ကချင်ပြည်နယ်ဝန်ကြီးချုပ် လေကြောင်းလူငယ်အခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၃) သင်တန်းဖွင့်ပွဲသို့ တက်ရောက်၊ မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် လေကြောင်းလူငယ်အခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၃) သင်တန်းဖွင့်ပွဲသို့ တက်ရောက်၊ မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး







MNP ၊ ဧပြီ ၂၅

ကချင်ပြည်နယ်၊မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်က သင်တန်းကာလ(၁)လကြာသင်တန်းသား (၄၀)ဦးတို့ဖြင့် တာဝန်ယူဖွင့်လှစ်သည့် လေကြောင်းလူငယ်အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲက မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဗလမင်းထင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။


ထိုသို့ အမှာစကားပြောကြားရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ယခုလို နွေရာသီကျောင်းပိတ်ရက်အားလပ်ချိန်မှာ အချိန်ကိုအလဟဿဖြုန်းတီးခြင်းမရှိဘဲ ယခုသင်တန်းကို စိတ်ပါဝင်စားစွာ တက်ရောက်ကြသည့် မောင်/မယ်များသည် နောင်တစ်ချိန်တွင် လေကြောင်းသိပ္ပံပညာရပ်များနှင့်ပတ်သက်ပြီး မျိုးဆက်သစ်ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန် ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ နောင်တစ်ချိန်မှာ နိုင်ငံတော်၏တာဝန်များကိုပုခုံးပြောင်းထမ်းဆောင်ကြမည့် လူ့စွမ်းအားအရင်းအမြစ် အပြည့်အဝပေါ်ထွက်ရေး၊ အသိပညာရှင်၊ အတတ်ပညာရှင်များ ဖြစ်ပေါ်လာရေးတို့အတွက် ယခုလိုပြုစုပျိုးထောင်ပေးခြင်းဖြစ်သကဲ့သို့ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာတွင် မောင်မယ်တို့အနေဖြင့် အုတ်တစ်ချပ်၊ သဲတစ်ပွင့်ဖြစ်လာအောင် ကြိုးစားကြ ရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။


အလားတူ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ကိုကိုမောင်က စခန်းသွင်းလေ့ကျင့် မှုပုံစံဖြင့် ထားရှိလေ့ကျင့်ပေးသွားမည့်အစီအစဉ်များ၊ သင်တန်းမှ သင်ကြားပေးလိုက်သည့် ပညာရပ် များကို အခြေခံပြီး လေကြောင်းအာကာသဆိုင်ရာ ပညာရပ်နှင့်ဗဟုသုတများကို နည်းပညာတိုးတက် ပြောင်းလဲမှုနှင့်အညီ မျက်ခြည်မပြတ် ဆက်လက်လေ့လာဆည်းပူးကြရေးနှင့် နိုင်ငံတော်မှအားကိုး အားထားပြုရသည့် ပျံသန်းရေးဆိုင်ရာ ပညာရှင်များ၊ လေကြောင်းစက်မှုလက်မှုပညာရှင်များ၊ မြို့ပြလေကြောင်းဆိုင်ရာ ပညာရှင်များဖြစ်လာအောင် ကြိုးစားကြရေး ပြောကြားသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လေကြောင်းလူငယ်အခြေခံသင်တန်းအတွက် ထောက်ပံ့ ငွေကျပ် ၂၅ သိန်းနှင့် တိုင်းမှူးက ထောက်ပံ့ငွေကျပ်သိန်း ၂၀ တို့ကို မြစ်ကြီးနားလေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးကြီးသိန်းထူးထံ အသီးသီး‌ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ပြည်နယ်ပညာရေးမှူး ဦးကြည်စိန်ကသင်တန်းတက်ရောက်ကြသည့် ကျောင်းသား/ကျောင်းသူများအတွက် စာရေးကိရိယာများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တပ်မတော်အရာရှိကြီးများက သင်တန်းတက်ရောက်ကြမည့် သင်တန်းသား/ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးခဲ့ကြပြီး ခန်းမအတွင်း ခင်းကျင်းပြသထားသည့် လေကြောင်းပညာရပ်ဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


ယင်းနောက်မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ မြန်မာ - တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးများ၊ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း ဆောင်ရွက်နေကြသည့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။


ထိုသို့တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ကချင်ပြည်နယ်အတွင်း နယ်စပ်ကုန်သွယ်ရေး စခန်းများမှ တစ်ဆင့် မြန်မာ-တရုတ်ကုန်စည်စီးဆင်းမှုများကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခေတ္တရပ်ဆိုင်းခဲ့ရပြီး ယနေ့နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ စတင်နေပြီဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရေး ကုန်သွယ်မှုလုပ်ငန်းများအပေါ် လိုအပ်သည်များကို နှစ်နိုင်ငံ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်းနှင့် ယနေ့အစည်း အဝေးတက်ရောက်လာသူများအနေဖြင့် မိမိတို့လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်းဆွေးနွေးကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။


ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၊ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း ဆောင်ရွက်နေသူများက ပြည်နယ်အတွင်း ကံပိုင်တည် နှင့် လွယ်ဂျယ်နယ်စပ်ဂိတ်များမှတစ်ဆင့် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးထုတ်ကုန် သီးနှံအမျိုးအစားများ တိုးချဲ့တင်ပို့နိုင်ရေး၊ ကုန်သွယ်မှုမော်တော်ယာဉ်များ တိုးမြှင့်သတ်ပေးရမည့်ကိစ္စရပ်များနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)