နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် ပထမဆုံးအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃) ကျင်းပမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် ပထမဆုံးအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃) ကျင်းပမည်



MNP ၊ ဧပြီ ၂၅

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) ကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ရှေးဉီးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ဆောင်ရွက်သည့်အစည်းအဝေးသည် မြန်မာနိုင်ငံလုံး ဆိုင်ရာပညာရေးညီလာခံ (၂၀၂၃) အတွက် ဆက်စပ်သည့်ဝန်ကြီးဌာနများအားလုံး ပူးပေါင်းကျင်းပနိုင်ရန် ဆွေးနွေးညှိနှိုင်းသည့် အစည်းအဝေးဖြစ်ကြောင်း၊ အလားတူမြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃)ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ပထမဆုံးအကြိမ်ကျင်းပမည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) ကို ချို့ယွင်းချက်မရှိအမှားအယွင်းမရှိအောင် သက်ဆိုင်ရာဝန်ကြီးဌာနများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ပြောကြားလိုကြောင်း။

မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ (၂၀၂၃)ကို နိုင်ငံတော်အဆင့်နှင့် လျော်ညီစွာ မေလဆန်းပိုင်းတွင် နေပြည်တော်၌ကျင်းပရန် စီမံထားရှိပါကြောင်း၊ ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတကာညီလာခံများနည်းတူ Keynote Address များ၊ Panel Discussion များပါဝင်မည်ဖြစ်ကြောင်း၊ အလားတူ Parallel Session နှင့်အတူ Themes, Sub-themes ၊Presentation ၊ အမေးအဖြေနှင့်အကြံပြုချက် ကဏ္ဍများပါဝင်မည်ဖြစ်ကြောင်း၊ ညီလာခံကို မေလတွင်ဆောင်ရွက်မည်ဖြစ်သည့်အတွက် ပြင်ဆင်စရာရှိသည်များကို စနစ်တကျပြင်ဆင်ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ဆွေးနွေးရမည့်ခေါင်းစဉ်များကို အပြီးသတ်ညှိနှိုင်းဆောင် ရွက်သွားကြရမည်ဖြစ်ကြောင်း။

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) ဆွေးနွေးပွဲကို “မြန်မာနိုင်ငံ၏ အနာဂတ် ပညာရေးကောင်းမွန်စေရေး” ဆိုသည့် ဦးတည်ချက်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံ၏ အနာဂတ်ပညာရေးအတွက် ဝိုင်းဝန်းဆွေးနွေး အကြံပြု ဆုံးဖြတ်ကြရမည် ဖြစ်ကြောင်း။

ပညာရေးနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် စတင်တာဝန်ယူချိန်မှစ၍ ပညာရေး ကဏ္ဍတိုးတက်စေရန် တွန်းအားပေးဆောင် ရွက်ခဲ့ကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၁၂) ရပ်၏ နောက်ဆုံး အချက်တွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များမွေးထုတ်နိုင်ရန် ဘက်စုံပညာရေးကဏ္ဍ မြှင့်တင်ရေးဆိုသည့် အချက်ပါဝင်ကြောင်း၊ အဆိုပါ ဦးတည်ချက်နှင့်အညီ မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ (၂၀၂၃) ကိုကျင်းပသွားကြရမည်ဖြစ်ကြောင်း။

ပညာရေးနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် ပညာရေး ကဏ္ဍအတွက် ဘတ်ဂျက်များတိုးမြှင့်ခွင့်ပြုပေးထားကြောင်း၊ ထို့အတူဆရာ၊ ဆရာမများ အတွက်လည်း ထောက်ပံ့ပေးခဲ့ကြောင်း၊ ကျန်းမာရေးကဏ္ဍအတွက်လည်း အလားတူထောက်ပံ့ ပေးခဲ့ကြောင်း၊ ပညာရေးကဏ္ဍအတွက်ခွင့်ပြုပေးခဲ့သည့် အသုံးစရိတ်များကို ပြန်ကြည့် မည်ဆိုပါက ၂၀၂၁ - ၂၀၂၂ခုနှစ် (၆) လဘတ်ဂျက် BE တွင် ငွေကျပ်သန်းပေါင်း ၁၁သိန်း ကျော်ခန့်နှင့် RE တွင် ငွေကျပ်သန်းပေါင်း ၁၁ သိန်း ကျော်ခန့်ခွင့် ပြုပေးထားခဲ့ကြောင်း၊ BE ၏ GDP ကိုကြည့်မည်ဆိုပါက ၁ ဒသမ ၅၅ ရာခိုင်နှုန်းနှင့် RE ၏ GDP အချိုးကိုကြည့်မည်ဆိုပါက ၁ ဒသမ ၅၅ရာခိုင်နှုန်း ခွင့်ပြုပေးခဲ့ကြောင်း၊ ၂၀၂၂ - ၂၀၂၃ခုနှစ် ကို ပြန်ကြည့်မည်ဆိုပါက BEတွင် ခွင့်ပြုငွေကျပ် သန်းပေါင်း ၂၁ သိန်းကျော်နှင့် RE တွင်ငွေကျပ်သန်းပေါင်း ၂၂သိန်းကျော် တိုးမြှင့်ပေးခဲ့ကြောင်း၊ GDP ရာခိုင်နှုန်းကို ပြန်ကြည့်မည်ဆိုပါက ၁ ဒသမ ၇၃ ရာခိုင်နှုန်း နှင့် RE တွင် ၁ ဒသမ ၈၀ ရာခိုင်နှုန်းအထိ ပညာရေးနှင့်ပတ်သက်၍ အသုံးပြုခဲ့သည်ကိုပညာရေး ကဏ္ဍမြှင့်တင်ရေး အားပေးမှုအဖြစ် တွေ့မြင်နိုင်ကြောင်း၊ ၂၀၂၃ - ၂၀၂၄ ခုနှစ် BE ၏ ခွင့်ပြုငွေကို ကြည့်မည်ဆိုပါက ငွေကျပ်သန်းပေါင်း ၂၁ ဒသမ ၈သိန်းကျော် ခွင့်ပြုပေး ထားပြီးဖြစ်ကြောင်း၊ ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် Naypyitaw State Academy ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၉ ရက်တွင် ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ထို့အပြင်ဆရာ၊ ဆရာမများနှင့်ပတ်သက်၍ ၂၀၂၁ အောက်တိုဘာလမှစတင်၍ ပါရဂူဘွဲ့အတွက် ငွေကျပ်သုံးသောင်း၊ မဟာဘွဲ့အတွက် ငွေကျပ် ၂သောင်းခွဲ၊ ဘွဲ့လွန်ဒီပလိုမာအတွက် ငွေကျပ်တစ်သောင်းထောက်ပံ့ခဲ့ပြီး ကျောင်းအလိုက် အုပ်ချုပ်မှုစရိတ်များ ကိုလည်းထောက်ပံ့ခဲ့ကြောင်း၊ ပညာရေးကဏ္ဍအတွက် အသုံးစရိတ်များ တိုးမြှင့်ခွဲဝေချထားပေးသကဲ့သို့ ဆရာ၊ ဆရာမများ ပညာအရည်အချင်းမြင့်မားရေးအတွက် မွမ်းမံသင်တန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း။

မြန်မာနိုင်ငံလုံး ဆိုင်ရာပညာရေးညီလာခံ (၂၀၂၃) တွင် ရည်ရွယ်ချက်များ၊ ဆွေးနွေးရမည့် ခေါင်းစဉ်များ၊ ဆွေးနွေးရမည့်အချက်အလက်များကို ချမှတ်ပေးထားကြောင်း၊ ပထမအချက်အနေဖြင့် ပညာရေးတန်းစဉ်ကူးပြောင်းမှုနည်းပါးခြင်းကို ကုစားနိုင်မည့်နည်းလမ်းရှာရန်ဖြစ်ကြောင်း၊ ဒုတိယအချက်မှာ KG+9 ပညာရေးကို အမျိုးသားရေးကိစ္စတစ်ရပ်အဖြစ် တိုင်းဒေသကြီး၊ ပြည်နယ်အားလုံးက ဆောင်ရွက် ရန်ဖြစ်ကြောင်း၊ တတိယအချက်သည် သက်မွေးဝမ်းကျောင်းအခြေခံရရှိရေးအတွက် Grade 10, Grade 11, Grade 12 အတန်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာရပ်များ သင်ကြားရန်ဖြစ်ကြောင်း၊ စတုတ္ထအချက်သည် လုပ်ငန်းခွင်လက်တွေ့အသုံးကျမည့်ပညာရပ်၊ ကျွမ်းကျင်မှုများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်စက်မှုသိပ္ပံကျောင်းများတွင် ထိရောက်စွာသင်ကြားပြီး လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရန်ဖြစ်ကြောင်း၊ ပဉ္စမအချက်သည် အဆင့်မြင့်ပညာကိုဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှုအပြင် လူမှုအသိုက်အဝန်း အထောက်အကူ ပြုစေမည့် ပတ်ဝန်းကျင်ဖြင့် သင်ကြားရန်ဖြစ်ကြောင်း၊ ဆဌမအချက်သည် ဝိဇ္ဇာ၊ သိပ္ပံ၊ နည်းပညာရှင်များ မွေးထုတ်ရန် တို့အပြင် လူငယ် လူရွယ်များ မျိုးချစ်စိတ်၊ တိုင်းပြည် ချစ်စိတ်များရှိလာစေရန်မည်သို့ ဆောင်ရွက်မည်ဆိုသည့် ရည်ရွယ်ချက်များနှင့် လုပ်ငန်းတာဝန်များကိုထည့်သွင်း အဖြေရှာကြရန်ချမှတ်ပေးထားကြောင်း၊ အဆိုပါ လမ်းညွှန်ချက်များကို အောင်မြင်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ တွေ့ကြုံရသည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည့် နည်းလမ်းများနှင့်ရှေ့လုပ်ငန်းစဉ်များ ပေါ်ထွက်လာရန်ကျင်းပမည့် ပညာရေးညီလာခံတွင် သက်ဆိုင်ရာကဏ္ဍများအလိုက် အပြန်အလှန် ဝိုင်းဝန်း ဆွေးနွေးဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့၌ Myanmar Sustainable Development Plan (MSDP) ရှေ့လုပ်ငန်းစဉ် နှစ် (၃၀) နှစ်ရှည် စီမံကိန်းရှိပြီးဖြစ်ကြောင်း၊ ယခုကျင်းပမည့်ညီလာခံတွင် ကာလတို၊ ကာလလတ် စီမံကိန်း များကို မည်သို့ဆောင်ရွက်သွားကြရမည်ဆိုသည်ကို နိုင်ငံတော်ဝန်ကြီးချုပ်ချမှတ်ပေးထားသည့် ဆွေးနွေးရမည့် အချက်များကိုမူတည်၍ ဝိုင်းဝန်းဆွေးနွေး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ကျင်းပမည့်ပညာရေးညီလာခံမှ နိုင်ငံ၏အနာဂတ်လူငယ်များအတွက် ကောင်းမွန်သည့် အဖြေများ၊ ကောင်းမွန်သည့်အချက်အလက်များနှင့် ကောင်းမွန်သည့်ရလဒ်များထွက် ပေါ်လာလိမ့်မည်ဟု အပြည့်အဝယုံကြည်ပါကြောင်း။

နိုင်ငံတော်မှအကောင်အထည်ဖော်နေသည့် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေရေးနှင့်အနည်းဆုံး KG+9 ပြီးမြောက်အောင် ပညာသင်ယူရေး၊ ကျောင်းထွက်သူ လျော့နည်းရေးမှသည် လုံးဝမရှိတော့သည်အထိ ဆောင်ရွက်နိုင်ရေးအစီအစဉ်များ ချမှတ်နိုင်ရန် ဆွေးနွေးကြရမည် ဖြစ်ကြောင်း။

KG+9 ပညာရေးပြီးမြောက်သည့် အခါစိုက်ပျိုး၊ မွေးမြူရေး၊ စက်မှုနည်းပညာရပ်များ၊ သက်မွေးပညာရပ်များကို သင်ယူတတ်မြောက်စေပြီး လက်တွေ့လုပ်ငန်းခွင်သို့ သွားရောက် နိုင်သည့်လမ်းကြောင်းနှင့် ထိုမှတဆင့်အဆင့်မြင့်ပညာအထိ ပေါင်းကူးတက်ရောက်နိုင်ရန် လမ်းကြောင်းများ ရှိပြီဖြစ်သည့်အပြင် လက်တွေ့လုပ်ငန်းခွင်သို့ဦးမတည်ဘဲအဆင့်မြင့် ပညာရေးသို့ ဆက်လက်လေ့လာဆည်းပူးနိုင်သည့် လမ်းကြောင်းများထင်ထင်ရှားရှား ရှိပြီဖြစ်ကြောင်း၊ အသိပညာအတတ်ပညာပြည့်စုံသည့် ပညာတတ်များပေါများစေရေး နည်းလမ်းများရှာဖွေနိုင်ရန် ဦးတည်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

ညီလာခံတွင် ဆွေးနွေးကြမည့် ကာလတို၊ ကာလလတ်စီမံကိန်းများတွင် နောင်အနာဂတ် မျိုးဆက်သစ်များအတွက် ကောင်းမွန်သည့်ပညာရေးရလဒ်များနှင့် ကောင်းမွန်သည့်ပညာရေးအခြေအနေများရရှိစေရန် ဝိုင်းဝန်းဆွေးနွေးသွားကြရမည် ဖြစ်ကြောင်း၊ စာတမ်းပြုစုကြသည့် ပညာရှင်များအနေဖြင့် မြန်မာ့ပညာရေးတိုးတက် ကောင်းမွန်စေရန် ကောင်းမွန်သည့်စာတမ်းများပြုစု၍ ဝိုင်းဝန်းဆွေးနွေးအဖြေရှာ သွားကြရမည်ဖြစ်ကြောင်း၊ ခေတ်အဆက်ဆက်တွင် အစိုးရအဆက်ဆက်၌ မြန်မာ့ပညာရေးတိုးတက်မြင့်မားစေရန် နည်းလမ်းအမျိုးမျိုးဖြင့် စီမံဆောင်ရွက်ခဲ့ကြကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် နိုင်ငံ၏တာဝန်ကိုပုခုံးပြောင်း ထမ်းဆောင်ကြမည့် လူငယ်များ၏ပညာရေးသည် ကောင်းမွန်အောင်မြင်သည့် ပညာရေးဖြစ်ရမည်ဖြစ်ကြောင်း၊ ထိုသို့အောင်မြင်ကောင်းမွန်စေရန် ယခုကဲ့သို့ပညာရေး ညီလာခံကြီးကိုလည်း ကျင်းပခြင်းဖြစ်ကြောင်းနှင့် အားလုံးမှဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အဆင့်ကျင်းပမည့် ညီလာခံကြီးဖြစ်သည်နှင့်အညီ အောင်မြင် အောင်ဝိုင်းဝန်း ဆွေးနွေး အကြံပြုကြစေလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းကဆပ် ကော်မတီများ ဖွဲ့စည်းထားရှိမှု၊ လုပ်ငန်းတာဝန်များ၊ ဆွေးနွေးမည့်စာတမ်းခေါင်းစဉ်များနှင့် ပညာရေး ညီလာခံကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိ မှုများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့်တာဝန်ရှိသူများက မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် အကြံပြုဆွေးနွေး တင်ပြကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်က ဆွေးနွေးအကြံပြုတင်ပြချက်များအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားကာအစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)