ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း၊ ယဉ်ကျေးလိမ်မာခြင်း၊ မျိုးချစ်စိတ်ရှိခြင်းစသည့် ကောင်းမြတ်သော အရည်အသွေးများ ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များ ရရှိပိုင်ဆိုင်ကြစေရန် လေ့ကျင့်ပျိုးထောင်ပေးခြင်းသည် အနာဂတ်နိုင်ငံတော်ကို အုတ်မြစ်ချ တည်ဆောက်ခြင်းပင်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း၊ ယဉ်ကျေးလိမ်မာခြင်း၊ မျိုးချစ်စိတ်ရှိခြင်းစသည့် ကောင်းမြတ်သော အရည်အသွေးများ ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များ ရရှိပိုင်ဆိုင်ကြစေရန် လေ့ကျင့်ပျိုးထောင်ပေးခြင်းသည် အနာဂတ်နိုင်ငံတော်ကို အုတ်မြစ်ချ တည်ဆောက်ခြင်းပင်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြား







MNP ၊ ဧပြီ ၂၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန် မောင်မယ်များအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ (MICC-II)၌ တွေ့ဆုံ၍ ဩဝါဒစကားမြွက်ကြားသည်။


အခမ်းအနားသို့ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးဝဏ္ဏမောင်လွင်၊  ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာ မှုထန်၊ ဦးမောင်ကို၊ ဒေါက်တာ အောင်ကျော်မင်း၊ ဒေါက်တာကျော်ထွန်း၊ ခွန်စံလွင်၊ ဦးရွှေကြိမ်း နှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲ ရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီး များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်လူရည်ချွန် မောင်မယ်များ တက်ရောက်ကြ သည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဩဝါဒစကားမြွက်ကြားရာတွင် လူငယ်ဆိုသည်မှာ အနာဂတ်တွင် နိုင်ငံတော်၏ တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြရမည့် သားကောင်းရတနာများပင် ဖြစ် ပါကြောင်း၊  လူငယ်ဆိုသည်မှာ ဖျတ်လတ်သွက်လက်ခြင်း၊ နိုးကြားတက်ကြွခြင်း၊ ခွန်အားရှိခြင်း၊ စူးစမ်းတတ်ခြင်း၊ စွန့်စားခြင်း၊ ရဲရင့်ခြင်းနှင့် ဖန်တီးနိုင်စွမ်းအား ရှိသူများပင် ဖြစ်ကြကြောင်း၊ မောင်တို့မယ်တို့ ကျောင်းသားလူငယ်များသည် ကလေး ဘဝနှင့် လူကြီးဘဝအကြားတွင်ရှိသည့် လူငယ်များဖြစ်သည့်အတွက် အဆိုပါအရည် အသွေးကောင်းများကို ပိုင်ဆိုင်ထားပြီးဖြစ်ကြောင်း၊ မိမိဘဝအတွက်၊ မိမိ မိသားစု အတွက်၊ မိမိတိုင်းပြည်နှင့်လူမျိုးအတွက် မိမိလိုလားတောင့်တသည့် ပန်းတိုင်ကို အရောက်လှမ်းနိုင်ရန် ရည်မှန်းချက်၊ မျှော်လင့်ချက်များနှင့် တွန်းအားပေးနိုင်သည့် မောင်းနှင်အားများကို ပိုင်ဆိုင်ထားကြသည်ဟု ပြောနိုင်ကြောင်း။


အဆိုပါအရည်အသွေးကောင်းများကို ပိုင်ဆိုင်ထားသည့် မောင်တို့မယ်တို့ ကျောင်းသားလူငယ်များသည် လူ့အသိုင်းအဝိုင်းတွင် အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု၊ ရိုင်းပင်းကူညီမှု၊ စာနာထောက်ထားမှု၊ ရင်းနှီးဖော်ရွေမှု၊ ယဉ်ကျေးသိမ်မွေ့မှု၊ အပြန်အလှန်လေးစားမှုတို့နှင့် နေထိုင်ပြောဆို ဆက်ဆံကြပြီး စဉ်းစားဆင်ခြင်မှု အသိဉာဏ် ပညာများနှင့် ကြိုးစားအားထုတ်သွားကြမည်ဆိုပါက ဘဝတွင်အောင်မြင်မှုများကို ရရှိနိုင်မည်မှာ မလွဲဧကန်ပင်ဖြစ်ကြောင်း။


ပညာထူးချွန်ပြီးထက်မြက်သည့် ဉာဏ်ရည်ဉာဏ်သွေးနှင့် အသိပညာ အတတ်ပညာများ တတ်မြောက်သည့်အပြင် ကျန်းမာသန်စွမ်းခြင်း၊ ကြိုးစားအားထုတ်ခြင်း၊ စာရိတ္တကောင်းမွန်ခြင်း၊ ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း၊ ယဉ်ကျေးလိမ်မာခြင်း၊ မျိုးချစ်စိတ်ရှိခြင်းစသည့် ကောင်းမြတ်သော အရည်အသွေးများ ပြည့်စုံသည့် လူ့စွမ်း အားအရင်းအမြစ်များ ရရှိပိုင်ဆိုင်ကြစေရန် လေ့ကျင့်ပျိုးထောင်ပေးခြင်းသည် အနာဂတ်နိုင်ငံတော်ကို အုတ်မြစ်ချ တည်ဆောက်ခြင်းပင်ဖြစ်ကြောင်း။


ထို့ကြောင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန်စီမံကိန်းကို ဉာဏ်ပညာထူးချွန် ပြီး ကျန်းမာသန်စွမ်းကာ အကျင့်စာရိတ္တ ကောင်းမွန်သည့် ထူးချွန်ထက်မြက်သော ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရန်၊ ပညာရေး လက်တွေ့ဖွံ့ဖြိုးမှုလုပ်ငန်းများ တွင် ပိုမိုစိတ်ပါဝင်စားလာပြီး နိုင်ငံအကျိုးပြုလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက် နိုင်သည့် နိုင်ငံ့သားကောင်းများ ပေါ်ပေါက်လာစေရန်၊ ထူးချွန်ထက်မြက်သော ကျောင်းသား ကျောင်းသူများကို စံနမူနာပြု၍ ကျောင်းသားလူငယ်များအား ပြုစုပျိုးထောင် ပေးရန် ဆိုသည့် ကောင်းမြတ်သော ရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက် ခြင်းဖြစ်ကြောင်း။


“ လူရည်ချွန်စီမံကိန်း ”ကို ၁၉၆၄ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၁၉၈၈ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုလူရည်ချွန်စီမံကိန်းအထိကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ်မှစပြီး ခေတ္တရပ်နားခဲ့သည့် “ လူရည်ချွန် စီမံကိန်း ”ကို ၂၀၁၃ ခုနှစ်တွင် “ဘက်စုံပညာထူးချွန်လူငယ် စီမံကိန်း” အဖြစ် ပြန်လည် ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်တွင် “လူရည်ချွန် စီမံကိန်း” အမည်နှင့် ပြန်လည် ပြင်ဆင်ဆောင်ရွက်ခဲ့သည်ကို တွေ့ရပြီး လာမည့်နှစ်တွင် နှစ် ၆၀ ပြည့်တော့မည်ဖြစ်ကြောင်း။


၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှစပြီး ကိုဗစ်- ၁၉ ရောဂါကူးစက် ပြန့်ပွားမှုထိန်းချုပ် ရသည့်အခြေအနေကြောင့် လူရည်ချွန်စီမံကိန်းကို ခေတ္တရပ် နားခဲ့ရာမှ ယခု ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်တွင် ပြန်လည်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း။


ယခုပညာသင်နှစ်တွင် အဋ္ဌမတန်းလူရည်ချွန် ၁၆၀ ဦး၊ ဒသမတန်း လူရည်ချွန် ၁၆၀ ဦး၊ ဧကာဒသမတန်းလူရည်ချွန် ၁၅၈ ဦး စုစုပေါင်း ၄၇၈ ဦးကို ရွေးချယ် မွေးထုတ်နိုင်ခဲ့ပြီး ပုဂံ၊ တောင်ကြီး၊ ငွေဆောင် စသည့် လူရည်ချွန် စခန်းအသီးသီးကို လေ့လာရေးခရီးစဉ် အဖြစ် စေလွှတ်သွားမည် ဖြစ်ကြောင်း။


ထိုသို့ အဖွဲ့လိုက် စုစုစည်းစည်း သွားလာနေထိုင်လေ့လာ ကြခြင်းဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ လူရည်ချွန် မောင်မယ်များအနေဖြင့် အချင်းချင်း ရင်းနှီးခင်မင်မှုရရှိခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊‌ ဒေသန္တရဗဟုသုတများ ဖလှယ်ခြင်း ဖြင့် မိမိတို့‌သူငယ်ချင်းများ နေထိုင်ရာဒေသအကြောင်းနှင့် လူရည်ချွန်စခန်း အခြေစိုက် ရာဒေသများ၏ ရိုးရာယဉ်ကျေးမှုဓလေ့များ၊ ဒေသန္တရ ဗဟုသုတများ တိုးပွားစေမည် ဖြစ်ပြီး မိမိတို့နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးစိတ်၊ တန်ဖိုးထားစိတ်များကိန်းအောင်း ရှင်သန်လာစေမည်ဖြစ်ကြောင်း။


မျိုးဆက်သစ် လူငယ်မောင်မယ်များကို အခုကဲ့သို့ထူးချွန်ထက်မြက်သည့် လူရည်ချွန်များဖြစ်လာစေရေး ပြုစုပျိုးထောင်ပေးရန် အရေးကြီးသကဲ့သို့ ကိုယ်နှုတ် နှလုံးသုံးပါး ယဉ်ကျေးလိမ္မာပြီး လူမှုရေးအသိစိတ်ဓာတ်များရရှိစေရန်၊ လူ့အဖွဲ့အစည်း တွင် အဆင်ပြေစွာလိုက်လျောညီထွေ နေထိုင်တတ်စေရန်၊ ပူးပေါင်းညှိနှိုင်း ဆောင်ရွက် တတ်စေရန်၊ ဦးဆောင်တတ်သူများ ဖြစ်လာစေရန်နှင့် နောက်လိုက်ကောင်းများ ဖြစ်စေရန်၊ အသက်အရွယ် အလိုက်ရရှိထိုက်သည့် အခွင့်အရေးများရရှိကြရန်လို ကြောင်း၊ အဆိုပါအခွင့်အရေးများနှင့် လျော်ညီစွာ ထမ်းဆောင်ရမည့် တာဝန် ဝတ္တရား များကို သိရှိနားလည်ပြီး လိုက်နာကျင့်သုံးတတ်စေရန်၊ လူလိမ္မာနှင့်လူမိုက်ကို ခွဲခြား သိရှိပေါင်းသင်း ဆက်ဆံတတ်စေရန်၊ ပညာရှိသူတော်ကောင်းများ၏ သဘောသဘာဝ ကို သိရှိနားလည်ပြီး အဆိုပါပုဂ္ဂိုလ်များကဲ့သို့ နေထိုင်ပြုမူကျင့်သုံးတတ်စေရန်၊ တစ်နည်းအားဖြင့် စိတ်ထားမြင့်မြတ်ပြီး အဘက်ဘက်က ပြည့်စုံသည့် လူရည်ချွန် လူရည်မွန်များ ဖြစ်လာစေရန် ပျိုးထောင်ပေးရေးသည် နိုင်ငံတော်က မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ရပ်ပင် ဖြစ်ကြောင်း။


ထို့ကြောင့် နိုင်ငံတော်အနေဖြင့် မောင်တို့မယ်တို့ကို နိုင်ငံ၏ အနာဂတ်အတွက် ဦးဆောင်နိုင်သည့် ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန် ရည်မှန်းချက်ထားပြီး အများနှင့် စုပေါင်းနေထိုင် တတ်စေရန်၊ အများအကျိုးကို ဆောင်ရွက်နိုင်စေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တနှင့် ပြည့်စုံသည့် အနာဂတ်မျိုးဆက်သစ်များဖြစ်အောင် ပြုစုပျိုးထောင် ပေးနိုင်ရန်အတွက် လူရည်ချွန်စီမံကိန်းအပြင် လူငယ်ကဏ္ဍ အစီအစဉ် များစွာကိုလည်း အားပေး ဆောင်ရွက်လျက်ရှိကြောင်း။


ထိုသို့ လေ့ကျင့်ပေးသည့်အတွက် မောင်တို့ မယ်တို့သည် ဘက်စုံ ထူးချွန် လူရည်ချွန် လူရည်မွန်များအဖြစ် တိုင်းပြည်၏ အနာဂတ်အတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့် အထောက်အကူဖြစ်လာမည်ပင်ဖြစ်ကြောင်း၊ မောင်တို့ မယ်တို့ကျောင်းသား လူငယ်များထဲမှ အနာဂတ်နိုင်ငံတော်ကို ဦးဆောင်နိုင်မည့် နိုင်ငံ့ခေါင်းဆောင် ကောင်းများ ပေါ်ထွက်လာစေရန်လည်း အများကြီးမျှော်လင့်သည်ကို ပြောကြားလို ကြောင်း။


နိုင်ငံတော်အနေဖြင့် အသိပညာ၊ အတတ်ပညာပြည့်စုံသည့် ပညာတတ်များ ပေါ်ထွက်လာစေရန် အလေးထားဆောင်ရွက်နေသကဲ့သို့ ကျောင်းနေအရွယ် ကလေး အားလုံး ကျောင်းနေရေး၊ ကျောင်းသား ကျောင်းသူများအားလုံး အနည်းဆုံးအလယ် တန်းဆင့် ( KG + 9 ) ပြီးမြောက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်မှစပြီး အလယ်တန်းဆင့် ပြီးမြောက် အောင်မြင်ပြီး စိတ်ပါဝင်စားသူများ တက်ရောက်နိုင်သည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တွဲဖက်အထက်တန်းကျောင်း ၅၁ ကျောင်းကိုခရိုင် ၅၀ တွင်ဖွင့်လှစ်နိုင်ရန် အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း။


ထို့ကြောင့် အခြေခံပညာအလယ်တန်းဆင့် ပြီးမြောက်အောင်မြင်ပြီး ပညာဆက် လက်သင်ယူမည့် ကျောင်းသားလူငယ်များအနေဖြင့် အခြေခံပညာ(အထက်တန်း)၊ စက်မှုနည်းပညာ၊ စိုက်ပျိုးရေး အတတ်ပညာ၊ မွေးမြူရေးအတတ်ပညာ စသည့်ပညာ ရေး လမ်းသွယ် ၄ မျိုးကို သင်ယူနိုင်မည့် အခွင့်အလမ်းများကို ရရှိနိုင်ပြီး အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်သည်ကို အသိပေးပြောကြား လိုကြောင်း၊ ထူးချွန် ထက်မြက်သူများ အနေဖြင့်လည်း ဝါသနာပါရာအဆင့်မြင့်ပညာများကို သက်ဆိုင်ရာ သိပ္ပံ၊ ကောလိပ်၊ တက္ကသိုလ်များတွင် ဆက်လက်သင်ယူနိုင်ကြမည်ဖြစ်သဖြင့် မိမိတို့ ဘဝအတွက်၊ နိုင်ငံအတွက် ကြိုးစားကြရန် မှာကြားလိုကြောင်း။


နိုင်ငံတော်အနေဖြင့် ထူးချွန်ထက်မြက်သည့် ကျောင်းသား၊ ကျောင်းသူများကို အရည်အချင်းစိစစ်ပြီး နိုင်ငံအသီးသီးသို့ ပညာတော်သင်များ စေလွှတ်နိုင်ရေး အတွက်လည်း ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ထို့ကြောင့် ကျောင်းသား ကျောင်းသူ များအနေဖြင့် နိုင်ငံအရေးကို ဦးထိပ်ထားပြီး မိမိသင်ယူရမည့် ပညာရပ်နယ်ပယ်တွင် ထူးချွန်ထက်မြက်အောင် အပတ်တကုတ် ကြိုးစားအားထုတ်ကြရန် မှာကြား လိုကြောင်း။


ထို့ပြင် မိမိတို့၏ ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက် ခြိမ်းခြောက်လျက် ရှိသည့် မိမိဘဝအညွန့်ကျိုး ဒုက္ခရောက်စေမည့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ် များကို ပိုမိုသိရှိနားလည်သတိထား ရှောင်ရှားကြရန်နှင့် အမှောင့်ပယောဂ အမျိုးမျိုး တို့ကို အသိဉာဏ်ပညာနှင့် ရှောင်ရှားနိုင်ရန် လိုအပ်ကြောင်း၊ ထို့ကြောင့် အားလပ်သည့် အချိန်တွင် မိမိတို့၏ ပင်ကိုယ်အရည်အသွေးကို မြှင့်တင်သည့် လုပ်ငန်းများကို ဆောင်ရွက်ကြရန်၊ အင်တာနက်ကို အကျိုးရှိစွာ အသုံးချပြီး အင်တာနက်ကို ပညာရှာမှီးရာတွင် အသုံးချရန်၊ စာများများဖတ်ကြရန်နှင့် မိမိကျန်းမာရေးကို ဂရုစိုက် ကြရန် မှာကြားလိုကြောင်း။


နိုင်ငံတစ်နိုင်ငံ အဓွန့်ရှည်တည်တံ့ခိုင်မြဲပြီး အောင်မြင်ရန်အတွက် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးသကဲ့သို့ နိုင်ငံသူ၊ နိုင်ငံသားများ၏ စိတ်ဓာတ်နှင့် ကိုယ်ကျင့်တရားကောင်းမွန်ရေးသည်လည်း အလွန်အရေးကြီးကြောင်း၊ နိုင်ငံတော် ထာဝရအဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံသားများ၏ မြင့်မားသည့် အသိဉာဏ်ပညာ စွမ်းပကားနှင့် တည်ဆောက်ကြရမည် ဖြစ်သကဲ့သို့ နိုင်ငံနှင့် လူမျိုးကို ချစ်မြတ်နိုးသည့်စိတ်၊ ကိုယ်ကျင့်သိက္ခာတရားကို တန်ဖိုးထားသည့်စိတ်၊ ကြိုးစားအား ထုတ်လိုစိတ်၊ တီထွင်ဖန်တီး ထိုးထွင်းဆောင်ရွက်လိုစိတ်များရှိရန်လည်း အထူးလိုအပ် သည်ကို ပြောကြားလိုကြောင်း။


မောင်တို့ မယ်တို့အနေဖြင့် မိဘ၊ ဆရာသမားများ၏ ပြောဆိုဆုံးမမှု အောက်တွင် ကောင်းမွန်သည့် စည်းကမ်းများ၊ ကိုယ်ကျင့်တရားများနှင့်အညီ ကြိုးစားအားထုတ်ခဲ့ ကြသဖြင့် ယခုကဲ့သို့ ဂုဏ်ပြုအခမ်းအနားကြီးကို တက်ရောက်ခွင့် ရရှိခြင်းဖြစ်သည့် အတွက် ဆက်လက်၍လည်း အခုကဲ့သို့ကြိုးစားသွားကြရန် ထပ်လောင်းပြောကြား လိုကြောင်း။


“စည်းကမ်းသည် လူ၏တန်ဖိုးဖြစ်သည်” ဆိုသည့်စကားနှင့်အညီ ဆက်လက် လျှောက်လှမ်းရမည့် အနာဂတ်ခရီးလမ်းတွင်လည်း မောင်တို့မယ်တို့ ကျောင်းခန်းထဲ တွင် တွေ့မြင်နေကြရသည့် “အမျိုးသား စည်းကမ်း အစ စာသင်ကျောင်းက ” ဆိုသည့် ဆောင်ပုဒ်အတိုင်း ဥပဒေနှင့် စည်းကမ်းကို လေးစားလိုက်နာသည့် နိုင်ငံကြီးသားပီသ စေရန် မမေ့မလျော့ အစဉ်အမြဲ ကျင့်ကြံနေထိုင်ကြရန်လည်းတိုက်တွန်းလိုကြောင်း။


ကျောင်းသား၊ ကျောင်းသူဘဝတွင် တပည့်ကောင်းဖြစ်စေရေး ကြိုးပမ်းရမည် ဖြစ်သကဲ့သို့ တိုင်းပြည်ကို ဦးဆောင်မည့်သူများဖြစ်ရန်အတွက် စည်းကမ်းကောင်းမွန် သည့် ခေါင်းဆောင်ကောင်းများ ဖြစ်လာကြရေး ကြိုးပမ်းအားထုတ်ရန် တိုက်တွန်းမှာ ကြားလိုကြောင်း။


မောင်တို့ မယ်တို့ ကျောင်းသားကျောင်းသူ လူငယ်များအနေဖြင့် ဘဝဆက်လက် ရှင်သန် အောင်မြင်အောင် လျှောက်လှမ်းနိုင်ရန် အခြေခံကောင်းများ ပြည့်စုံနေရန် လိုအပ်ကြောင်း၊ ယင်းအခြေခံကောင်းများသည် လူငယ်ဘဝတွင် ကျင့်ကြံလိုက်နာပြုမူ ကြရမည့် ကျင့်ဝတ်များပင် ဖြစ်ကြောင်း၊ အဆိုပါကျင့်ဝတ်များမှာ မောင်တို့ မယ်တို့ သိရှိပြီးဖြစ်သည့် “သားသမီးကျင့်ဝတ် ငါးပါး” နှင့် “တပည့်ကျင့်ဝတ်ငါးပါး” တို့ပင် ဖြစ်ကြောင်း၊  လူငယ်ဘဝတွင် အဆိုပါကျင့်ဝတ်များကို ထိန်းသိမ်းလိုက်နာ သွားနိုင် ကြမည်ဆိုပါက ဘဝအတွက် အခြေခံကောင်းများကို ပိုင်ဆိုင်ကြပြီး တိုးတက် အောင်မြင်ကြမည်ဖြစ်သကဲ့သို့ နိုင်ငံတော်က အားကိုးအားထားပြုရမည့် သားကောင်း ရတနာများ ဖြစ်လာကြမည်မှာ ဧကန်မလွဲဖြစ်သည်ဟု ပြောကြားလိုကြောင်း။


လူရည်ချွန်မောင်မယ်များအနေဖြင့် မိမိကိုယ်တိုင်၊ မိမိကျောင်း၊ မိမိ ပတ်ဝန်း ကျင်နှင့် မိမိနိုင်ငံ‌တော်၏ အကျိုးစီးပွားအတွက် ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသမျှ သစ္စာရှိစွာ ပခုံးပြောင်း တာဝန်ယူဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် အလေး အနက်တိုက်တွန်း မှာကြားလိုကြောင်း။


“လူရည်ချွန်စီမံကိန်း”သည် ဆယ်စုနှစ်များစွာ သန္ဓေတည်ဖွံ့ဖြိုးလာခဲ့ပြီး နိုင်ငံ့ သားကောင်းရတနာများ မွေးထုတ်ပေးခဲ့သည့်၊ အစဉ်အလာကောင်းရှိခဲ့သည့် ပညာရေး စီမံကိန်းလုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ နိုင်ငံ‌တော်၏ လူမှုရေးဦးတည်ချက် တစ်ရပ် ဖြစ်သည့် “ ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေး အတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန် ဘက်စုံ ပညာရေးကဏ္ဍမြှင့်တင်ရေး”ဆိုသည့် ဦးတည်ချက်ကို ပေါက်မြောက် အောင်မြင်ရန် အတွက် လာမည့်ပညာသင်နှစ်များတွင်လည်း အနာဂတ်မျိုးဆက်သစ်များ စဉ်ဆက် မပြတ် ဖော်ထုတ်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန်၊ လူရည်ချွန်မောင်မယ်များအားလုံး ကျန်းမာပျော်ရွှင်စွာနှင့် လေ့လာရေး ခရီးစဉ်တွင် အစအဆုံးအောင်အောင်မြင်မြင် ပါဝင်နိုင်ကြပြီး ဗလငါးတန်နှင့် ပြည့်စုံသည့် နိုင်ငံ့ အကျိုးပြုသားကောင်းရတနာ သမီးကောင်းရတနာများ ဖြစ်ကြပါစေဟု ဆုမွန်ကောင်း တောင်းပါကြောင်းဖြင့် ပြောကြားသည်။


ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များကိုယ်စား နေပြည်တော်၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ Grade-11 မှ နှစ်ထပ် ကွမ်းလူရည်ချွန် မခြူးမြတ်စန္ဒီ က ဂါရဝပြုကျေးဇူးတင်စကား ပြန်လည်ပြောကြား သည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများ၊ လူရည်ချွန်မောင်မယ်များသည် စုပေါင်းမှတ် တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ ၎င်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လူရည်ချွန်မောင်မယ်များကို ရင်းရင်းနှီးနှီး နှုတ်ဆက် ခဲ့ကြောင်းသတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)