ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Rosatom မှ လေအားလျှပ်စစ်စီမံကိန်းအတွက် ပုပ္ပား ဒေသ ၂၀၀ မဂ္ဂါဝပ်၊ မင်းလှဒေသ ၁၁၆ မဂ္ဂါဝပ်နှင့် မင်းတုန်းဒေသ ၅၆ မဂ္ဂါဝပ်တို့အတွက် Project Proposal များ တင်ပြထားပြီးဖြစ်ကြောင်း သိရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Rosatom မှ လေအားလျှပ်စစ်စီမံကိန်းအတွက် ပုပ္ပား ဒေသ ၂၀၀ မဂ္ဂါဝပ်၊ မင်းလှဒေသ ၁၁၆ မဂ္ဂါဝပ်နှင့် မင်းတုန်းဒေသ ၅၆ မဂ္ဂါဝပ်တို့အတွက် Project Proposal များ တင်ပြထားပြီးဖြစ်ကြောင်း သိရ


MNP ၊ မတ် ၃၁

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Rusatom International Network, ROSATOM တို့အကြား ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းဆိုင်ရာများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က မွန်းလွဲ ၂ နာရီခွဲ တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးအမှတ် (၂၇) အစည်းအဝေးခန်းမ၌ ကျင်းပရာ လေအားလျှပ်စစ်ကဏ္ဍအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Rosatom မှ လေအားလျှပ်စစ်စီမံကိန်းအတွက် ပုပ္ပား ဒေသ ၂၀၀ မဂ္ဂါဝပ်၊ မင်းလှဒေသ ၁၁၆ မဂ္ဂါဝပ်နှင့် မင်းတုန်းဒေသ ၅၆ မဂ္ဂါဝပ်တို့အတွက် Project Proposal များ တင်ပြထားပြီးဖြစ်ကြောင်း သိရသည်။

ရှေးဦးစွာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်က ယနေ့တွေ့ဆုံဆွေးနွေးခြင်းသည် လေအားနှင့်အသေးစား ရေအားလျှပ်စစ်စီမံကိန်းများ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ ရုရှား - မြန်မာ နှစ်နိုင်ငံ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Coordinating Group) အနေဖြင့်လည်း အကြိမ်ကြိမ်ဆွေးနွေးခဲ့ပါကြောင်း၊ မိမိနှင့်ဝန်ကြီးဌာနမှ ကိုယ်စားလှယ်အဖွဲ့သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့နှင့် ဆိုချီမြို့တို့သို့ သုတေသနလေ့လာ ရေးခရီး သွားရောက်ခဲ့ရာ ခရီးစဉ်အတွင်း Barsuch-kovskaya (ဘာဆပ်ကော့ဗ် ဆကာရ) အသေးစားရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် Kochu-beevskaya (ကိုချူဘိဗ်ဆ ကာရ) လေအားလျှပ်စစ် စက်ရုံများသို့ သွားရောက်၍ ရေအားနှင့်လေအား လျှပ်စစ်ဆိုင်ရာ တည်ဆောက်ထားရှိမှုများ၊ ဓာတ်အားစနစ်နှင့် ချိတ်ဆက်ဆောင်ရွက်ထားရှိမှုများအား လေ့လာသိရှိခဲ့ရပါကြောင်း။

ပြီးခဲ့သည့် ဖေဖော်ဝါရီလက ရန်ကုန်မြို့သို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Rosatom မှ ကိုယ်စားလှယ်အဖွဲ့ လာရောက်ခဲ့သည့် ခရီးစဉ်အတွင်းရေအားလျှပ်စစ် ကဏ္ဍ၌ အသေးစားစီမံကိန်းများတွင်သာမက အကြီးစားရေအားလျှပ်စစ် စီမံကိန်းများကိုလည်း ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ကြောင်းနှင့် လေအား လျှပ်စစ်ကဏ္ဍတွင် နိုင်ငံတစ်ဝန်းဇုန် ခြောက်ခုတို့၌ စုစုပေါင်း တပ်ဆင်အင်အား မဂ္ဂါဝပ် ၈၀၀၀ ကျော် အထိ တင်ဒါခေါ်ယူသွားမည့် အစီအစဉ်များအပေါ် ရင်းနှီးမြှုပ်နှံမှုတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင် ကြောင်းကို ပြောကြားခဲ့ပြီးဖြစ်သဖြင့် အဆိုပါစီမံကိန်းများကို ဆက်လက်ဆောင်ရွက်နိုင်ရန် ပုပ္ပား ဒေသ ၂၀၀ မဂ္ဂါဝပ်၊ မင်းလှဒေသ ၁၁၆ မဂ္ဂါဝပ်နှင့် မင်းတုန်းဒေသ ၅၆ မဂ္ဂါဝပ်တို့အတွက် Project Proposal များကို လာရောက်တင်ပြသည်ဟု သိရှိရ၍မိမိတို့မှ ကြိုဆိုပါကြောင်းနှင့် တင်ပြချက်များအား စိစစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ Feasibility Study ဆောင်ရွက်ခွင့်နှင့် နားလည်မှု စာချွန်လွှာ (MOU) ရေးထိုးနိုင်ရန် ဆက်လက်တင်ပြသွားမည်ဖြစ်ပါကြောင်း။

ယခုဆောင်ရွက်မည့် လေအားလျှပ်စစ်စီမံကိန်းများကိုလည်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းအပြင် ပြည်သူများ ဝင်ရောက်လေ့လာနိုင်ရန် လုပ်ငန်းကိုလည်း ပူးတွဲဆောင်ရွက်နိုင်ပါကြောင်း၊ ပူတာအို ဒေသတွင် အသေးစားရေအားလျှပ်စစ်စီမံကိန်းများကို ဆောင်ရွက်နိုင်ပါကြောင်း၊ လျှပ်စစ်ကဏ္ဍတွင် ROSATOM မှ မိမိတို့ဝန်ကြီးဌာနနှင့်ဖြစ်စေ၊ မြန်မာနိုင်ငံမှ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများနှင့်ဖြစ်စေ ပူးပေါင်းဆောင်ရွက်၍ မြန်မာနိုင်ငံပြည်သူများအတွက် လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားကို လျင်မြန်စွာ ဖြည့်ဆည်းပေးနိုင်ရေး ဆက်လက်၍ လည်း ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြား သည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ Rusatom Interna-tional Network, ROSATOM မှ President, မစ္စတာ ဗာဒင်တီတောက အပူစွမ်းအင်သုံးစီမံကိန်းများနှင့်ပတ်သက်၍ လာမည့်ဇွန်လတွင် ဆောင်ရွက်နိုင်မည့် အစီအစဉ်များကို ပြန်လည်၍ ဖြေကြားသွားမည် ဖြစ်ပါကြောင်း၊ ရေအားလျှပ်စစ်စီမံကိန်းများ ဖြစ်သော ၂၀ မဂ္ဂါဝပ် ထွက်ရှိနိုင်သည်များကိုလည်း ပြန်လည်သုံးသပ်၍ ဧပြီလအတွင်း ပြန်လည်တင်ပြ သွားမည်ဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အသေးစား ရေအားလျှပ်စစ်များ ထုတ်လုပ်နိုင်ရန် ၁ မဂ္ဂါဝပ်အောက် ထုတ်လုပ်နိုင်သော စက်ပစ္စည်းများလည်း အသင့်ရှိပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့တို့သည် လေအားနှင့်အသေးစားရေအား လျှပ်စစ်စီမံကိန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များအား အသေးစိတ်ဆွေးနွေးပြောကြား ခဲ့ကြကြောင်း သိရသည်။       


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)