ဘိုကလေးမြို့နယ်၊ သက္ကယ်ဆိပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ပြန်လည်ရွေးချယ်ပေးစေလို (အိတ်ဖွင့်ပေးစာ) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘိုကလေးမြို့နယ်၊ သက္ကယ်ဆိပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ပြန်လည်ရွေးချယ်ပေးစေလို (အိတ်ဖွင့်ပေးစာ)


သက်ဆိုင်ရာတာဝန်ရှိသူများ ခင်ဗျာ -

ကျေးရွာအုပ်စုများတွင် အုပ်ချုပ်ရေးမှူး ခန့်အပ်ခြင်းသည် ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများ၏ အကျိုး၊ ရပ်ရွာအကျိုး ဦးဆောင်ဦးရွက် ဆောင်ရွက်ရန် ခန့်ထားခြင်းဖြစ်သည်ဟု နားလည်ပါသည်။ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ အကျိုးအတွက် ဆောင်ရွက်သူကို ခန့်ထားရမည်ဟု ပြဋ္ဌာန်းချက်မျိုး မရှိဟု လေးနက်စွာ ယုံကြည်ပါသည်။


ကျွန်တော်တို့ သက္ကယ်ဆိပ်ကျေးရွာအုပ်စုတွင် လောင်းကစားသမား (ဖဲသမား) ကို အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။ ၎င်း၏ ပုဂ္ဂိုလ်ရေးအရ လောင်းကစားသမား ဖြစ်ခြင်း၊ မဖြစ်ခြင်းကို ရှေးရှုပြောဆိုလိုခြင်းမဟုတ်ပါ။ လောင်းကစားသမား တစ်ယောက်အနေဖြင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ် လုပ်ဆောင်ခဲ့သည်ဆိုလျှင် ကန့်ကွက်ရန် မရှိပါ။ သက်ဆိုင်ရာ မြို့နယ်၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများအနေဖြင့် အုပ်ချုပ်ရေးမှူးဟောင်း လုပ်ခဲ့သော ရပ်ရွာဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ဘာရှိသလဲဆိုသည်ကို လက်တွေ့ကျကျ ကွင်းဆင်းစစ်ဆေးနိုင်ပါသည်။


နစက အစိုးရလက်ထက်တွင် ယခင်ကလည်း အုပ်ချုပ်ရေးမှူး အပြောင်းအလဲများ လုပ်ခဲ့သည်။ ထိုသူကို ပြောင်းလဲပေးခြင်း မရှိခဲ့ပါ။ ယခု ရွေးကောက်ပွဲများ နီးကပ်လာချိန်တွင် ထပ်မံ၍ အပြောင်းအလဲ လုပ်ခဲ့ပါသည်။ ထိုသို့ လုပ်ဆောင်ရာတွင် ကျေးရွာအုပ်စုအတွင်း သင့်တော်သူကို ရွေးချယ်ပေးနိုင်ရန် တင်ပြထားသည်ကို အလေးထား ဆောင်ရွက်ပေးခြင်း မရှိဘဲ အုပ်ချုပ်ရေးမှူးဟောင်းက တင်ပြသော သူ၏ တပည့်ကိုသာ အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေးခဲ့ခြင်းသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ မရိုးသားသော လုပ်ရပ်ဖြစ်ပါသည်။ ကျွန်တော်တို့ သက္ကယ်ဆိပ်ကျေးရွာအုပ်စုအတွင်းမှ ပြည်သူများကို လောင်းကစားသမား၊ အရက်သမားလက်အောက်မှာသာ ထားရှိလိုသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ လုပ်ရပ်မှာ လုံးဝမှန်ကန်မှု မရှိပါ။


ယခုအခါ လောင်းကစားသမား၏ တပည့် အရက်သမားက အုပ်ချုပ်ရေးမှူး ဖြစ်နေပြီ။ အမှုကိစ္စပေါ်ပေါက်၍ အုပ်ချုပ်ရေးမှူးထံ သွားရောက်သည့်အခါ လက်ရှိအုပ်ချုပ်ရေးမှူး (အရက်သမား) က ချက်ပြုကြော်လှော်နေပြီး ယခင်အုပ်ချုပ်ရေးမှူးဟောင်း (လောင်းကစားသမား) က အုပ်ချုပ်ရေးမှူးလုပ်ငန်းများကို လုပ်ဆောင်နေပါသည်။


မြို့နယ်/ ခရိုင် မှ တာဝန်ရှိလူကြီးမင်းများ ခင်ဗျာ -

အုပ်ချုပ်ရေးမှူးဟောင်း က ရွေးချယ်ပေးသော အရက်သမားကို အဘယ်ကြောင့် အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ရသနည်း ဆိုသည်ကို ကျွန်တော်တို့ ပြည်သူများက ရှင်းရှင်းလင်း သိလိုပါသည်။ အဂတိကင်းရှင်းစွာ ရွေးချယ်ခဲ့ခြင်းလား။ အဂတိလိုက်စား၍ ရွေးချယ်ခဲ့ခြင်းလားဆိုသည်ကိုလည်း ဖြေရှင်းပေးစေလိုပါသည်။ ထိုသို့ ရပ်ရွာကို အကျိုးမပြုနိုင်သော ပုဂ္ဂိုလ်များကို ခန့်အပ်၍ ရပ်ရွာအကျိုးအတွက် နိုင်ငံတော်မှ ပေးအပ်သော အခွင့်အရေးများကို မြို့နယ်တာဝန်ရှိသူများနှင့် ရပ်ရွာကို အကျိုးမပြုသောပုဂ္ဂိုလ်နှင့် ပူးပေါင်း လှည့်ဖျားဆောင်ရွက်ဖို့လား ဆိုသည်ကိုလည်း မေးခွန်းထုတ်လိုပါသည်။

ထိုသို့သော ပြဿနာများကိုလည်း ကျွန်ုပ်တို့ ပြည်သူများအနေဖြင့် ရေငုံနှုတ်ပိတ်နေခဲ့သည်မှာ ကြာပါပြီ။ ကျေးရွာအုပ်စုအတွင်းရှိ လယ်သမားများအတွက် ချထားပေးသော ဓာတ်မြေသြဇာ၊ စက်သုံးဆီ အစရှိသော နိုင်ငံတော်မှ ပံ့ပိုးမှုများသည် တောင်သူလယ်သမားများထံ ပြည့်ပြည့်ဝဝ မရောက်ရှိဘဲ အစဉ်အဆက် ဖြောင်ခဲ့ကြသည်ကိုလည်း သိသိနှင့် နှုတ်ဆိတ်နေကြရပါသည်။


ကျွန်တော်တို့အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပေါ်ပေါက်လာခြင်းကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုဂုဏ်ပြုပါသော်လည်း ကျွန်တော်တို့ ကျေးရွာအုပ်စုအတွက် အပြောင်းအလဲတစ်စုံတစ်ရာမရှိ ရပ်ရွာလူထုကို ခုတုံးလုပ်၍ အလွဲသုံးစားလုပ်မည့် ပုဂ္ဂိုလ်အား အုပ်ချုပ်ရေးမှူး ခန့်ထားသည့် အပေါ် လုံးဝ လက်ခံနိုင်ခြင်း မရှိပါ။ ရပ်ရွာလူထုကို ကောင်းကျိုးပြုနိုင်မည့် ပုဂ္ဂိုလ်မျိုးကိုသာ ရွေးချယ်ပေးနိုင်ပါရန် မြန်မာနေရှင်နယ်ပို့စ် မှ တဆင့် တာဝန်ရှိသူများထံ တောင်းဆိုအပ်ပါသည်။


ပြည်သူတစ်ဦး

သက္ကယ်ဆိပ်ကျေးရွာအုပ်စု၊ ဘိုကလေးမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)