ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်





MNP ၊  ဧပြီ ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းမော်က ပြည်သူများ တစ်ပိုင်တစ်နိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းများ တိုးတက်ပေါ်ထွန်းလာစေရန်၊ မိသားစုဝင်ငွေများ တိုးပွားလာစေရန်နှင့် ပြည်တွင်းထုတ်ကုန်များ အမည်သစ်များ ပေါ်ထွက်လာပြီး ဈေးကွက်အတွင်း ပြည်ပသွင်းကုန်များအား အစားထိုး ယှဉ်ပြိုင်လာစေရန်၊ လူသုံးကုန်ထုတ်လုပ်မှုဆိုင်ရာ ဥပဒေညွှန်ကြားချက်များကို သိရှိလာစေရန်၊ ကျေးလက်ဒေသ ဆင်းရဲမှုလျော့ချရေးအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနအနေဖြင့်  လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းများအပြင် အခြားအသက်မွေးဝမ်းကျောင်း ကာလတိုသင်တန်းများဖြစ်သော စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ ဝါးအခြေခံလက်မှုထည်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း၊ တစ်လုံးထိုး ဒီဇယ်အင်ဂျင်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းများကို ရှမ်းပြည်နယ်အတွင်း လိုအပ်သောဒေသများသို့ သွားရောက်ပို့ချပေးလျက်ရှိပါကြောင်း၊ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် ဆပ်ပြာရည်အမျိုးမျိုး၊ ခေါင်းလျှော်ရည်အမျိုးမျိုး၊ ကိုယ်တိုက်ဆပ်ပြာနှင့် လက်သန့်ဆေးရည် အစရှိသည်တို့ကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ 


ဆက်လက်၍ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်နှင့် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းမော်တို့က သင်တန်းသူများအား သင်တန်းသုံးအထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ အဆိုပါသင်တန်းကို ယနေ့မှ ဧပြီလ(၂၈)ရက်နေ့အထိ သင်တန်းသူ(၂၀)ဦးဖြင့် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များက သင်တန်းသုံးအထောက်အကူပြုပစ္စည်းများ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)