အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မုန်တိုင်းဘေး အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများ အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မုန်တိုင်းဘေး အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများ အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိ









MNP ၊ မေ ၈

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတွင် ဖြစ်ပေါ်လျက်ရှိသော လေဖိအားနည်းရပ်ဝန်းသည် တဖြေးဖြေးအားကောင်း လာကာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိလာနိုင်ပြီး ခန့်မှန်းချက်များအရ မြန်မာနိုင်ငံဘက် သို့ ဖြတ်သန်းဝင်ရောက်နိုင်သည့်အခြေအနေရှိနေသဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မုန်တိုင်းဘေး အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများ အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံအတွင်းသို့ မုန်တိုင်းဖြတ်သန်းဝင်ရောက်ပါက ဘေးဒဏ် ခံစားရနိုင်သည့် ပြည်သူများအတွက် အရေးပေါ်ထောက်ပံ့မှုများဆောင်ရွက်နိုင်ရန် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ မြန်မာသံရုံး၏ စည်းရုံးဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများက စုပေါင်းလှူဒါန်းသော ထိုင်းဘတ်ငွေ(၁,၀၇၇,၂၆၃)တန်ဖိုးရှိ အသင့်စားခေါက်ဆွဲခြောက် (၁၅၈၆၄၀)ထုတ် လှူဒါန်းပေးအပ်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ (၃)နာရီက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Centre-DMC)၌ ကျင်းပခဲ့သည်။ ထောက်ပံ့လှူဒါန်းသည့် ခေါက်ဆွဲခြောက်များသည် ယနေ့နေ့လည်(၂)နာရီ အချိန်ခန့်တွင် ရန်ကုန်မြို့သို့ရောက်ရှိခဲ့ပြီး  နိုင်ငံခြားရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး တို့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကာ နေပြည်တော်တွင် ပြုလုပ်သည့်အခမ်းအနား၌ ထိုင်းနိုင်ငံရောက် မြန်မာများကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံသို့ ပေးအပ်လှူဒါန်းခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ 


အဆိုပါ ခေါက်ဆွဲခြောက်များကို ရခိုင်ပြည်နယ်သို့ (၃၀၀၀၀)ထုပ်၊ ဧရာဝတီတိုင်းဒေသကြီးသို့ (၃၀၀၀၀) ထုပ်တို့ကို ကြိုတင်ဖြန့်ခွဲပေးပို့သွားမည် ဖြစ်ပြီး ကျန်ခေါက်ဆွဲထုပ်များကို ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗဟိုသိုလှောင်ရုံတွင် အရန်သင့် သိုလှောင်ထားရှိပြီး လိုအပ်သည့်နေရာများသို့ ဆက်လက် ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


ဆက်လက်၍ ယနေ့မွန်းလွဲ(၃)နာရီတွင် စတင်ဖွင့်လှစ်ခဲ့သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဗဟိုဌာန(DMC) ၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဆောင်၍ အရေးပေါ်တုံ့ပြန်ရေးအတွက်ကြိုတင်ပြင်ဆင်ရေးနှင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာနမှ စီမံခန့်ခွဲ ဆောင်ရွက်မည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပဆောင်ရွက်ခဲ့သည်။


အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ခန့်မှန်းချက်များအရ လေဖိအားနည်းရပ်ဝန်းမှ ဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့ ရောက်ရှိလာနိုင်ပြီး မြန်မာနိုင်ငံဘက်သို့ဝင်ရောက်လာနိုင်သည့် မုန်တိုင်းဘေး နှင့်စပ်လျဉ်း၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ၊ ဒုတိယ ဝန်ကြီးချုပ် ဦးဆောင်၍ အရေးပေါ်အစည်းအဝေးကို (၆-၅-၂၀၂၃)နေ့တွင် ခေါ်ယူကျင်းပခဲ့ပြီး အရေးပေါ်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ချမှတ်ခဲ့ပါကြောင်း၊ ထို့အပြင် တည်မြဲအမိန့် (၂၀၂၂) တွင်လည်း အရေးပေါ်အချိန်ဆောင်ရွက်ရမည့် လုပ်ငန်းများပါရှိပြီးဖြစ်ပါကြောင်း၊ အရေးပေါ်တုံ့ပြန် မှုလုပ်ငန်းများကို အချိန်နှင့်တပြေးညီ စီမံခန့်ခွဲဆောင်ရွက်နိုင်ရန်အတွက် DMC ဖွင့်လှစ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ DMC တွင် အဖွဲ့ခေါင်းဆောင်အဖြစ် အမျိုးသားကော်မတီ အတွင်းရေးမှူးဖြစ်သည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒုတိယအဖွဲ့ခေါင်းဆောင်အဖြစ် လုံခြုံရေးလုပ်ငန်းကော်မတီမှလည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှလည်းကောင်း၊ တွဲဖက်အတွင်းရေးမှူး အဖြစ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှလည်းကောင်း ဆောင်ရွက်ရန် အဆိုပြုလိုကြောင်း၊ DMC ကို (၂၄)နာရီဖွင့်လှစ်ဆောင်ရွက်မည်ဖြစ်ပြီး နေ့စဉ် ညနေ(၃)နာရီတွင် အစည်းအဝေးပြုလုပ်ပြီး လိုအပ်သည်များ အမြန်ဆုံးစီမံဆောင်ရွက်ရန် ဖြစ်ကြောင်းနှင့် DMC ရုံးအဖွဲ့ ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ လမ်းညွှန်ဆွေးနွေး ပြောကြားခဲ့သည်။


ဆက်လက်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး က DMC ဖွင့်လှစ်မှုနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းများကိုရှင်းလင်းပြောကြားသည်။ ထို့နောက် လုပ်ငန်း ကော်မတီအသီးသီးမှ ကိုယ်စားလှယ်များက ကော်မတီအလိုက် ဆောင်ရွက်ထားရှိမှုများ၊ ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားကြပြီး ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက် လမ်းညွှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။ 


သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန ကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစီး၍ ယနေ့မှစတင်ကာ ဖွင့်လှစ်ဆောင်ရွက်လျှက်ရှိပြီး အမျိုးသားကော်မတီလက်အောက်ရှိ လုပ်ငန်းကော်မတီ(၁၂)ခုမှ အတွင်းရေးမှူးများ၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး( ကြည်း၊ ရေ၊ လေ)မှ တပ်မတော်အရာရှိကြီးများ၊ တာဝန်ရှိသူများ စုပေါင်းတာဝန်ထမ်းဆောင်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် အရေးပေါ်တုံ့ပြန်မှုလုပ်ငန်းများကို တိုင်းဒေသကြီး/ ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များနှင့် ချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)