ဒေါက်တာမြတ်မိုး
မိမိဘဝရဲ့တန်ဖိုးတစ်ခုဟာ ပညာစွမ်းအားအပေါ်မှာသာ မှီတည်ပါတယ်။ တည်ငြိမ်တဲ့ လမ်းကြောင်းတစ်ခုမှာ လျှောက်ချင်ရင် အခြားအရာတွေထက် ပညာကိုသာ ဦးစားပေးရှာဖွေရပါမယ်။ ပညာကသာ ကောင်းတဲ့အလုပ်ကိုရွေးချယ်နိုင်ပြီး အကောင်းဆုံးအကျိုးပြုနိုင်မှာဖြစ်တဲ့အတွက် ကောင်းတဲ့ဂုဏ်သတင်းနဲ့အတူ ဘဝရှင်သန်ရပ်တည်မှုအခက်အခဲမရှိအောင် လမ်းပြသည်က ပညာသာလျှင်ဖြစ်ပါတယ်၊၊
ပတ်ဝန်းကျင်ရှုထောင့်စုံက ဘယ်အာရုံလာလာ၊ ကမ္ဘာကြီးရဲ့ ဘယ်နေရာက ဘယ်လိုအရာတွေ ရိုက်ခတ်သည် ဖြစ်စေ အကြောင်းအကျိုး၊ အဆိုးအကောင်း ခွဲခြားစိတ်ဖြာဝေဖန်နိုင်မှုကို ပေးနိုင်စွမ်းတာလည်းပညာပါပဲ။ အနာဂတ်ခရီးလမ်းကို ချောမွေ့စေမယ့် ပတ်စ်ပို့တစ်ခုအဖြစ် ပညာကို တင်စားနိုင်သလို ယနေ့အချိန်မှာ ကြိုတင်ပြင်ဆင်မှု အားကောင်းသူတွေသာလျှင် အနာဂတ်ကို ပိုင်ဆိုင်ကြပါလိမ့်မယ်။ မိမိကိုယ်မိမိ ပြောင်းလဲနိုင်တာ၊ မိသားစုလူ့အဖွဲ့အစည်းကို၊ နောက်ဆုံးကိုယ့်နိုင်ငံ ကိုယ့်ကမ္ဘာကြီးကိုတောင် ပြောင်းလဲပေး နိုင်တာက ပညာတည်းဟူသော လက်နက်စွမ်းပကားသာလျှင်ဖြစ်ပါတယ်။
ဒီလို ပညာရဲ့စွမ်းအားတွေကြောင့် လောကကြီးဟာ တရားမျှတမှုနဲ့အတူ အလှတရားတွေရှိလာပါတယ်။ မှန်မှန် ကန်ကန်ဆုံးဖြတ်တတ်မှုကြောင့် အမှားလည်းကင်းလာသလို အမှီကင်းကင်းနဲ့ ရပ်တည်ချက်ကြောင့်လည်း စိတ်ကူးအိပ်မက်တွေဟာ တကယ်ဖြစ်လာပါလိမ့်မယ်။ လူ့အဖွဲ့အစည်းတစ်ခုအတွင်း ငြိမ်းချမ်းသာယာမှုကင်းမဲ့ခြင်းရဲ့ အကြောင်းရင်းတစ်ခုဟာ ကောင်းတာနဲ့ မကောင်းတာကို ကွဲကွဲပြားပြားခွဲခြားတတ်သူ၊ ကိုယ်ကျင့်တရားကောင်းသူ၊ ပဋိပက္ခကို မှန်မှန်ကန်ကန်သုံးသပ် ဖြေရှင်းနိုင်စွမ်းသူတွေ နည်းပါးလာတာကြောင့် လို့ဆိုပါတယ်။ အဲဒီသုံးသပ်ချက်ပဲ ပညာရေးနဲ့ ငြိမ်းချမ်းခြင်းရဲ့ ဆက်စပ်မှုသဘောတရားကို ပြသနေတာလို့ ယူဆရမှာဖြစ်ပါတယ်။
ပညာအခြေခံလူ့စွမ်းအားအရင်းအမြစ်ဖြင့်သာ
မြင်ကွင်းကျယ်ကျယ်နဲ့ လှပတဲ့အနာဂတ်တစ်ခုကို ပုံဖော်လိုရင် ပညာအခြေခံတဲ့ လူ့စွမ်းအားအရင်းအမြစ် တစ်ခုကို မလွဲမသွေတည်ဆောက်ရပါလိမ့်မယ်။ ပညာအခြေခံအုတ်မြစ် မခိုင်မာတဲ့နိုင်ငံတစ်ခု၊ လူ့အဖွဲ့အစည်းတစ်ရပ်ဟာ ဘယ်လိုမှဖွံ့ဖြိုးတိုးတက် လာစရာအကြောင်းမရှိပါဘူး။
ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအရှိတရားကိုပဲ လေ့လာကြည့်ပါ။ အားကိုးထိုက်တဲ့ အသိအတတ်ပညာရှင် များစွာလိုအပ်နေတဲ့ အခြေအနေတစ်ရပ်ကို တွေ့မြင်နေရပါတယ်။ အခုကာလဟာ ဘာသာတရားကို အခြေခံပြီး နိုင်ငံရဲ့ယဉ်ကျေးမှုနဲ့ အမျိုးသားရေးစရိုက် လက္ခဏာတွေကို ခက်ခက်ခဲခဲပြန်လည်ပြုပြင်တည်ဆောက်ရမယ့် အနေအထားတစ်ရပ်မှာ ရောက်ရှိနေပါတယ်။
အပြန်အလှန် လေးစားတတ်မှု၊ နားလည်ပေးနိုင်မှု၊ ကြင်နာသနားတတ်မှု၊ နာခံတတ်မှု၊ စိတ်ထားတတ်မှု၊ အကောင်းမြင်မှု စတဲ့လိုအပ်ချက်တွေအတွက် မှန်ကန်တဲ့အသိအမြင်တွေပေးဖို့၊ ရယူဖို့ များစွာလိုအပ်နေပါတယ်။ အသိအလိမ္မာ အားနည်းမှုနဲ့အတူ အကောင်းအဆိုး၊ အကြောင်းအကျိုး ဆန်းစစ်ဝေဖန်နိုင်စွမ်းမရှိခြင်းရဲ့ သက်ရောက်မှုတွေကို အားလုံးခံစားနေကြရပါတယ်။ ယနေ့ကြမ်းတမ်း ခက်ထန်မှုတွေ၊ ပူလောင်မှုဒဏ်ရာ ဒဏ်ချက်တွေဟာ ပညာမပြည့်ဝခြင်းရဲ့ ဆိုးကျိုးတွေပါပဲ။
အတတ်ပညာအပြင် အသိပညာကိုပါ မှန်မှန်ကန်ကန်နဲ့ စနစ်တကျ ဖြည့်ဆည်းပေးနိုင်မှသာ စဉ်းစားဉာဏ် ရင့်သန်ပြီး ထက်မြက်တဲ့အတွေးအခေါ်နဲ့အတူ ဆင်ခြင်တုံတရားရှိတဲ့ လူ့စွမ်းအားအရင်းအမြစ်များစွာ ထွက်ပေါ်လာနိုင်မှာဖြစ်ပါတယ်။ အခမဲ့ပညာသင်ကြားနိုင်ခွင့်ကို အပြည့်အဝလက်လှမ်းမီစေမယ့် ပညာသင်ကြားခွင့် ဆိုတဲ့အခွင့်အလမ်းကောင်းကို အားလုံးရရှိအောင် ပေးဆောင်နိုင်ခြင်းရှိရပါမယ်။ အခုမျိုးဆက်အတွက်သာမက နောင်မျိုးဆက်တွေအထိပါ လှမ်းမျှော်ကြည့်ပြီး သင်ယူသူဘက်ကနေ သင်ယူလိုစိတ်တွေဖြစ်နေအောင် မပြတ်နှိုးဆွပေးနိုင် စွမ်းရှိနေရပါမယ်။
မိဘ၊ ဆရာသည်သာ ရှေ့ဆောင်လမ်းပြ စံပြပုဂ္ဂိုလ်အရာ
ပညာရေးဝန်းကျင်ကောင်းတစ်ခုကို မိဘ၊ ဆရာ၊ ကျောင်းသားဆိုပြီး ဒေါက်တိုင်သုံးခုနဲ့ တည်ဆောက်ယူရပါတယ်။ ဒီအချိန်မှာ အဓိကဖန်တီးရှင်ဖြစ်တဲ့ ပျိုးထောင်သူ မိဘရဲ့စေတနာနဲ့ အမြော် အမြင်ဟာ အထူးပဲအရေးကြီးသလို စံနမူနာပြအဖြစ် ပုံသွင်းပေးမယ့် လေးစားထိုက်တဲ့ ဆရာ ဆရာမတွေရဲ့ စွမ်းရည်နဲ့အတွေ့အကြုံတွေဟာလည်း အလွန်အရေးပါလှပါတယ်။ အရေးကြီးတာက ပညာတန်ဖိုးကြီးမားပုံနဲ့ ပတ်သက်ပြီး မိဘဆရာတွေရဲ့ အတွေးအခေါ်နဲ့စဉ်းစားပုံပါ။ ဒီကတစ်ဆင့် သူတို့ရဲ့ စေတနာ၊ ဝါသနာ၊ အနစ်နာနဲ့ ဉာဏ်ပညာကို ပြဋ္ဌာန်းပါတယ်။
စာသိသိရာမှတစ်ဆင့် ပညာသိသိဖို့မှာ ကလေးတွေကို မှန်မှန်ကန်ကန် ဆုံးမပဲ့ပြင်တတ်တဲ့ မိဘနဲ့ ဆရာ ဆရာမတွေကသာ အနီးကပ်စံပြပုဂ္ဂိုလ်တွေဖြစ်သင့်ပါတယ်။ မိမိတို့ရဲ့သားသမီးလေးတွေ ဂါရဝတရားထားတတ်အောင်၊ ကျေးဇူးအထူးသိတတ်သူတွေဖြစ်အောင် မင်္ဂလာတရားနဲ့အညီ နေတတ်ထိုင်တတ်အောင် လမ်းညွှန်ပြသနိုင်သူတွေဟာ မိဘ၊ ဆရာတွေပဲဖြစ်ပါတယ်။ ပညာကို ပြင်းပြင်းပြပြသင်ယူလိုစိတ်နဲ့ ကြိုးစားသင်ယူနေအောင်၊ စွယ်စုံသုတကြွယ်ဝလာအောင်၊ တတ်မြောက်ထားတဲ့ ပညာရပ်ကို လက်တွေ့အသုံးချခွင့်ရအောင် ရှေ့ဆောင်လမ်းပြဟာ မိဘ ဆရာတွေပါပဲ။
ပြောရမယ်ဆိုရင် မိဘတွေရော၊ ဆရာ ဆရာမတွေပါ မိမိတို့ရင်သွေးတွေ၊ ကျောင်းသားတွေရဲ့ ချစ်ခင်လေးစားအားကျရတဲ့ ပုဂ္ဂိုလ်မြတ်တွေ၊ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာအရာမှာ စံပြုရတဲ့ သူရဲကောင်းတွေဖြစ်အောင် ခံယူချက်ကောင်းကောင်းနဲ့ ပြုစုပျိုးထောင်ပေးရပါမယ်လို့ ဆိုချင်တာဖြစ်ပါတယ်။
ပညာသဘောတရား အားနည်းခြင်းနှင့်အတူ
တာဝန်ရှိတဲ့မိဘတွေက သားသမီး တွေကို စာသင်ခန်းနဲ့ နီးသထက်နီးအောင် ကျောင်းရှိရာအရပ်ဆီ ပို့ပေးနေ သလို ဆရာဆရာမတွေအပါအဝင် တာဝန်ရှိသူအားလုံးကလည်း လိုအပ်တာမှန်သမျှ တတ်နိုင်တဲ့ဘက်က ပညာ ရေးခရီးဖြောင့်ဖြူးရေးမှာ ပါဝင်ဖြည့်ဆည်းနေကြတာကို တွေ့မြင်နေရပါတယ်။ ပညာသင်ခွင့်မရတာဟာ ကလေးအတွက်ရော၊ မိဘတွေအတွက်ရော နိုင်ငံအတွက်ပါ အထူးနစ်နာလှတဲ့ အပြင် ပညာမဲ့များတဲ့လူ့အဖွဲ့အစည်းနဲ့ တတ်ထားတဲ့ပညာကို အသုံးမချတတ်တဲ့ ဝန်းကျင်မှာ အမှားဟူသမျှ တွေ့မြဲ တွေ့နေရတဲ့အတွက်ဖြစ်ပါတယ်။ ကိုယ်ကျင့်တရားနဲ့ယှဉ်တဲ့ ပညာသဘောတရားအားနည်းလာတဲ့အခါ စောင့်ထိန်း ရမယ့်သိက္ခာတရားက လျော့ပါးလာတတ်ပါတယ်။
ဗဟုသုတမပြည့်တော့ သူများစည်းရုံးတာ အလွယ်တကူခံရ၊ ဆင်ခြင်တုံတရားနည်းတော့ ဆောင်ရန်ရှောင်ရန်မသိ၊ အစွန်းနှစ်ပါးကလွတ်အောင်မရှောင်နိုင်၊ အမှားအမှန်မသိတော့မျှမျှ တတဖြစ်အောင် ဆောင်ကြဉ်းနိုင်စွမ်းလည်းမရှိ၊ အေးချမ်းသာယာမှုကင်းပြီး အပျက်သဘောချည်းသာ တွေ့နေရတတ်ပါတယ်။ ကမ္ဘာ့အလယ်မှာ နောက်ကျမကျန်ရစ်ဖို့နဲ့ ဒီအချက်တွေကို ပြန်ပြီးတည်ဆောက်ဖို့ဆိုရင် ပညာရှင်တွေ များစွာလိုအပ်တယ်ဆိုတဲ့ ထောက်ပြချက်တွေကို လျစ်လျူမရှုမိဖို့ လိုအပ်ပါတယ်။
စာသိသိမှ ဗဟုသုတအတွေ့အကြုံကို အခြေခံသော ပညာသိသို့
ဒီနေရာမှာ ပညာဆိုတဲ့စကားလုံးကို တောက်လျှောက်သုံးလာခဲ့တဲ့ အဓိကအချက်က စာသင်ခန်းက သင်ယူရခဲ့တဲ့ အတန်းပညာနဲ့တကွ စာသိသိတာထက်ပိုသာတဲ့ စူးစမ်းလေ့လာထိုးထွင်းသိမြင် တဲ့ပညာသိကို ဆိုလိုရင်းဖြစ်ပါတယ်။ နှစ်စဉ်စာမေးပွဲအောင်ရုံနဲ့မပြီးစေဘဲ အခြေခံပညာကရခဲ့တဲ့ပညာကို အခြေခံပြီး ဗဟုသုတတိုးပွားအောင် အစဉ်ဖတ်မှတ်လေ့လာနေဖို့ လိုပါသေးတယ်။ အခြေခံပညာအပေါ်မှာ ဗဟုသုတ တိုးသထက် တိုးအောင်လုပ်၊ လုပ်ငန်းခွင်ရောက်ရင် လက်တွေ့အတွေ့အကြုံနဲ့ ထပ်ဆင့်ပေါင်းပြီး စာတွေ့ကို တကယ့်လက်တွေ့နဲ့ ပေါင်းစပ်အသုံးချတတ်မှသာ အသိအတတ်ပညာရှင်အဆင့်ကို ရောက်မှာပါ။ စာသိသိတာထက် အတွေ့အကြုံက သင်ယူရရှိတဲ့ ပညာသိက ပိုပြီးအားကောင်းပါတယ်။
စာသိ + သုတ + အတွေ့အကြုံ ပေါင်းစပ်မှုဟာ အမှားအမှန်ဝေဖန် ပိုင်းခြားနိုင်စွမ်း၊ ဖြစ်ရပ်တစ်ခုအပေါ် ယုတ္တိရှိ/ မရှိ ချင့်ချိန်နိုင်စွမ်း၊ ဆက်စပ်စဉ်းစားပြီး ဖြန့်ကြက်အတွေးအခေါ်နဲ့အတူ ခြုံငုံသုံးသပ်နိုင်စွမ်း၊ အကြောင်း အကျိုး၊ အဆိုးအပြစ်ကို မြော်တွေးနိုင်ပြီး မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်စွမ်းစတဲ့များစွာသော အရည်အချင်းတွေကို ပေးစွမ်းပါတယ်။ ဒါ့အပြင် ဒီလိုစွမ်းရည်မျိုးတွေဟာ မိမိကိုယ်မိမိ ယုံကြည်ချက်ကိုပါ တိုးပွားစေတဲ့အတွက် အလုပ်လုပ်တဲ့အခါမှာ တာဝန်ယူတာဝန်ခံမှုရှိလာစေတဲ့အပြင် ပေးအပ်တဲ့တာဝန်ကိုလည်း ကျေကျေပွန်ပွန်နဲ့ ပြီးမြောက်အောင် ထမ်းဆောင်နိုင်တာမျိုး ဖြစ်စေပါတယ်။ ယနေ့ ၂၁ ရာစုခေတ်မှာ တောင်းဆိုနေတဲ့အရည်အသွေးတွေပဲ ဖြစ်တဲ့အတွက် နိုင်ငံမှာ အရေးတကြီးဖြည့်ဆည်းပေး ရမယ့်အရာတွေလည်း ဖြစ်နေပါတယ်။ ရေတိုထက် ရေရှည်အကျိုး၊ တစ်ဦးချင်း အကျိုးစီးပွားထက် အများရဲ့အကျိုး စီးပွားကို ဖြည့်ဆည်းပေးနိုင်မယ့် လိုအပ်ချက်တွေပါပဲ။
ပညာသင်ခွင့်မှသည် တတ်သိပညာရှင်အဖြစ်သို့
နိုင်ငံအားလုံးက ပညာအုတ်မြစ်အခြေခံနဲ့ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နေကြရပါတယ်။ တိုးတက် တဲ့နိုင်ငံအားလုံးမှာ ပညာရေးရေချိန် ပိုပြီးမြင့်မားတာကို တွေ့ကြရမှာဖြစ်ပါတယ်။ ပညာရေးအားနည်းမှုနဲ့အတူ ဆင်းရဲမွဲတေမှု၊ ရောဂါဘယထူပြောမှု၊ အကြမ်းဖက်၊ ပြည်တွင်းစစ်၊ မငြိမ်းချမ်း မတည်ငြိမ်မှု စတာတွေဟာအနည်းနဲ့အများ ဆက်စပ်နေတတ်ပါတယ်။ ပြည်တွင်းစစ် မည်မည်ရရမရှိတဲ့နိုင်ငံ အချို့မှာတောင် ပညာကောင်းကောင်း သင်ခွင့်မရတဲ့အခြေအနေတချို့ ကြားဖူးပါလိမ့်မယ်၊ ပညာတန်ဖိုး နားမလည်လို့ရယ်၊ အစွန်းရောက်အဖွဲ့အစည်းတွေရဲ့ ပယောဂကြောင့်ရယ်လို့ယူဆမိမှာပါ။ မိမိတို့နိုင်ငံမှာတော့ ငြိမ်းချမ်းရေးအနေအထား၊ စီးပွားရေး၊ ကျန်းမာရေး အခြေအနေတွေကြားထဲက ပညာ သင်ကြားခွင့်ရှိသူတိုင်း ပညာသင်ကြားခွင့်ရရှိအောင် သက်ဆိုင်ရာတာဝန်ရှိသူတွေက ကြိုးစားလှုံ့ဆော်နေတာတွေ့ရပါတယ်။
ခြိမ်းခြောက်မှု၊ စိန်ခေါ်မှုများစွာကို ရင်ဆိုင်ပြီး ပညာရည်မြင့်မားအောင် အားထည့်ဆောင်ရွက်နေကြပါတယ်။ ပညာရဲ့တန်ဖိုးကို အလေးအနက်ထားလေတော့ ပညာသင်ခွင့်ရအောင်၊ ပညာသင်ရုံနဲ့မပြီး ပညာတတ်ဘွဲ့ရတွေများလာအောင်၊ ပညာတတ်ရုံနဲ့မပြီး ပညာရှင်တွေများလာအောင် ကြိုးစားတည်ဆောက်နေရပါတယ်။ ပညာရှင်အဆင့်ကိုတော့ မိမိကျွမ်းကျင်တဲ့ဘာသာ ရပ်ကို လက်တွေ့နယ်ပယ်မှာ အခြေအနေအချိန်အခါအလိုက် အသုံးချနိုင်စွမ်းရှိသူ၊ ကိုယ်လုပ်တဲ့အလုပ်အပေါ်မှာ တာဝန်ယူတာဝန်ခံမှုရှိသူ၊ အခြားသူတွေအတွက် များများစဉ်းစားပေးပြီး မျှဝေပညာပေးနိုင်သူကိုသာ သတ်မှတ်ပါတယ်။ တိုင်းပြည်မှာ ဒီလိုလူမျိုးတွေ များလာအောင်တော့ ကြိုးစားယူရဦးမယ်လို့ ယူဆမိပါတယ်။
ပညာရေးကို မိမိဘဝနှင့် ထပ်တူခံစားနားလည်ပေးပါ
ယနေ့ ကျောင်းသားလူငယ်တွေအနေနဲ့လည်း စာသင်ခန်းကရခဲ့တဲ့ ပညာနဲ့တင် တင်းတိမ်ရောင့်ရဲနေရုံနဲ့ မပြီးစေဘဲ စဉ်ဆက်မပြတ်လေ့လာ အားထုတ်ရမယ့် အရာများစွာရှိနေသေးတယ်လို့ အလေးအနက်ခံယူထားသင့်ပါတယ်။ အဓိပ္ပာယ်ရှိပြီး အောင်မြင်တဲ့ ဘဝတစ်ခုမှာ ရပ်တည်နိုင်ဖို့ အချိန် မဖြုန်းသင့်ပါဘူး။ မိမိဘဝရည်မှန်းချက်အတွက် ပညာကို အခြေခံကြပေမယ့်ပညာရေးကို ကိုယ့်ဘဝကြီးနဲ့ထပ်တူ ထပ်မျှခံစားနားလည်ထားရပါမယ်။ ဒါကြောင့်လည်း ယနေ့ပဋိပက္ခတွေ ကြားထဲက ခက်ခက်ခဲခဲဖန်တီးပေးထားတဲ့ ပညာရေးဝန်းကျင်မှာ ပါဝင်သင်ယူ ကြဖို့အရေး ဝေဝေဝါးဝါးဖြစ်မနေသင့်ဘဲ နှောင့်နှေးတုံ့ဆိုင်းနေဖို့လည်း အကြောင်းမရှိကြောင်း တင်ပြလိုခြင်းဖြစ်ပါတယ်။
အမှောင်မှာ ပိတ်မနေသင့်တော့ဘဲဆက်ပြီး အလင်းပျောက်နေကြဦးမယ်ဆိုရင် နိုင်ငံနဲ့အများအတွက် အကျိုးပြု ဖို့နေနေသာသာ နောင်မှာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ဖို့တောင် အနိုင်နိုင်ဖြစ်မှာ သေချာပါတယ်။ ပညာမဲ့ရင် အသိလည်းမဲ့၊ အသိမဲ့တဲ့သူဟာ ဖောက်ဖောက်ပြန်ပြန်၊ မှားမှား ယွင်းယွင်းနဲ့သာသိနိုင်တဲ့ အဆိုးဆုံးအဆင့်အထိ ရောက်ရှိသွားဖို့လည်း မခဲယဉ်းတော့ပါဘူး။ ဒီလိုရောက်ရှိသွား ခဲ့တဲ့သာဓကတွေ မိမိတို့ပတ်ဝန်းကျင်မှာ အများကြီးတွေ့ခဲ့ရပြီးပါပြီ။
နောက်ဆုံး ဆိုချင်တာတစ်ခုက ကိုယ့်ကြောင့်လည်း မညံ့သွားကြပါစေ နဲ့..ဟူ၍သာ...။ ကိုယ့်ရဲ့အသိမှားမှု ကြောင့် အညံ့တွေများလာရင် နောက်ဆုံးကိုယ့်ကိုပါ ပြန်ပတ်လာမယ် ဆိုတဲ့ အသိတစ်ခုဝင်လာရင်ကို အတော်ဟုတ်နေပါပြီ။ အနာဂတ်နိုင်ငံတော်နဲ့ ပြောင်းလဲလာနေတဲ့ ကမ္ဘာ့အခင်းအကျင်းမှာ ရင်ပေါင်တန်းဝင်ဆံ့မယ့် သင်သိမှတတ်သိ၊ တတ်သိမှပညာသိများဖြစ်လာဖို့ များစွာလျှောက်လှမ်းရဦးမှာ ဖြစ်ပါတယ်။
ကျောင်းတွေစောစောဖွင့်မှ ရန်တွေမြန်မြန်ငြိမ်းမှာဖြစ်ပါတယ်။ အသိတွေတိုးလာမှ အညံ့တွေဆုတ်ယုတ်မှာ ဖြစ်ပါတယ်။ အသိမှန်မှရှုမြင်ပုံလည်းမှန်ပြီး အပြောမှန်အလုပ်မှန်မှာဖြစ်လို့ပါပဲ။ ပညာရေးအတွက် အရင်းအမြစ်ဟာ ခါးသီးလှပေမယ့်ထွက်ပေါ်လာမယ့် အသီးအပွင့်ကတော့ ချိုမြိန်တယ်ဆိုတဲ့ ယုံကြည်ချက်ထားရှိရပါမယ်။ အမျိုးသားအကျိုးစီးပွားအတွက် ဦးတည်စဉ်းစားကြတဲ့အခါ အားလုံးမှာစွမ်းဆောင်နိုင်တဲ့ အားတွေရှိပြီးဖြစ်တဲ့အတွက် အကျိုးစီးပွားချင်းထပ်တူဖြစ်တဲ့ အကျုံးဝင် သက်ဆိုင်သူ stakeholder အားလုံး တက်ညီလက်ညီပါဝင်မှသာ ခရီးရောက်အောင်မြင်မှာဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။
#MyanmarNationalPost
No comments:
Post a Comment