တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပသော ‘ASEAN Trade Fair 2023’ တွင် မြန်မာနိုင်ငံ၏ ကုမ္ပဏီ ၅ခုမှ ထုတ်ကုန်ပစ္စည်းများ ပါဝင်ပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပသော ‘ASEAN Trade Fair 2023’ တွင် မြန်မာနိုင်ငံ၏ ကုမ္ပဏီ ၅ခုမှ ထုတ်ကုန်ပစ္စည်းများ ပါဝင်ပြသ

 





MNP ၊ မေ ၃၁

‘Seoul Food 2023’ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ မေလ ၃၀ ရက်တွင် ကိုရီးယားသမ္မတနိုင်ငံ၊ အီလ်ဆန်မြို့ရှိ Korea International Exhibition Center (KINTEX) တွင် ကျင်းပခဲ့ပြီး ‘Seoul Food 2023’  ပြပွဲအတွင်း အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံမှ စားသောက်ကုန် ထုတ်လုပ်သော ကုမ္ပဏီများ ပါဝင်ပြသသည့် ‘ASEAN Trade Fair 2023’ ၏ ဖွင့်ပွဲအခမ်းအနားကိုပါ တစ်ပြိုင်တည်း ကျင်းပခဲ့သည်။ 

ဖွင့်ပွဲအခမ်းအနားများသို့ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင် တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခြင်း၊ အာဆီယံ အဖွဲ့ဝင် (၁၀) နိုင်ငံမှ ခင်းကျင်းပြသသည့် စားသောက်ကုန်ကုမ္ပဏီများ၏ ပြခန်းများသို့ လှည့်လည်ကြည့်ရှုခြင်းတို့ ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံမှ လာရောက်ပြသသော ကုမ္ပဏီ (၅) ခုဖြစ်သည့် Cho Cho Industry Limited ၊ Mega Marine Frozen Seafood Company Limited ၊ Golden Triangle Macadamia Company Limited ၊ LlUVIA Limited နှင့် Myanmar Golden Produce Company Limited တို့မှ ခင်းကျင်းပြသသည့် ပြခန်းများသို့လည်း သီးသန့်သွားရောက် လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ 

‘Seoul Food 2023’ ကို KOTRA မှ ကြီးမှူးကျင်းပပြီး ‘ASEAN Trade Fair 2023’ ကို ASEAN-KOREA Centre မှ ကြီးမှူးကျင်းပခြင်းဖြစ်သည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားများသို့ ဆိုးလ်မြို့ရှိ အာဆီယံအဖွဲ့ဝင်နိုင်ငံ အသီးသီးနှင့် အခြားသော ပြည်ပနိုင်ငံအသီးသီးမှ သံအမတ်ကြီးများ၊ သံတမန်များနှင့် စီးပွားရေးသံမှူးများ တက်ရောက်ခဲ့ကြသည်။ 

‘Seoul Food 2023’ သည် အာရှတွင် စတုတ္ထမြောက် အကြီးဆုံးကုန်စည်ပြပွဲ တစ်ခုဖြစ်ပြီး အဆိုပါ ပြပွဲများတွင် ပြည်တွင်း၊ ပြည်ပမှ စားသောက်ကုန်နှင့် နည်းပညာကဏ္ဍမှ လက်လီ၊ လက်ကားလုပ်ငန်းများ၊ စားသောက်ကုန် ဝန်ဆောင်မှုလုပ်ငန်းများ၊ စားသောက်ကုန် ဖြန့်ချီရေး လုပ်ငန်းများနှင့် စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းများမှ ပြခန်းများ လာရောက်ဖွင့်လှစ်ပြသကြသည်။ ပြပွဲများကို ၂၀၂၃ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၂ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)