မအီမြို့တွင် စေတနာရှင်လူငယ်များစုပေါင်း၍ သောက်သုံးရေများ လှူဒါန်းပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့တွင် စေတနာရှင်လူငယ်များစုပေါင်း၍ သောက်သုံးရေများ လှူဒါန်းပေးလျက်ရှိ





MNP ၊ မေ  ၁၁

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ပူပြင်းခြောက်သွေ့ပြီး ရေရှားပါးလာသည့် မိုးဦးမတိုင်မီ ယခုကာလ၌ သောက်သုံးရေရှားပါသည့် ကျေးလက်ဒေသများနှင့် ဝန်ထမ်းမိသားစုများနေထိုင်ရာ အိမ်ယာများသို့ မအီမြို့ပေါ် စေတနာရှင်လူငယ်များစုပေါင်း၍ သောက်သုံးရေလှူဒါန်းခြင်းများကို ကုသိုလ်ပြုဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မအီနယ်မြေရဲစခန်း တပ်ဖွဲ့ဝင်မိသားစုများနေထိုင်ရာ အိမ်ယာ၌ သောက်သုံးရေလှူဒါန်းခြင်းကို ဆောင်ရွက်ခဲ့သည်။


ထိုသို့ သောက်သုံးရေလှူဒါန်းရာတွင် မအီနယ်မြေရဲစခန်းမှ ဒုရဲအုပ် မျိုးဇင်ယုက " အခုလို ရေရှားပါမှုနှင့် ကြုံတွေ့နေရတဲ့ကာလမှာ သောက်သုံးရေလာလှူတော့ အတိုင်းထက်အလွန် ဝမ်းသာရပါတယ်။ ရေငတ်တုန်း ရေတွင်းထဲကျ ဆိုသလိုပါပဲ။ ရေလာလှူပေးတဲ့ လူငယ်အဖွဲ့ကို ကျေးဇူးလည်းတင်ပါတယ်။ " ဟု ပြောကြားခဲ့သည်။ အဆိုပါ ရဲစခန်း ဝန်ထမ်းအိမ်ယာမိသားစုများမှာ မေလဆန်းကတည်းက သောက်သုံးရေကို ဝယ်ယူသုံးစွဲနေရပြီဖြစ်ကြောင်း၊ လီတာ ၂၀ ဆံ့ ရေတစ်ဗူးလျှင် ၂၀၀ ကျပ်ဖြင့် ပေးဝယ်ရပါကြောင်း၊ အဆိုပါ ရဲစခန်း ဝန်ထမ်းအိမ်ယာတွင် တပ်ဖွဲ့ဝင်မိသားစု ၁၂ စု၊ လူဦးရေ ၆၀ ခန့်နေထိုင်ပါကြောင်း ဒုရဲအုပ်မျိုးဇင်ယုက ဆက်လက်ပြောကြားသည်။


ဖော်ပြပါ ရေလှူဒါန်းခြင်းကို မအီမြို့ပေါ်လူငယ်  ၂၀ ခန့်တို့က စုပေါင်း၍ ရေရှားပါးသည့် ကျေးရွာများကို သွားရောက်လှူဒါန်းပေးခြင်းဖြစ်ပါကြောင်း၊ မအီမြို့နယ်အတွင်းရှိ ကုန်ဘောင်၊ အညင်းတောင် ကျေးရွာများကို သောက်သုံးရေသွားရောက်လှူဒါန်းခဲ့ခြင်းမှာ (၄)ကြိမ်ရှိပြီဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း ရေရှားပါးသည့် ကျောက်ဝေ၊ ကျော်ကိုင်း၊ ပဒါ၊ ကမာ စသည့်ကျေးရွာများသို့ သောက်သုံးရေ ဆက်လက်လှူဒါန်းသွားနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း အလှူရှင်လူငယ်များအဖွဲ့မှ ကိုကျော်စွာထွန်းကပြောကြားခဲ့သည်။


မောင်မောင်ဌေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)