေတဲ့ သူတွေအနေနဲ့လည်း စဉ်းစားချင့်ချိန်နိုင်မယ့် အခြေအနေမျိုး ဖြစ်မှာ အမှန်ပါပဲ။ တချို့သော မြို့နယ်တွေမှာတော့ ဒေသခံ ရွာသားများက ပြည်သူ့စစ်ဖွဲ့ချင်တာကိုတောင် စည်းစနစ်ကျနစွာ ဆောင်ရွက်ပေးမယ့်သူ မရှိဘူး။ တချို့သော မြို့နယ်တွေမှာဆိုရင်ဖြင့် တာဝန်သိ ပြည်သူများက အကြမ်းဖက်အန္တရာယ် ကာကွယ်နှိမ်နင်းရေးအတွက် ပူးပေါင်းဆောင်ရွက်တာကိုတောင် မလိုလားတဲ့ သဘောနဲ့ စော်ကားပြောဆိုမှုတွေ လုပ်ကြတာမျိုး ရှိပါတယ်။ ကိုယ်ကျိုးရှာလိုမှု (အဂတိ) ကို ရှေ့တန်းတင်လာတဲ့ အခါမျိုးမှာ ပူးပေါင်းဆောင်ရွက်သူကိုပင် အကောင်းမမြင်နိုင်တော့ပါဘူး။


ကျွန်တော်ကိုယ်တိုင် တပ်မတော်သားတစ်ယောက် မဟုတ်ပေမယ့် တပ်မတော်သားများကို လေးစားသူ၊ အလေးထားသူ ဖြစ်ပါတယ်။ နစကအစိုးရသက်တမ်းအတွင်း တပ်မတော်ထောက်ခံပွဲတွေ မှာ ကိုယ်တိုင် ပါဝင်ဟောပြောခဲ့ဖူးသူ ဖြစ်ပါတယ်။ တကယ်တော့ တပ်မတော်သားတွေဟာ ရက်စက်ယုတ်မာရိုင်းစိုင်းနေတာ မဟုတ်ပါဘူး။ ရက်စက်ယုတ်မာ ရိုင်းစိုင်းလွန်းတဲ့ PDF တွေကို ဖိဖိစီးစီး မနှိမ်နင်းတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ အချို့သော တာဝန်ရှိသူတွေမှာ အကြမ်းဖက်အန္တရာယ်ကို အလေးထားနှိမ်နင်းရန် တာဝန်ရှိနေပါလျက်နဲ့ လက်နက်မဲ့ ပြည်သူထက်ကိုပင် PDF အကြမ်ဖးက်သမားများကို ကြောက်နေကြတာမျိုး ကြားသိရတာတွေက ဝမ်းနည်းဖို့ ကောင်းပါတယ်။ 


တပ်မတော်သားတွေအပေါ် ညီရင်းအစ်ကိုပမာ သဘောထားတယ်။ တပ်မတော်အရာရှိတွေကတော့ တွေ့ရင် မျက်နှာလွှဲသွားတာပေါ့ဗျာ။ မီဒီယာသမားဆိုတာကို ကြောက်စရာသတ္တဝါတွေလို့ မြင်ထားကြတာကိုး။ တိုင်းဖျက်ပြည်ဖျက်၊ တပ်မတော်ကို ဖောင်းထုနေကြတဲ့ မီဒီယာတွေကြားမှာ တပ်မတော်ကို အလေးထားပြီး လေးစားနေလို့လည်း အပြုသဘောဆန်ဆန် မြင်တဲ့သူက နည်းပါတယ်။ ကျွန်တော်တို့ မီဒီယာသမားအနေနဲ့တော့ အစိုးရနဲ့ ပြည်သူကြားမှာ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို အစိုးရတာဝန်ရှိသူများက ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး အလေးထား ရပ်တည်ရမယ့် တာဝန်ရှိပါတယ်။ နစက အစိုးရမှ မဟုတ်ဘူး။ ဘယ်အစိုးရ လက်ထက်ပဲဖြစ်ဖြစ် ပြည်သူတွေရဲ့ လိုအပ်ချက်နဲ့ အစိုးရရဲ့ လုပ်ဆောင်ချက် ကွာဟနေရင်၊ အစိုးရရဲ့ မှန်ကန်တဲ့ ဆောင်ရွက်ချက်တွေအပေါ်မှာ ပြည်သူတွေနားလည်မှု လွဲနေရင် ကျွန်တော်တို့ မီဒီယာများက အစိုးရအနေနဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့၊ ပြည်သူတွေအနေနဲ့ အစိုးရက မှန်မှန်ကန်ကန် လုပ်ဆောင်နေတဲ့အပေါ်မှာ သိရှိနားလည်စေဖို့ အစိုးရကိုလည်း တင်ပြသလို ပြည်သူများကိုလည်း တင်ပြရခြင်းဖြစ်ပါတယ်။


တချို့သော မြို့နယ်တွေမှာ အကြမ်းဖက်အန္တရာယ် ကာကွယ်ရေးကို အလေးထားဆောင်ရွက်တဲ့ တပ်မတော်အရာရှိများကို ဖရဲသီးတွေနဲ့ ပြည်ဖျက်မီဒီယာတွေ ပူးပေါင်းပြီး မဟုတ်မမှန် လုပ်ကြံဖန်တီးရေးသားတာမျိုးတွေ ရှိပါတယ်။ အဲဒီလို ကိစ္စမျိုးတွေ ကျွန်တော်တို့ မြန်မာနေရှင်နယ်ပို့စ် က တပ်မတော်အရာရှိများဘက်က ပြတ်ပြတ်သားသား ရပ်တည် ရေးသားပါတယ်။


တပ်မတော်အရာရှိများကို အလေးထားပြီး လေးစားစွာ တင်ပြလိုတာက "နိုင်ငံရေးသမားတွေရဲ့ မှိုင်းတိုက်မှုကြောင့် တပ်မတော်အပေါ်မှာ ပြည်သူတွေနားလည်မှု လွဲနေကြတယ်။ အမုန်းတရားတွေ ကိန်းအောင်နေကြတယ်။ ဒီအချိန်ဟာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်နိုင်မယ့် ကာလဖြစ်တယ်။ တပ်မတော်အရာရှိများရဲ့ ပြည်သူအပေါ် စစ်မှန်တဲ့ စေတနာကို ပြသနိုင်မယ့် ကာလဖြစ်တယ်။"


အဖွဲ့အစည်းတိုင်းမှာ လူဆိုး၊ လူကောင်းရှိပါတယ်။ အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်ခဲ့တဲ့ NLD ပါတီထဲမှာကိုပဲ အကြမ်းမဖက်လမ်းစဉ်အတိုင်း ရပ်တည်နေကြသူတွေ ရှိပါသေးတယ်။ တပ်မတော်နဲ့ ပြည်သူကြားမှာ အမုန်းတရားကြီးထွားစေလိုတဲ့ ပြည်ဖျက်မိစ္ဆာနိုင်ငံရေးသမားတွေကြတော့ တပ်မတော်အရာရှိတစ်ဦးရဲ့ လုပ်မှား ကိုင်မှား တစ်ခုကို တွေ့ရင် တပ်မတော်က ဆိုပြီး တပ်မတော်ကြီးတစ်ခုလုံးကို အပုပ်ချစော်ကားတာ ဖြစ်ပါတယ်။ နစက အစိုးရသက်တမ်းမှာပဲ ကြည့်မယ်ဆိုရင် တပ်မတော်အရာရှိများ၊ တပ်မတော်သားများသာမက ရဲအရာရှိ၊ ရဲတပ်ဖွဲ့ဝင်၊ ရဟန်းသံဃာတော်များ၊ ပြည်သူများထဲမှ ဂုဏ်ပြုထိုက်သူများ အားလုံးကို နိုင်ငံတော်အဆင့် ဆုတံဆိပ်တွေ ချီးမြှင့်တယ်။ ဘွဲ့တံဆိပ်တွေ ဆက်ကပ်ခဲ့တယ်။ ဂုဏ်ပြုထိုက်အောင် လုပ်ဆောင်ခြင်း မရှိတဲ့သူတွေ ဂုဏ်ပြုခြင်း မခံရဘူး။ ဒါက ဆုပေး၊ ဒဏ်ပေးစနစ်ပဲ။


NLD ပါတီက မဲလိမ်မဲခိုးပြီး တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို အဓမ္မနည်းနဲ့ ရယူဖို့ ကြိုးပမ်းခဲ့ခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၇၊ ၄၁၈ တို့ အရ တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူပြီး တာဝန်ယူခဲ့ရတယ်။ NLD ပါတီဟာ ဘာကြောင့် တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ဒီမိုကရေစီနဲ့ သွေဖည်ပြီး မတရားတဲ့နည်းလမ်းနဲ့ ရယူဖို့ ကြိုးစားရသလဲ။ ၂၀၁၆ ကနေ ၂၀၂၀ အထိ တိုင်းပြည်ကို အုပ်ချုပ်ခွင့် ရတဲ့အချိန်မှာ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က စလို့ ဌာနဆိုင်ရာ ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ မကျန်အောင်၊ နိုင်ငံတာဝန်မရှိတဲ့ NLD အကြီးအကဲတွေကပါ အဂတိလိုက်စားမှုတွေ ကျူးလွန်ခဲ့ကြတယ်။ အာဏာရဲ့ အရသာကို သိသွားကြတယ်။ အာဏာကို တပ်မက်လာကြတယ်။ ဒီမိုကရေစီလမ်းစဉ်ကို သွေဖည်ပြီး အာဏာရမ္မက်ထခဲ့ကြလို့ မြောင်းထဲ ရောက်ခဲ့ရတယ်။ 


ဒီအခြေအနေအပေါ်မှာ မြို့နယ်အဆင့်၊ ခရိုင်အဆင့်မှာ ဝင်ရောက်တာဝန်ယူဆောင်ရွက်ရတဲ့ တပ်မတော်အရာရှိများက မှန်ကန်စွာ သုံးသပ်ပြီး အရေးပေါ်ကာလမှာတော့ တပ်မတော်အပေါ် နားလည်မှုလွဲနေတဲ့ ပြည်သူတွေ တပ်မတော်ရဲ့ သဘောထားအမှန်ကို သိရှိအောင် ကြိုးပမ်းဆောင်ရွက်သင့်တယ်လို့ ရှုမြင်မိပါတယ်။ အဲဒီလို မဟုတ်ဘဲ သွားလေသူ NLD များရဲ့ လမ်းစဉ်ကို လိုက်ပြီး နေရာရသခိုက်၊ အာဏာရှိသခိုက်မှာ အခွင့်အရေးအတွက်သာ ရှေးရှုမယ်ဆိုရင် တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးပေါ်ကြေညာပြီး တာဝန်ယူဆောင်ရွက်နေရတဲ့ အခြေအနေအပေါ် ပြည်ပြေး ဝရမ်းပြေးများက မှိုင်းတိုက်နေသလို အာဏာလုယူတယ်လို့ ပြည်သူတွေ အထင်မှား အမြင်မှား ဖြစ်ကြပါလိမ့်မယ်။ ဒါကြောင့် ညီရင်းအစ်ကိုပမာ စိတ်ထားနဲ့ တပ်မတော်အရာရှိများကို လေးစားစွာ တင်ပြလိုတာက "ငမိုက်သားတွေ၊ ပြည်ဖျက်မိစ္ဆာ၊ နိုင်ငံရေးလုပ်စားသူတွေရဲ့ လမ်းစဉ်နောက်ကိုတော့ မလိုက်မိကြပါစေနဲ့" လို့ ပြောလိုခြင်း ဖြစ်ပါတယ်။


(၇၈) နှစ်မြောက် တပ်မတော်နေ့အခမ်းအနားမှာ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောသွားတဲ့ မိန့်ခွန်းမှာလည်း NUG နဲ့ အကြမ်းဖက်အဖွဲ့များ၊ ၎င်းတို့ကို ပံ့ပိုးပေးနေသော EAO အဖွဲ့အစည်းအချို့ကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဗိုပ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ မိန့်ခွန်းမှာ "တို့တပ်မတော်အနေနဲ့ အစိုးရက ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နဲ့အညီ နိုင်ငံတစ်ဝန်းရှိ ပြည်သူများရဲ့ လူမှုစီးပွားဘဝ လုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံးနဲ့  တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးမှု အပြည့်အဝ ရရှိရန် အလေးထား လုပ်ဆောင်သွားမှာပဲ ဖြစ်တယ်" ဆိုတာကို အထူး သတိပြုပြီး အလေးထား လုပ်ဆောင်ကြစေချင်ပါတယ်။ 


နိုင်ငံတော်အကြီးအကဲ အနေနဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးမှုကို အလေးထား ပြောဆိုနေပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၊ ခရိုင်၊ မြို့နယ် တာဝန်ရှိသူများက အလေးထား ဆောင်ရွက်ခြင်း မရှိဘူး ဆိုရင်ဖြင့် PDF အကြမ်းဖက်အဖွဲ့တွေ ရှင်သန်နေမြဲဖြစ်မှာပါ။ နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်အပေါ်မှာ ယန္တရားမှာ တာဝန်ယူဆောင်ရွက်နေသူအားလုံးက တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ ပြတ်ပြတ်သားသား ဆောင်ရွက်ကြမယ်ဆိုရင်ဖြင့် တည်ငြိမ်အေးချမ်းတဲ့ လူ့ဘောင်အသိုက်အဝန်းကို မြင်တွေ့ရမှာ ဖြစ်ပါကြောင်း . . . . . 


(မှတ်ချက် - အမုန်းတရားကို အခြေခံပြီး ရေးသားခြင်းမဟုတ်ပါ။ ပကတိ လိုအပ်ချက်နှင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုအပေါ် အလေးထားဆောင်ရွက်ကြရန်အတွက်သာ ရည်ရွယ်တင်ပြခြင်း ဖြစ်ပါတယ်။)

နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)