MNP ၊ မေ ၁၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် မီးသတ်ဦးစီးဌာနမှ နံနက်ပိုင်းတွင် ဘိုးတော်ကုန်းကျေးရွာအုပ်စု၊ ရွှေပြည်ကုန်းကျေးရွာ၌ ဒေသခံပြည်သူများအား မုန်တိုင်းနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ခြင်း အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကောင်းထက်နိုင်က မုန်တိုင်းနှင့်သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ခြင်း၊ မုန်တိုင်းဖြစ်ပေါ်နေစဉ် လိုက်နာရမည့်အချက်များနှင့် မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များအား ဆွေးနွေးဟောပြောခဲ့သည့်အပြင် ရေသန့်စုဆောင်ခြင်း၊ တစ်ကိုယ်ရည်သုံးပစ္စည်းများ စုဆောင်း ခြင်းများနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခဲ့သည်။
ပြည်သူများအနေဖြင့် ၅ ဂါလန်ဆံ့ ပလပ်စတစ်ပုံးများအား စုဆောင်းထားရှိပါက သဘာဝဘေး အန္တရာယ်ကျရောက်ချိန်တွင် မိသားစုဝင်များအတွက် သောက်ရေသန့်များ ကြိုတင်ဖြည့်တင်း စုဆောင်းထားနိုင်သကဲ့သို့ ရေကြီးရေလျှံမှု ဘေးအန္တရာယ် ကျရောက်ပါကလည်း ၅ ဂါလန်ဆံ့ ပလပ်စတစ်ပုံးတစ်ပုံးသည် လူတစ်ဦး၏အသက်ကို ကောင်းစွာကယ်တင်နိုင်သဖြင့် ရပ်ရွာများရှိ နေအိမ်တိုင်းတွင် အသင့်ကြိုတင်ပြင်ဆင်ထားရှိရေး ဆောင်ရွက်ထားကြရန် လိုက်လံသတိပေး နှိုးဆော်လျက်ရှိကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment