[ ဘာသာစကားကို အကြောင်းပြု၍ ဖြစ်လာသော “စာ” ကို သင်ကြားလျှင်(ကဗျာလင်္ကာ ၊ စကားပြေ)တို့ကို ရော၍ သင်ပေးဖို့လို့အပ်ပေသည်။ အထူးသဖြင့်ငယ်၍ နုနယ်သော ဦးနှောက်ကလေးများထဲသို့ ဘာသာအညွန့်အဖူးများဖြစ်သည့် ကဗျာလင်္ကာ ၊ စကားပြေ တို့ (စိမ့်ဝင်ဖို့) အထူးလိုအပ်သည်။ သို့မသာလျှင် ကလေးသူငယ်လူမမယ် တို့သည် ဘဝ အစကတည်းက တသက်လုံး ရင်နှီးအတူနေ၍ အမြဲအသုံးပြုရမည့် ဘာသာစကားကို ရင်းနှီးချစ်ခင်၍ ဆက်ဆံရာ၌ ပျော်ရွှင် ကျေနပ်ကြပေလိမ့်မည်။ သို့မဟုတ်လျှင် ဘာသာစကားကို ကောင်းစွာမတတ်ကျွမ်းဘဲနေမည်။ မိခင်ဘာသာသည် မွေးစအရွယ် မှ လွန်၍ စကားသင်ချိန်ကတည်းက ကွယ်လွန်ချိန်ထိ ရင်းရင်းနှီးနှီးအသုံးပြုရသော ဘာသာစကားဖြစ်၍ ကျကျနန ပြည့်ပြည့် စုံစုံ တတ်ကျွမ်းဖို့ လိုအပ်ပေသည်။ ] ဟု ၁၉၈၅ ကျေးတမာ ကဗျာဝိုင်းစာအုပ်တွင် ၊ ဆရာကြီဦးတက်တိုး က ၊ KG တန်း ကဗျာ သင်ကြားပေးခြင်းအယူအဆကိုဖော်ပြခဲ့သည်။
ဆရာကြီးဦးတက်တိုး ဆိုမိန့်စကား နားလည်ခံစားလိုက်ရသောအခါ ၂၀၁၆ ကစ KGသစ် သင်ရိုးပြုစုသူ Doctorate = တက္ကသိုလ်တွင် မြန်မာစာဘာသာအမြင့်ဆုံး ဘွဲ့ရပါရဂူပညာရှင်များသည် မြန်မာ့ရိုးရာ တေးကဗျာတို့ကို ဖျက်ဆီးလိုက်သူများ အဖြစ် ထင်ထင်ရှားရှားပေါ်လွင်လာပါသည်။ KG သစ်တွင် ကဗျာ ၇၄ ပုဒ်သင်စေပြီး အင်္ဂလိပ်ကဗျာ ၁၁ ပုဒ်၊ ၆၃ပုဒ် ကို မြန်မာတေးကဗျာဟု ဆိုထားရာ မြန်မာကဗျာပီပီသသ ၂၁ ပုဒ် သာပါသည်။ ၎င်းတွင် ဆရာကြီးမင်းသုဝဏ်(၁) ပုဒ် ဆရာတင်မိုး(၁၃)ပုဒ် အခြား(၇)ပုဒ်ဖြစ်သည်။ ကျန်၄၂ ပုဒ်ကို တေးကဗျာဟု သမုတ်ထားငြား စာအနုပ် -အစုတ် တို့သာ ဖြစ်သည်။ ပြတ်ပြတ်သားသားဝေဖန်ရလျှင် ထိုကဗျာဟုဆိုသော ၄၂ ပုဒ်နှင့် ရေးသားသူ ECD; KG Team တို့ တွင်ပါဝင် သူများသည် မြန်မာ့စာပေလောကတွင် တန်းဝင်ပေမီစံမီများ မဟုတ်ကြပါ။ စာပေလောကတွင် တိုးမဝင်နိုင်ရှာသော သူတို့၏ ကဗျာဆိုသည့် စာအနုပ်များကို စာသင်စ F မျိုးဆက်ကလေးငယ်တို့အား သင်ယူစေခြင်းသည် မြန်မာစာပေကျဆင်းမှုကို အဝီစိရောက်ဖို့ ဘီးတပ်ပေးခြင်းဖြစ်သည်။ ပညာရေးမျိုးဆက် ၆ ဆက်ကို တက္ကသိုလ်ဝင်တန်းအောင်ကာလ ပိုင်းခြား၍ သတ်မှတ်ပါသည်။ ဆရာကြီး(ဇော်ဂျီ ၊ မင်းသုဝဏ် ၊ ဒေါက်တာမောင်ဖြူး စသည့် A မျိုးဆက်သည် ကိုလိုနီခေတ် တ.က.သ ဝင်တန်းအောင်သူများ။ ၁၉၄၈မှ ၁၉၆၅ အထိ တ.က.သ ဝင်တန်းအောင်သူများက B မျိုးဆက်၊ ၁၉၆၆ မှ ၁၉၉၄ ထိ ဦးနေဝင်းခေတ် တ.က.သ ဝင်တန်းအောင်များကို C မျိုးဆက်။ ၁၉၉၅ မှ ၂၀၀၀ ထိ ဦးသန်းရွှေခေတ်ဦး အောင်သူများကို D မျိူးဆက်။ ၂၀၀၁ မှ ၂၀၂၃-တ.က.သဝင်တန်းအောင်များကို E မျိုးဆက်။ ၂၀၁၆-KG+၁၂တန်းစနစ် KG သစ်သင်ရိုးသင်လာသူများကို F မျိုးဆက်ဟု ခွဲခြားပါသည်။
ကလေးသူငယ်များကို၊ မိခင်မြန်မာစာပေသင်ကြားရာတွင်၊ မြန်မာမှု၊ မြန်မာ့ဘဝ၊ မြန်မာ့အလှ ၊ အနုပညာ ၊ ရသခံစားမှုတို့သည် လွန်စွာအရေးကြီးပါသည်။ ၁၉၄၈ မှ ၁၉၈၃ ထိ ဆရာကြီးဇော်ဂျီ ဦးဆောင်ကြီးကြပ်ပြီး ဆရာကြီးမင်းသုဝဏ်တို့ KG သင်ရိုးပြုစုမှုသည်၊ ရှေးဘိုးဘပညာရှိ သူတော်ကောင်းတို့၏ ရသပြည့်ဝလှသော ကဗျာအလှစာအလှ တို့ကို စုဆောင်း ပေးရုံမက ကိုယ်တိုင်လည်းတီထွင်ပြီး မျိုးဆက်သစ်-C တို့ကို လက်ဆင့်ကမ်းခဲ့ကြသည်။ မောင်ဌေး KG ဘဝ ၁၉၆၆ က ကဗျာသင်ရိုးမြတ်နိုးဖွယ်ကိုပဲပြောပါရစေ။ [(၁) တီးလိုက်ပါတဲ့၊ ဗုံကြီးသံ ။ ထက်ကောင်းကင် ၊ဝေဟင်စွန်းမှာ ၊ လွမ်းစေဖို့ဖန်လေ့။ သိကြားမင်းရယ် တဲ့ ဘုံဗိမာန် ၊ အယူခံ ဗုံသံတက်တယ် ၊ မိုးကြွက်ကြွက်ညံလေ့။ (၂) ယမထာ ရွှေကြိမ်လုံးရယ်နဲ့၊ ထွန်တုံးကိုတဲ့ ၊ ခြေတော်တင်၊ နွားကြန်စုံနှင်။ ပျိုးခင်းကိုဝင်၊ ကောင်းကင်ကရွှေပိန်ညှင်းရယ် ၊ မိုးခေါ်လို့ဆင်း။ (၃) ဟိုတောင်ဆီက ညိုတိုတိုရယ်၊ မိုးဆိုထင့်လေး၊ မိုးလေးရွာလျှင်၊ ဘာနဲ့မိုးရပါ့၊ ပဒုမ္မာရွှေကြာရိုးကို ထီးလုပ်လို့မိုး။]
ထိုကဗျာလေးတို့ကို အသံထွက်၍ တခေါက်ပြန်ဆိုကြည့်ပါဦး။ လှပ၍ ချစ်စရာကောင်းသော ဝေါဟာရလေးတို့ကို တွေ့ရမည်။ ထိုစကားလုံးတို့၏ ချိုမြမြရသကို နှလုံးဘဝင်မှ ပြုံးရွှင်စွာခံစားလာရပါမည်။ မြန်မာကဗျာတွင် ရှေးကတည်းက ကလေးကဗျာ ရှိပါသည်။ သို့သော် သတ်သတ်မှတ်မှတ် မတည်။ အင်္ဂလိပ်ကိုလိုနီအစိုးရလက်အောက် ခေတ်စမ်းခေတ်တွင် ဆရာကြီး မင်းသုဝဏ်က ကလေးကဗျာကို တသီးတသန့် ပျံ့ပျံ့မွှေးမွှေးရေးသီလာသည်။ ထင်ရှားသည်က (သပြေသီးကောက်)။ ကလေးမောင်ဌေးဘဝကလည်း ကောက်ခဲ့သည်။ ဆရာကိုဌေးဘဝမှာ တပည့်တို့နှင့်အတူ ကောက်ကြသည်။ ဆရာကြီး မင်းသုဝဏ် ကဗျာတပုဒ်ထုတ်ပြပါဦးမည်။ [(၄) ကြက်တူရွေး၊ ကြက်တူရွေး၊ ရွှေခဲကြက်တူရွေး။ ညီပုလေးကို စာအံသင်၊ ရွှေခဲစာအံသင်။ ညီလေးခင်က စာပြန်တုန်း၊ ရွှေခဲစာပြန်တုန်း။ ဝလုံးရေးဖို့ညီလေးထိုင်၊ ရွှေခဲမရေးနိုင်။ ငေးမိုင်ရှာပေါ့၊ ကြက်တူရွေး၊ ရွှေခဲကြက်တူရွေး။]
(ငေးမှိုင်)ဆိုသော ဝေါဟာရကို ရွှေခဲပုံလေးကြည့်၊ မောင်ဌေးကလေး ရေးရေးသိ သလိုလို။ ကဗျာကိုဆိုပြီး ရွှေခဲလေးကို ကရုဏာပိုမိသည်။ [(၅) ပါပီကလေး ပုတုတု၊ သူ့စကားက ဝု-ဝု-ဝု။ သူ့စကားလူမသိ ၊ လူ့စကားသူမသိ ၊ သနားပါဘိ။ ] ဆရာကြီးဒေါက်တာ မောင်ဖြူး မြန်မာမှုပြုထားသည့် ပါပီခွေးလေးကဗျာမှ (သနားပါဘိ) ကို ယခုထိစွဲနေတုန်း။ ဆရာကြီး၏ ရွှင်မြူးရသည့် (ဖိုးသာထူး) ကဗျာသည်လည်း ပါပီလေးလိုပင် အင်္ဂလိပ်ကဗျာကို မြန်မာဈာန်ဝင်အောင်၊ ကာရန်ဆင်ထားခြင်း။ ၁၉၇၈ ခုတွင် မောင်ဌေး မူလတန်းပြဆရာလေးဖြစ်ပြီ။ ကိုယ်ကလေးဘဝက သင်ခဲ့ရသည့် (ကောက်စိုက် ၊ သားချော့ ၊ ကျေးလက် ၊ ဗုံကြီးသံ ၊ သံချပ်) စသည့်မြန်မာကလေးတို့ အသည်းစွဲ ဟပ်မိ ၊ Heart ထိ သည့် ကဗျာများ ၊ ဒေါက်တာမောင်ဖြူး၏ (မရွှေဖဲ၊ မောင်ရေခဲ)တို့ ပြင် ဆရာကြီးမင်းသုဝဏ်၏ (ဝါဆိုဝါခေါင် ရေတွေကြီးလို့ ) အစချီ သပြေသီးကောက် ကဗျာတို့ သင်ရိုးမှာပါဆဲ။ ကိုယ်ငယ်ငယ်ကလည်း အသည်းစွဲ။ ကဲဆရာဖြစ်တော့လည်း မမောနိူင် ၊ မပန်းနိူင်။ တချို့ဆရာမများ ဆိုလျှင် ခေါင်းကပန်းခိုင် ပြုတ်ကျသည်ထိ တေးသံသာသာနှင့် ကလေးဆန်စွာ ပြန်သင်ခဲ့ရသည့် C မျိုးဆက် မူပြဆရာ ဘဝ ၊ မေ့မရနိုင်ပါ။ KGတန်း လက်ရေးလှအရေး ၊ အဖတ်ပြိုင်ပွဲ ၊ကဗျာရွတ်ဆိုပွဲကလည်းချစ်စရာ။ အနှစ်ပါသည် သင်ရိုးကို ၁၉၆၅ မှာ ဆရာကြီးမင်းသုဝဏ်တို့ ဦးဆောင်ရေးဆွဲခဲ့သည်။ [(၆) ပျိုလေးတို့အိမ်ဦး ၊ ဆပ်သွားဖူးတဲ့ တရုံ ၊ နှစ်ရုံ ၊ ကျေးတွေကအုံ ၊ မအုံပါနဲ့ ကိုရွှေကျေး ၊ ပျိုတို့မောင်-ရှင်လိင်ပြန်တော့ နားပန်ဖို့လေး။ (၇) မိုးပေါ်မှာ ကြယ်တလုံး ၊ တိမ်ဖုံးပါလို့ လမသာ ၊ သာတဲ့အခါသာပါလိမ့် ၊ နတ်ဒေဝါ သူဖန်ဆင်း၊ ဖိုးရွှေလမင်း ။ (၈) ပျိုလေးတို့ ငန်းဦး၊ ယုန်ကူးလို့ပြေး ၊ ကြည့်လိုက်ကြဟေ ၊ တောခြေမှာ ရွှေယုန်နက်ကယ် ထိပ်ကွက်နဲ့လေး။ ]
၁၉၈၄ တွင် မူလယ်ထက်သင်ရိုးပြုပြင်ရာ၊ KG သင်ရိုးစာများမှာ ဆရာကြီးမင်းသုဝဏ် ကဗျာအားလုံးနှင့် ဖော်ပ ပါ ကျေးလက်ကဗျာတို့ ဖြုတ်ပယ်ခံရသည်။ စာသင်စ ကလေးသူငယ်တို့နှင့် အလိုက်ဖက်ဆုံး၊ အကိုက်ညီဆုံးကဗျာတွေ ဖြစ်သော်လည်း ပညာရေးဝန်ကြီး ဦးကျော်ငြိမ်းလက်ထက် ဦးနေဝင်းအလိုကျ မူ-လယ်-ထက်တွင် ပြဌာန်းထားသည့် ဆရာမင်းသုဝဏ်တို့ စာ၊ ကဗျာတွေဖြုတ်ပယ် ရသည်ဟု ဆရာကြီးတင်မိုးရေးသည့်(ဟိုဖက်ကမ်းက မီးထိန်ထိန်) စာအုပ် စာ-၉၃တွင် သင်ရိုးသမိုင်းရေးထားသည်ကို မှတ်သားရသည်။ ဆရာကြီးမင်းသုဝဏ်ကဗျာတို့ ဖြုတ်ပယ်ခံရသော်လည်း KG သင်ရိုးကို ဆရာကြီးတပည့်ဆရာတင်မိုးဦးဆောင်ရေးဆွဲခဲ့၍ ၁၉၈၄မှ ၂၀၁၅ ထိ KG သင်ရိုးမှာ ဆရာတင်မိုးကဗျာတို့နှင့် အတူ ကျေးလက်မြန်မာကဗျာ ၊ ၃၈ ဖြာမင်္ဂလာကဗျာ တို့ပါဝင်လာရာ မြန်မာရိုးရာတေးကဗျာတို့ မဆိတ်သုဉ်းခဲ့ပါ။ [(၉) ချိုးနှစ်ကောင်၊ ထနောင်းပင်ညီနောင်က ၊လွမ်းအောင်ကူချွဲ ၊ ပန်းတော်ဖြူ ၊ပင်မြက်မြေစာ ထူလှ ၊ ဖိုးတောင်သူ့တဲ။ (၁၀) တောင်တော ရယ်သာ ၊ မာလာကငုံဖူး ၊ တပင်ကိုနှစ်ပင်ယှက်တယ် ၊ ကျေးငှက်ကမြူး။] ၁၉၆၆ မှ ၂၀၁၅ထိ KG-ကဗျာတို့ကို ဆိုကြည့်လျှင်၊ သိင်္ဂါရရသ၊ ဟဿရသ၊ ကရုဏာရသ၊ ဝီရရသ၊ ဘယာနကရသ၊ သန္တရသ တမျိုးမျိုးကို သိလျက်ဖြစ်စေ၊ မသိဘဲဖြစ်စေ ခံစားပျော်ရွှင်ရသည်။ (ဝါဆိုဝါခေါင်ရေတွေကြီးလို့ ကို ဆိုကြည့်လျှင် ဖော်ပြပါ ရသ၆ပါးကို ခံစားရသည်) ထိုရသတို့ကို တယောက်တည်းဆိုဆို အများနဲ့တွဲဆိုဆို နှလုံးသားတွင်အလိုလိုဖြစ်ထွန်းလာသည်။
ဆရာကြီးဦးတင်မိုးက ဆရာကြီးမင်းသုဝဏ်ကျေးဇူးတရားသိသူပီပီ ၊ ဆရာကြီးမင်းသုဝဏ် သင်ပုန်းကြီးရေးဟန် - ရှေးကျေးလက်ကဗျာတို့ ပြန်သုံးကာ D-E မျိုးဆက်တို့ကို မြန်မာကဗျာအမွေပေးခဲ့ပါသည်။ C မျိုးဆက်မူပြဆရာတို့သည် ဆရာကြီးမင်းသုဝဏ်တို့ပေး မြန်မာရိုးရာကဗျာအမွေကို မူပြဆရာများဖြစ်လာမည့် D-E မျိုးဆက်တို့ကို ကောင်းစွာ ပေးနိုင်ပါသည်။ D-E တို့က F မျိုးဆက်ထံ လက်ဆင့်ကမ်းနိုင်သော်လည်း ၂၀၁၆ KG သစ်မြန်မာ ကဗျာ၆၄ ပုဒ်တွင် ရှေးကျေးလက်ကဗျာနှင့် ဆရာကြီးမင်းသုဝဏ်ကဗျာတို့ကို ဖျောက်ဖျက်သုတ်သင် ရှင်းလင်းလိုက်၍ D-Eတို့၏ သင်ယူပြီး ရှေးကဗျာ အသိအတတ်တို့ F မျိုးဆက်ထံ မရောက်တော့ပါ။ ဆရာကြီးမင်းသုဝဏ်(လယ်စောင့်တဲ) ကဗျာက KG ဆင့်သင်မဟုတ်။ G-4 အဆင့် ။ ထို့အတူ ဆရာဦးတင်မိုးကဗျ ာ၁၃ ပုဒ်ပါသော်လည်း G-1 နှင့် အထက်ဆင့်ကဗျာတွေဖြစ်သည်။ ဆရာကြီးနှစ်ဦး၏ KG နှင့်လိုက်ဖက်သည့် ကဗျာတွေရှိပါလျက် မရွေးချယ်ခြင်းကိုက သင်ရိုးပြုစုသူတို့၏ ယုတ်မာမှုဟု ပြတ်သားစွာသုံးသပ်သည်။ ၁၉၈၁ မူအောက်ဆင့် KG,G-1, 2 တို့မှာ အင်္ဂလိပ်စာ သင်ယူစေခြင်း၊ ၉-၁၀ နှင့် B.Sc .B.A, B.Ed တို့မှာ ပညာရပ်တို့ကိုအင်္ဂလိပ်လိုသင်ခြင်းသည် မိခင်မြန်မာစာပေ ရှင်သန်ဖွံ့ဖြိုးမှုကို အလွန်အားနည်းစေသည်။ ထိုအမှားသည် သမ္မတကြီးဦးသိန်းစိန်အစိုးရ ၂၀၁၅ ထိ နှစ်ပေါင်း၃၄ နှစ်ကြာ အမှားဖြစ်သည်။ ထိုသိသာထင်ရှား ကြာရှည်လာသည့် အမှားကို ဆရာကြီးမင်းသုဝဏ်သားတော် သမ္မတကြီးဦးထင်ကျော် NLD အစိုးရကလည်း မပြင်သည့်အပြင်၊ သားသမ္မတလက်ထက် ရောက်မှ ဖခင်ဆရာကြီးမင်းသုဝဏ် ၊ ဆရာဇော်ဂျီတို့ ကိုယ့်အမျိုးသား စာစကားတို့ ကြီးပွားတက်မြင့်အောင် မျိုးစေ့ချ စိုက်ပျိုးရှင်သန်ကြီးထွားနေသည့် ၁၉၆၆ မှ ၂၀၁၅ ထိ မြန်မာ့ရိုးရာ ကဗျာသင်ရိုးကိုလုံးဝဥဿုံ အလုံးစုံ ဖျက်ဆီးသင်္ဂြိုဟ်ပစ်လိုက်ပြီ ။ ၎င်းကို စာဖတ်သူကဝိမင်းတို့ကိုယ်တိုင် ဆုံးဖြတ်နိုင်ရန် ၂၀၁၆ KGသစ်မှ ကဗျာမဟုတ် ၊ စာအနုပ် ၊ အစုတ်ပလုပ်(၇)ပုဒ်တို့ကို ထုတ်နုတ်ပြပါမည်။
[(A)(ခေါင်း ၊ ပခုံးနဲ့ ဒူးခြေဖျား (ဒူးခြေဖျား)၂ ၊ခေါင်းပခုံးနဲ့ ဒူးခြေဖျား၊ မျက်စိနား၊ နှာခေါင်း ၊ ပါးစပ် ။ ) ၂ (B) တို့များငယ်သော်လည်း၊ အလုပ်လုပ်တတ်တယ်။ ဘယ်အလုပ်မဆို တို့ များလုပ်တတ်တယ်။ (ရေခပ်ပေး)၃ တတ်တယ်။ (ဟင်းရွက်ခြွေ)၃ တတ်တယ်။ (တံမြက်စည်းလှည်း)၃ တတ်တယ် ။ တို့များငယ်သော်လည်း အလုပ်လုပ်တတ်တယ်။ (c)မျက်စိကလေးက မြင်တယ် ၊ နားကလေးကကြားတယ် ၊ နှာခေါင်းလေးက လေကိုရှူတယ်။ ပါးစပ်ကလေးကို ဟကာ ပျော်ပျော်ရွှင်ရွှင် သီချင်းဆိုကြစို့ကွယ် ။ (D)ရှေ့ကိုတိုးလှမ်းပါ။ နောက်ကိုဆုတ် လိုက်ပါ ကိုယ်တပတ်လှည့်လက်ဆက်ကူညီပါ။ ရှေ့ကိုတိုးလှမ်းပါ ။ နောက်ကိုဆုတ်လိုက်ပါ ။ ပခုံးလေးတွန့်လို့ ကူညီရိုင်းပင်းပါ ။ (ရှာ-လာ-လာ-လာ-လား) ၃(E) ပန်း၁ပွင့် ၊ ပန်း၂ပွင့် ၊ပန်း၃ပွင့်ပါ ။ ပန်း၄ပွင့် ၊ပန်း၅ပွင့် ၊ ပန်း၆ပွင့်ပါ။ ပန်း၇ပွင့် ၊ ပန်း၈ပွင့် ၊ ပန်း၉ပွင့်ပါ။ ပန်းကလေး၁၀ပွင့်ပါ။ (F) (လူရှည်ကြီးလိုလျှောက်)၂ (လူရှည်ကြီးလို)၃ လျှောက် ။ (G)(ပျော်ရွှင်စရာမွေးနေ့ သင့်အတွက် ) ပျော်ရွှင်စရာမွေးနေ့ သင့်အတွက်ပါ။] ၎င်းတို့ကိုဖတ်ကြည့်ပြီးသည်နှင့် ဆရာနှင့် ကလေးတို့ကို လူပေါဖြစ်စေသည့် စာအနုပ် အစုတ်အပဲ့များဖြစ်သည်ကို (ချိုးနှစ်ကောင် သို့မဟုတ် တောင်တောရယ်သာ) ဒွေးချိုးနှစ်ပုဒ် နှင့် ယှဉ်ကြည့်လိုက်လျှင် ရှင်းလင်းစွာ မြင်နိုင်ပါသည်။ ထိုပေါတောတော ပေါချာချာ ၇-ပုဒ် အပါအဝင်ဉာဏ်သေးနုပ်သူတို့ ရေးထားသည့် စာအနုပ် ၄၂ ပုဒ်ကိုမြန်မာ တေးကဗျာဟု KGသစ် သင်ရိုးပြုစုသူများက သင်ရိုးပြဌာန်ထားသည် ။ တကယ်တော့ ထိုပါချောချော ၄၂ ပုဒ်သည် အရာတို့ကဗျူးများသာ ဖြစ်သည်။
မြန်မာကဗျာဆိုသည် ကာရန်အစပ်အဟပ် ထပ်မိရသည်။ ဝေါဟာရ စကားလုံးလေးတွေကို လှပစွာသုံးတတ်ရသည်။ အနက်အဓိပ္ပာယ်နှင့် သာယာနာပျော်ဖွယ် အသံနှင့် ပြည့်စုံရသည် ။ ၁၉၆၆ မှ ၂၀၁၅ ထိ KGကဗျာတို့မှာ အသံသာခြင်း ဂုဏ် သဒ္ဒါလင်္ကာရ = စကားတန်ဆာဆင်ခြင်းဂုဏ်၊ အတ္ထာလင်္ကာရ = အနက်တန်ဆာဆင်ခြင်း၊ အဓိပ္ပာယ်ကြွယ်ဝခြင်းဂုဏ်တို့ ပြည့်စုံခြင်းရှိသည့် ပြင် မြန်မာ့ဘဝ ၊ မြန်မာ့ဝန်းကျင် ၊ မြန်မာ့ယဉ်ကျေးမှု ၊ မြန်မာမှုတို့ကို ဖော်ပြထားသည်။ တနည်းဆိုရလျင် မြန်မာ့ဂုဏ်သိက္ခာ ၊ မြန်မာ့၊ အနုပညာဂီတကို မြန်မာကဗျာဖြင့် ဝင့်ကြွားပြနိုင်သည်။ သို့သော် ယခုသော်ကား (လူရှည်ကြီးလိုလျှောက်) နေရာ လူပုလေး၊ လူဝလေး ၊ စသည့်တို့အစားထိုးကာ ၊ ကာရန်မပါ - စကားလုံးမလှ ၊ အနက်အဓိပ္ပာယ်မရှိ - စကားလုံး စာကြောင်းတို့ကို - အနုပညာစံမမီ အသံတို့ ထည့်၍ ကလေးတို့ကို အဓမ္မရွတ်စေသည်။ Happy brithday to you အင်္ဂလိပ်တေးကဗျာကို (ပျော်ရွှင်စရာ……မွေးနေ့….သင့်အတွက်) ကော်ပီသံစဉ်ထည့်၊ စကားလုံးသက်သက်တွေကို ၂ကျော့ ၃ကျော့ ဆိုကာ မြန်မာတေးကဗျာလုပ်ထားသည်မှာ-(ခွေးသေးပန်းတော = ခွေးထီးအပေါ့သွားရာတွင် ခြေတဖက်မြှောက် သေးပန်းထုတ်ခံရသည့် လမ်းဘေးက ချုံပုတ်တော = အပင်ငယ်စုတော) ကို ပန်းခင်းဥယျာဉ်ဟု ခေါ်နေခြင်းသာဖြစ်သည်။ ၂၀၁၆ကစသည့် KG သစ်ပါ ပေါချာချာ ၄၂ပုဒ်သည် သဒ္ဒါ-အတ္ထာ၂ဖြာသောလင်္ကာမရှိ ။ အစပ်အဟပ်မမိ ။ ဆိုနေစဉ်ကော ဆိုပြီးချိန်ပါ၊ ရသ(၉)ပါးတပါးမျှ မခံစားရ၍ ကဗျာဂုဏ်မမြောက်။ ၎င်း အရာတို့ကဗျူးတို့ကို doctorate သင်ရိုးပြုစုသူတွေက မြန်မာတေးကဗျာဟု အရှက်အကြောက်မဲ့စွာ ဆိုထားသည်။ ထိုဒေါက်ထရစ်ထ် များသည် မြန်မာကဗျာ၏ ဂုဏ်သတ္တိကို သိသူများမဟုတ်ကြပါ။
မြန်မာတေးကဗျာဟူသည် ပုံမှန်ရွတ်ဆိုသွားရုံနှင့် အသံသာသည်။ နားအရသာရှိသည်။ ပညာရှင်က အသံထည့်မပေးသော်ငြား ကဗျာတွင်သဒ္ဒါလင်္ကာရဂုဏ်ပါနေ၍ အသံက အလိုလို လိုက်လာသည် ။ သင်ပြတတ်သူက ရှေ့မှတခေါက်ဆိုပြရုံနှင့် ကလေးကလှပစွာ ဆိုတတ်သည်။ အဟာရရှိစားသောက်ကောင်းသည့် စားစရာကို မကြာမကြာစားချင်သလို၊ ခဏခဏသီဆိုချင်သည်။ သီဆိုရသည့်အခါတိုင်းလည်း ပျော်ရွှင်ကြည်နူးနေသည်။ ကဗျာစာသားက နှုတ်ဖျားမှာ အလိုလို ရောက်လာသည်။ တခါတေးမဆိုတတ်သူပင် ၊ တေးလိုဟစ်ကြည့် ချစ်စရာအတိ ဖြစ်ပါသည်။
အသံထည့်တတ်သူနှင့် တေးဆိုတတ်သူ ပေါင်းမိသွားသောအခါ ဘယ်သောအခါမှ မေ့ပျောက်ရိုးအီမသွားသည့် ဂန္တဝင်တေးဖြစ်သွားသည်။ ၎င်းမှာ မြန်မာတေးကဗျာဂုဏ်သတ္တိ ဖြစ်သည်။ ၁၉၄၈ မှ ၂၀၁၅ ထိ KG ကဗျာသင်ရိုးအားလုံး စံမီဂန္တဝင်ကဗျာတွေ ချည်းဖြစ်သည်။ ဆရာကြီးမင်းသုဝဏ် ၊ ဒေါက်တာမောင်ဖြူး ၊ ဆရာတင်မိုး ၊ ပျဉ်းမနားမောင်နီသင်း ၊ စသူတို့ ကလေးကဗျာများသည် ရှေးပညာရှိ မြန်မာကဗျာများနည်းတူ ကဗျာရနံ့ထုံကြိုင်သင်းပျံ့ပြီး ရှေးကဗျာများနှယ် ဂုဏ်တင့်တယ် လှပါသည် ။ ယခု KG သစ်တွင် ဆရာကြီးတင်မိုးတို့၏ ရွှေဟင်္သာနှယ် ကဗျာကောင်း၂၁ပုဒ် သည် ကျီးကန်းသူကောင်းမြှောက် ၊ ချီးခြောက်ကောက်စား KG-Team နှင့် ECD တို့ရေး ညံ့ဖျင်းနုံချာစာသိမ်စာနုပ် ၄၂ ပုဒ်တို့အလယ်ဝင့်ထယ်ရသည်မှာ မတင့်တယ်ပါ။
အင်္ဂလိပ် အစိုးရခေတ်က မြန်မာစာပေကွယ်ပျောက်အောင် ကျောင်းသင်ရိုးများဖန်တီးထားစဉ် ၊ မြန်မာစာပေရှင်သန်အောင် ၊ ဖွံ့ဖြိုးအောင် ၊ တိမ်ကောပပျောက်မသွားအောင် ဆရာကြီး(ဦးဖိုးလတ် ၊ ဦးဖိုးကျား) တို့က ဖော်ထုတ်ထိန်းသိမ်းခဲ့သည်။ ဆရာကြီး(ဇော်ဂျီ ၊ မင်းသုဝဏ်) တို့ခေတ်စမ်းခေတ်မှာ မြန်မာမှုကို ထိန်းသိမ်း ၊ အလှသစ်ကိုလည်း အရိုးကို အရွက်မဖုံး မြန်မာနှလုံးသား နှင့် ကိုက်ညီအောင်တီထွင်အောင်မြင်ခဲ့ကာ မြန်မာကလေးကဗျာ သစ်ပင်ကိုလည်း ဆရာကြီးမင်းသုဝဏ်ကိုယ်တိုင် မျိုးစေ့ချ ၊ စိုက်ပျိုးရေလောင်း ၊ ပေါင်းသင်ကာ ၊ ကလေးကဗျာ သစ်ပင်ဖြစ်ထွန်း ရှင်သန်စေခဲ့ သည်မှာ ၂၀၁၅ ထိဖြစ်သည် ။ ဆရာကြီးမင်းသုဝဏ် KG ကလေးကဗျာအမွေ သစ်ပင်အလှကို ခုတ်လှဲပစ်ချလိုက်သည်မှာ ၂၀၁၆ သားတော် သမ္မတကြီး ဦးထင်ကျော်လက်ထက်မှာ ဖြစ်သည်။ ခုတ်ဖြတ်ချေမွရုံမက အမြစ်ကအတက်အလက် ပြန်ထွက်လာမည်စိုး၍ ရေသောက်မြစ်မကြီးကိုပါ လှီးဖြတ်ချလိုက်သည်မှာ ၂၀၁၆ စ KG သစ် သင်ရိုးကဗျာ ပေါတောတောအစုတ်ပဲ့ ၄၂ ပုဒ်က သက်သေဖြစ်သည်။ ၂၀၁၆ မှ ၂၀၂၀ ထိ လွှတ်တော်တွင်း မင်းအမတ်တို့ဖျင်းညံ့မှုကြောင့် KG+၁၂ တန်းစနစ် နှင့် KGသင်ရိုးအသစ် ပေါ်လာရာ (အမျိုးသား) အမည်ပါ အစိုးရခေတ်မှာ မြန်မာ့ရိုးရာ အမျိုးသား ကဗျာအစစ်တို့အစား အင်္ဂလိပ်ဘာသာပြန်ကော်ပီသံစဉ်- ကဗျာမဟုတ်မဟပ် ၊ စာကြောင်းအစုတ်အပြတ်၄၂ ပုဒ်တို့ကို သင်စေခြင်းဖြစ်သည်။
၁၉၄၈မှ ၂၀၁၅ ထိ KG သင်ရိုးသည် ဆရာကြီးဦးတက်တိုးဆိုမိန့်သည့် စာသင်စကလေးငယ်ကို လင်္ကာကဗျာ ၊စကားပြေ၂ထွေရော သင်စေခြင်းဖြစ်သည်။ သို့ဖြစ်၍ ၅နှစ် + သူငယ်နှစ်ကုန်သွားသောအခါ (မြက်ခင်းပေါ် မဖြတ်ရ ၊ မီးသတိပြု ) အစရှိတားမြစ်ဆိုင်းဘုတ်များ (ဘုရား ၊ တရား ၊ သံဃာ ၊ မိဘ ၊ ဆရာရိုသေပါ။ မေမေဈေးကလာသည်။ ) စသည့် မြန်မာကလေးတို့ တတ်သိရမည်တို့ကို အပြောသာမဟုတ် ၊ ရေးတတ်ဖတ်တတ်ပြီ ။ ၂၀၁၆ KG သစ်က ရှေးကလိုဗျည်း၃၃လုံး အကုန်မသင်သလို - (က-ကာ-ကား) အစပြု [သင်ပုန်းကြီးသင်စာ၊ ဖတ်စာ၊စကားပြေ]ကို သင်ကြားပေးခြင်းမပြုသောအခါ၊ ၅နှစ် + ကလေး အသက်သာ တစ်နှစ်ကြီး အရေးအဖတ် (အ) ၂ လုံး မတတ်သလို ၁ မှ၂၀ ထိ KG ကလေးတယောက် ပေါင်းနှုတ်တတ်ရမည့်(အတွက်) (အ) ၁လုံးလည်းမတတ်။ ၂၀၁၈ ဇန်နဝါရီက ရေးဆွဲခဲ့သည့် အခြေခံပညာရေးဥပဒေတွင် ပညာအရည်အသွေးအာမခံမှု-ဟုဆိုထားရာ KG သစ်မှ ကလေးကျောင်းနေ တနှစ်သာပြီးသွားရော အခြေခံ (အရေးအဖတ်အတွက်) အ-သုံးလုံးမတတ်မှုကို မည်သူအာမခံသနည်း။ မည်သည့်ဘာသာစာပေမဆို (နားထောင်မှု စွမ်းရည် ၊ ပြော-ဆို မှုစွမ်းရည် ၊ ဖတ်-ရွတ်မှု စွမ်းရည် ၊ ရေးသားမှုစွမ်းရည် ) ကို အချိုးညီညီသင်ရသည်။ ယခင် KG က (ထောင်-ပြော-ဖတ်-ရေး) စွမ်းရည်၄ခု ကို KGတန်းကုန်သည်နှင့် တတ်မြောက်သည်။ တေးကဗျာတို့ကလည်း ကော်ပီသံစဉ်ကင်းစင်၍ ကလေးတို့အရွယ်လွန်-တတိယအရွယ် -အိုမင်းရင့်ရော်သည်ထိ ၊ သည်မြန်မာကဗျာလေးတွေက စွဲကျန်နေစေသည်။
ရှေးမြန်မာတို့သည် ကိုယ့်မြေ ၊ကိုယ့်ရေ၊ကိုယ့်လေ၏ ကျေးဇူးကိုသိလည်းသိတတ်သည်။ ချစ်လည်း ချစ်၊မြတ်နိုးလည်းမြတ်နိုးသည်။ ထို့ကြောင့် သူတို့နှလုံးသားမှ စီးကျလာသော ကဗျာတို့တွင်တောဖွဲ့ ၊တောင်ဖွဲ့၊ တိမ်ဖွဲ့၊ မိုးဖွဲ့ ၊လေဖွဲ့ ၊ရာသီဖွဲ့ ၊သာရကာကျေးငှက် တိရစ္ဆာန်ဖွဲ့၊ ပန်းမန် ဖွဲ့ စသည့်သဘာဝအလှတရားများကို သူ့ထက်ငါစပ်ဆိုကြသည်။ ထို့ပြင်ကုန်ထုတ်လုပ်မှု၊ မိရိုးဖလာလုပ်ငန်းတို့ကို ဖွဲ့ဆိုရာတွင်လည်း ၊ လယ်ဖွဲ့ ၊ ယာဖွဲ့ ၊ မြေဖွဲ့ ၊ ကိုတံငါဖွဲ့ ၊ ထန်းသမားဖွဲ့ ၊ လှေသမားဖွဲ့ စသည်တို့ကို သီကုံးနိုင်ကြသည်။ တခါ ဗုဒ္ဓဘာသာတရားကို လည်းမေ့မထား ၊ ဓမ္မတေးဖွဲ့ ၊ သံဝေဂဖွဲ့တို့နှင့် မိဘ- ဆွေမျိုးသားချင်း မိတ်ဆွေချစ်ခြင်းမေတ္တာ တရားတို့ကိုလည်း သီကျုးထားကြသည်။ ၎င်းအဖွဲ့အနွဲ့တို့ကို ၊ဒွေးချိုး ၊ တြိချိုး ၊ လေးချိုး ၊ ဗုံကြီးသံ ၊ သံပေါက် ၊ ကောက်စိုက်တေး ၊ လှေလှော်သံ ၊ လူထုတေးသံချပ် စသည့်အဖွဲ့အနွဲ့ပုံစံမျိုးစုံတို့ ဖြင့်ပုံဖော်သည်။ ထိုအခါ မြန်မာ့ဝန်းကျင် ၊ မြန်မာ့မူဟန်သွင်ပြင် ၊ မြန်မာ့ယဉ်ကျေးမှုကို မြန်မာ့ကဗျာသံကြားရုံနှင့် သိမြင်လာသည်။ မြန်မာ့ကဗျာကို ဆိုတတ်သမျှ နည်းဖြင့်ဆိုကြည့်လျှင်လည်း နှလုံးသားမှာ ဆီထိဂွမ်းလို ပီတိရွှန်းစိုရသည်။ ထို အနုပညာတို့ကို အသက်၅နှစ်+ကတည်းက အသည်းစွဲအောင်၁၉၄၈ မှ၂၀၁၅ထိ KG သင်ရိုးအဖြစ်သင်ခဲ့သည်။ ၂၀၁၆ F မျိုးဆက်တို့အရွယ် ရောက်လာတော့ ၊ ဒွေးချိုးမသိ ၊ တြိချိုးနားမလည် ၊ ဗုံကြီးသံကွယ်ပျောက် ၊ဆရာကြီးမင်းသုဝဏ် မြေတောင်မြှောက်ခဲ့သည့် မြန်မာကဗျာတေးတို့ မြန်မာကလေးတို့နှင့် ဝေးကွာသွားကြပြီ။ ကြည့်လေ။ ၂၀၁၆မှာ စသည်။ ၂၀၁၇ မှာ မေ့ခိုင်းလိုက်ပြီ။ ၂၀၁၈ မှာ သတိကင်းစေသည်။ ၂၀၁၉ မှာ D-E မျိုးဆက်ဆရာတို့လည်း သူတို့သင်ခဲ့သည်များ၊ ရင်ထဲကထုတ်လိုက်ရပြီ။ ယခုဆိုလျှင် ၇ နှစ်ရှိပြီ။ ယခု KG သစ်ကဗျာ ပါချောချော ၄၂ပုဒ်သည် မိခင်ရင်းကောင်းခြင်း ပြည့်စုံကဗျာဂုဏ်ရှိလှသည့် မြန်မာ့ဘဝ ၊ မြန်မာ့စကား စာပေအနုပညာကို ကန်းကွယ် တိမ်ကောပပျောက်အောင် ဖျောက်ဖျက်လိုက်ခြင်းသာဖြစ်သည်။ ၎င်းညံ့ဖျင်းသေးနုပ် အစုတ်အပဲ့ ၄၂ပုဒ်သည်၊ငြင်းကွယ်မရသော သက်သေခံပစ္စည်းဖြစ်သည်။ ထိုစာသိမ်စာနုပ် အရာတို့ကဗျူး ၄၂ပုဒ်သည် အနာဂတ်မြန်မာစာပေအဆင့်အတန်း ကျဆင်းစေဖို့ မြန်မာကလေးတို့ရင်ထဲ တမင်ပဲရိုက်သွင်းနေသည်ကို မြန်မာစာချစ်သူတိုင်း မြင်တတ်ဖို့လိုသည်။ နိုင်ငံနှင့်လူမျိုး ဂုဏ်သိက္ခာ ကျဆင်းစေသော ကော်ပီသံစဉ်များလည်းဖြစ်သည်။
နိဂုံးအားဖြင့် န.စ.က အစိုးရ မင်းကိုရော၊ နောင်ဖြစ်လာမည့် အစိုးရမင်းတို့ကိုပါ၊ ဆရာကြီးမင်းသုဝဏ်တို့ KGသင်ရိုးပြန်လည်သင်မှ နိုင်ငံလူမျိုး တိုးတက်မည်ဖြစ်ကြောင်း သိစေချင်၍၊ ၂၀၁၆-KG သင်ရိုးသစ်ကို တမင်သင်ကြား၊ သင်ယူနေစေခြင်းသည်၊ နိုင်ငံလူမျိုးဂုဏ်နိမ့်ကျစေရန် ယုတ်မာညစ်ညာစွာ ဖန်တီးထားသည်မှာ ထင်ရှားသိသာလှပါကြောင်း မောင်ဌေးကဗျာတေးဖြင့် သုံးသပ်ပြလိုက်ပါသည်။
(က) ပြောင်းလိုက်ပါတဲ့ ပညာရေးဟာ ၊ မကောင်းလိုက်တာက ၊ ကမ္ဘာသိပါ ။ ညာညှိကာ ပလီလိုက်ပုံက ၊ KG ဟာ အခြေခံကျသမို့ -စ၍ -စ၍ ပြင်ရပါသတဲ့(လျှာအရိုးမရှိတိုင်းညာ)၂ (ခ)တကယ်တော့ဗျာ ၊ အခြေခိုင်မာ KG ကလေးတို့ကိုလ ၊ အခြေယိုင်ရှာ KG ခွေးဘဝ(ပြောင်းစေတာ)၂။ (ဂ) တွေးကြည့်ပါလေ ၊ ရှေးကဝိတွေက ၊ အက္ခရာဗျည်းဟာလေးတသက်တာ အရေးကြီးတာမို့ ၊ (က မှ အ ) အဆုံး (သင်စေတာ)၂။ (ဃ) ၂၀၁၆ မှာလေ မဟန်သေးပုံက ၊ ဗျည်းရှစ်လုံးကို တမင်ဖြုတ်ကာသင်စေသတဲ့ ၊ သမ္မတကြီးဦးသိန်းစိန် အကြံပေးပညာရှင်ကြီးရဲ့ တီထွင်မှုပါ ဖျက်ဆီးမှုပါ ။
(င) ဦးထင်ကျော်နော် ၊ သမ္မတပေါ်လာတော့ ၊ ဖခင်မင်းသုဝဏ်ခြေရာ လိုက်ကာနင်းလို့ မိခင်စာပေ ၊ ဝင်းဝါလက်ပြီလို့ ၊ထင်မိတာ ၊ ရွှင်မိသဗျာ ။
(စ) ၂ နှစ်တာ သမ္မတ ဘဝကလေးမှာဖြင့်၊ အပစ်အနာ ဗလပွများပါတဲ့ KG သစ် ကဗျာညစ်ညာ စာများကို ၊ ဖခင်လက်ရာ ကဗျာစာများနဲ့ အစားထိုးကာ ပြင်မပေးပါ။ ပြင်မပေးနိုင်ရှာ။
(ဆ) မြန်မာရိုးရာတေးကဗျာ အလှတို့ကို ၊ ကလေးအခါဘဝမှာပင် ၊ ခင်မင်စွဲအောင် ဆရာကြီးမင်းသုဝဏ်တို့ ဆောင်ရွက်ခဲ့တာ၊ C မျိုးဆက်တို့အစပါ။ D, E မျိုးဆက်လည်းရတာ။
(ဇ) မြူးတောက်ဈာန်ဝင် ၊ တေးကဗျာရေသောက်မြစ်ကိုလ ၊ စူးရောက်ဉာဏ်ရှင်လေ - ဒေါက်တရစ်ထ် မတတ်တွေက ၊ ကောက်ကျစ်စွာပင် ဖြတ်ကာ သတ်လာတော့ ၊ မျိုးဆက်သစ်တွေ ကဗျာမချစ်တော့ပါ ၊ ကဗျာပစ်တော့မှာ။
(ဈ) ရှုမြင်ကြနော် ၊ မျှော်ကြည့်လိုက်စမ်း။ KG သစ်ကဗျာ-၄၂ပုဒ် အစုတ်အနုပ် ဗလန်းတွေကြောင့် မြန်မာစာပေ ဆုတ်ယုတ်ကန်းရမယ် ၊ နိမ့်ကျအောက်တန်း။
(ည) န.စ.က အမြော်မြင်ရှိရင်နော်၊ ပြင်ပြမယ်မှန် း။ ၁,၉,၆,၆,ဆရာကြီး မင်းသုဝဏ်မူ ယူကာသုံးရင် ၊ ပြည်သစ်တည် လူငယ်၊ ဉာဏ်ရည်တက်မယ် ၊ မြင့်လိမ့်ထက်တန်း။
ကိုဌေး(နတ်မောက်)
#MyanmarNationalPost
သင်ရိုးပြုစုရေး Board အဖွဲ့မှာ ဦးထင်ကျော်ပါသလား ?
ReplyDeleteဒါမှမဟုတ် ပြင်လိုက်တဲ့ KG ကဗျာ သင်ရိုး မူကြမ်းကို president ထိုင်တဲ့သမ္မတရုံးကို တင်ပေးပြီး စိစစ်အကဲဖြတ်ခိုင်းတာမျိူးရော procedure & regulation မှာရှိသလား ပါသလား ?
ငါထင်ပါတယ် အလွန်ဆုံး ဝန်ကြီးရုံးလောက်မှာသာ ကြည့်ရှုပြီး လက်မှတ်တို initial တို့ပြီး ပြန်ကျလာတာကို ဒီအတိုင်း ထပ် press and print လုပ်ပြီး ပြန်ချပေး၊ ပြီးတော့ လူစုံမှ ခုလို ထရှင်းပြပြီး သမ္မတဆီအပြစ်ပုံချ.. အစိုးရတဖွဲ့လုံးတီအပြစ်ပုံချ...ဒီသဘောထက်မပိုဘူး။
အဲလိုပေါတောတောလုပ်နေရုံနဲ့ ခလေးတွေKG ပညာရေးအဆင့်နိမ့်နေတာ ပြန်ကောင်းသွားသလား ?
KG မှမဟုတ်ဘူး၊ အလုံးစုံသောပညာရေးsector တခုလုံးကိုက သု့းစားမရတော့လောက်အောင် ကြက်ဆယ်တန်းဖြစ်နေပြီလို့ ထောင်အကျခံပြီးတွ င်တွင်ပြောခဲ့တဲ့ စစ်တက္ကသိုလ်နည်းပြဖြစ်ဖူးသူ ဆရာကြီးဦးအောင်သင်းလိုလူရဲ့ နားအူမတတ် ကြုံတိုင်းပြောတာတောင် systemတခုလုံးမှာ parasite လိုလုပ်ပြီး transmitter လိုလုပ်စားနေရတဲ့ ခုံသမာဓိလုပ်ချင်လွန်သူတွေရဲ့ နားမျက်စိတွေကိုယ်တိုင်က ဆလင်ဒါစောင်းပြီး အလေးခိုးဖို့သာအားသန်နေတဲ့နောက်..
ထူးပြီးဆိုးဝါးသွားစရာ ဘာရှိအုံးမယ်ထင်လဲ
ခုလည်း ထပ်ပြီး ပြင်သင့်ကြောင်း ရေးပြီး reminder လွှတ်လေ...
မဆလခေတ် နှစ်ကျပ်ကွက်တွေက ရံခါသာအသုံးဝင်တယ်
ကိုဌေး ( ခွက်ပျောက် ) - ဖတ်ပြီးရင်အကြောင်းပြန်ဟ
ReplyDeleteဖိုးတောင်သူ့တဲ့ ကဗျာက
ReplyDeleteဆရာကြီးမင်းသုဝဏ်ရေးတာလား ???