နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေး















MNP ၊ ဧပြီ ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထားကိုးကွယ်ရန်ဆောင်ရွက်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးနေမှုအခြေအနေများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးသည်။


ဦးစွာ ရှင်းလင်းဆောင်၌ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်းက ဧပြီ ၅ ရက်နှင့် ၂၂ ရက်နေ့များက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် လာရောက်စစ်ဆေးစဉ် မှာကြားချက်များအပေါ်ဆောင်ရွက်ပြီးစီးမှု၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအားထုဆစ်ခြင်းနှင့် တည်ထားကိုးကွယ်ရန် ဆောင်ရွက်နေမှု၊ လက်မှုအချောထည်များဆောင်ရွက်နေမှု၊ ဥဏ္ဏလုံမွေးရှင်တော်တပ်ဆင်ပူဇော်ရန် ဆောင်ရွက်နေမှု၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ အတိုင်းအတာနှင့်အလေးချိန်ဆိုင်ရာ အချက်အလက်များကို QR Code ဖြင့်ဖော်ပြနိုင်ရန် ဆောင်ရွက်လျက်ရှိမှုများကိုလည်းကောင်း၊ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းက ဗုဒ္ဓဥယျာဉ်အတွင်း သာသနိကအဆောက်အအုံများ၊ ရေပန်းရင်ပြင်၊ ရင်ပြင်တော်၊ ဂန္ဓကုဋိတိုက်၊ မုစလိန္ဒအိုင်နှင့် နဂါးရုံဘုရားတည်ဆောက်ခြင်း၊ သာသနာ့ဗိမာန်တည်ဆောက်ခြင်းနှင့် ကျောက်စာရုံစေတီများ တည်ဆောက်ခြင်း၊ အဝင်မုဒ်ဦးများတည်ဆောက်နေမှုနှင့် လုပ်ငန်းတိုးတက်မှုအခြေအနေ များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးထုဆစ်ပြီးစီးမှု၊ တံခွန်တိုင် တည်ဆောက်နေမှု၊ ဂန္ဓကုဋိတိုက်များတည်ဆောက်ပြီးစီးမှု၊ သုဓမ္မာဇရပ်များတည် ဆောက်ပြီးစီးမှု၊ ရေပန်းရင်ပြင်တည်ဆောက်ပြီးစီးမှု၊ အဝင်မုခ်ဦးများတည်ဆောက်ပြီးစီးမှု၊ ကျောက်စာရုံစေတီတော်များတည်ဆောက်ပြီးစီးမှု၊ မုစလိန္ဒအိုင်တည်ဆောက် ပြီးစီးမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် လိုအပ်သည်များမှာကြားဖြည့်ဆည်းဆောင်ရွက် ပေးသည်။


အဆိုပါ “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မြန်မာနိုင်ငံတွင်ထေရဝါဒဗုဒ္ဓ သာသနာတော်ကြီး ခိုင်မာစွာထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည်ထေရဝါဒ ဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ တိုင်းပြည်အေးချမ်း သာယာမှုရှိစေရန်၊ ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန် စသည့်ရည်ရွယ်ချက် ၄ ရပ်ဖြင့် တည်ထားကိုးကွယ်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ စကျင်ကျောက်တော်ကြီးတည်ရှိရာ မတ္တရာမြို့နယ်၊ စကျင်တောင်မှဆီမီးခုံဆိပ်ကမ်းထိ ရေလမ်းကြောင်းဖြင့်လည်းကောင်း၊ ၎င်းမှတဆင့် မန္တလေး-ရန်ကုန် အမြန်လမ်းအတိုင်း နေပြည်တော်သို့ Modular Trailer များဖြင့်လည်းကောင်း အခက်အခဲများစွာကြားမှ ပင့်ဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ နေပြည်တော်သို့ရောက်ရှိလာသည့် ကျောက်တုံးတော် ကြီးများကိုအဆင့်မြင့်နည်းပညာဖြစ်သည့် CNC Machine များဖြင့် ပုံဖော်ထုဆစ်ခြင်းလုပ်ငန်းများကို ကျွမ်းကျင်ပညာရှင်များ၊ ခေတ်မီစက်ကိရိယာများဖြင့် နေ့မအား၊ ညမနား ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း။


ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း (၁/၂/၃) တို့ကိုတွဲဆက်ထားသည့် ဆင်းတုတော်အစိတ်အပိုင်းကြီးကို ဇန်နဝါရီ ၂၆ ရက် မင်္ဂလာအချိန်တွင်ရတနာ ပလ္လင်တော်ထက်သို့ စတင်ပင့်ဆောင်ခဲ့ကာ ဇန်နဝါရီ ၃၁ ရက်တွင် ပလ္လင်တော်ထက်သို့ အောင်မြင်စွာပင့်ဆောင်ပူဇော်နိုင်ခဲ့ကြောင်း၊ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင်လည်း ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အမှူးပြုသည့် ပြည်ထောင်စု မြန်မာနိုင်ငံတော်တစ်ဝန်းလုံးမှ (၇) ရက် သား၊ သမီး၊ ဘုရား ဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များကကုသိုလ်ပြုလှူဒါန်းထားသည့် အဖိုးတန်ကျောက်မျက် ရတနာဌာပနာတော် ကုသိုလ်ပစ္စည်းများဌာပနာသွင်းလှူပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနားများကို ဇန်နဝါရီ ၂၇ နှင့် ဖေဖော်ဝါရီ ၁၀ ရက်တို့တွင်အောင်မြင်စွာ ပြုလုပ်ပြီးစီးခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းလုံးမှဌာပနာတော်ကုသိုလ်ရှင်များ၊ ပြည်သူပြည်သားများအားလုံး ဝမ်းမြောက်နုမော်သာဓုခေါ်ဆိုခဲ့ကြကြောင်း၊ ဖေဖော်ဝါရီ ၁၁ ရက်တွင် ဆင်းတုတော်အပိုင်း ၄ ကိုရတနာပလ္လင်တော် ထက်သို့ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခုအခါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးထုဆစ်မှုမှာ ၉၅ ရာခိုင် နှုန်း ပြီးစီးပြီဖြစ်ကြောင်း။


ထိုကဲ့သို့ ရုပ်ပွားတော်မြတ်ကြီးထုဆစ်နေသည့်နည်းတူ ဗုဒ္ဓဥယျာဉ်တော်ကြီး အတွင်း သာသနိက အဆောက်အဦများစွာကိုလည်း ထည့်သွင်းတည်ဆောက်လျက်ရှိကြောင်း၊ ထို့ပြင် ဆရာတော်ကြီးများ၏ ဩဝါဒမိန့်ကြားချက်များအရ ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျမ်းစာများကို ကမ္ဘာကပါ သိရှိနိုင်ရေးအတွက်စကျင် ကျောက်ချပ်များပေါ်၌ ခေတ်မီစက်ကိရိယာများ အသုံးပြုပြီး ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာတော်များ တည်ထား ဆောင်ရွက်လျက်ရှိကြောင်း၊ ထုဆစ်ပြီးစီးသည့် ဗုဒ္ဓမြတ်စွာဘုရား၏နှုတ်ကပါဌ်တော်လာ ပိဋကတ်သုံးပုံ အဋ္ဌကထာဋီကာကျမ်းစာများကို မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မျက်နှာတော်မူရာရှေ့မျက်နှာစာ၌ စိုက်ထူပူဇော်ထားရှိပြီး ဘုရားဖူးလာ မိဘပြည်သူများအနေဖြင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ချိန်တွင် ကျောက်စာတိုက်အတွင်းရှိ ပိဋကတ်သုံးပုံတော်လာ အဋ္ဌကထာဋီကာကျမ်းစာများကို တစ်ပါတည်းလေ့လာနာယူ ကြည်ညိုနိုင်ရေးစီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထို့ပြင် ကမ္ဘာပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဖြန့်ဝေရန်အတွက်လည်း ပိဋကတ်ကျမ်းစာအုပ်များကို ပါဠိ အက္ခရာနှင့် Romanize Language တို့ဖြင့် ရိုက်နှိပ်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်းနှင့် ယခုအခါသာသနိကအဆောက်အအုံများနှင့် ဗုဒ္ဓဥယျာဉ်တည်ဆောက်မှုမှာ ၈၂ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း။


ထို့ပြင် ညချမ်းချိန်ခါများတွင်လည်း မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ကျောက်စာရုံစေတီတော်များ၊ ရေပန်းရင်ပြင်တော်များ၊ ဘုရားကြီးရင်ပြင်တော်၊ သုဓမ္မာဇရပ်များနှင့် ပင်မအဝင်လမ်းတို့၌ အများပြည်သူကြည်ညိုသပ္ပါယ်ဖွယ် မီးများထွန်းညှိ၍ အလင်းပေးပူဇော်ထားရှိကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)