ထိုင်းအသင်းကို နိုင်မှ ဖြစ်မယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထိုင်းအသင်းကို နိုင်မှ ဖြစ်မယ်



ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပလျက်ရှိတဲ့ ၂၀၂၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးမှာ မြန်မာ ယူ-၂၂ ဘောလုံး အသင်းလည်း ပါဝင်ယှဉ်ပြိုင်လျက်ရှိပါတယ်။ ဒီကနေ့ ဖိလစ်ပိုင်ကို (၁)နဲ့ ကပ်နိုင်ခဲ့ပြီး မြန်မာ ယူ-၂၂ အသင်းဟာ ဆီမီးဖိုင်နယ်ကို တက်ရောက်ခွင့် ရခဲ့ပါပြီ။

တစ်ဖက် အုပ်စုက အုပ်စုဗိုလ်ဖြစ်တဲ့ ထိုင်း ယူ-၂၂ အသင်းနဲ့ တွေ့ရတော့မှာ ဖြစ်ပါတယ်။ အုပ်စုတွင်း မြန်မာ ယူ-၂၂ ရဲ့ အခြေအနေကို ပြန်သုံးသပ်ရရင် အရှေ့တီမောနဲ့ ပွဲစဉ်မှာ ဂိုးပြတ်အနိုင်ရသင့်ပါလျက်နဲ့ (၁) ဂိုး နဲ့ပဲ ကပ်နိုင်ခဲ့ပါတယ်။ အင်ဒိုနဲ့ ပွဲမှာတော့ ၅ ဂိုး အထိ ပေးခဲ့ရလို့ မရှုမလှ ရှုံးခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။ နိုင်ပွဲတစ်ပွဲ ရှိထားတဲ့အတွက်ကြောင့် အိမ်ရှင်ကမ္ဘောဒီးယားနဲ့ပွဲ မှာ ရေကုန်ရေခမ်း ကစားတဲ့အချိန်မှာ ၂ဂိုး ပြတ် အနိုင်ရခဲ့ပါတယ်။ မြန်မာအသင်းရဲ့  အနိုင်ရလာဒ်ကြောင့် ကမ္ဘောဒီးယားဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ နှုတ်ထွက်သွားခဲ့ပါတယ်။ 

ဖိလစ်ပိုင်နဲ့ ပွဲစဉ်မှာ နိုင်ပွဲမရထားတဲ့ ဖိလစ်ပိုင်ကလည်း ရေကုန်ရေခမ်း ကစားလာတာကြောင့် ထင်သလောက်တော့ မလွယ်ပါဘူး။ ဒိုင်လူကြီးရဲ့ ထင်မှတ်မထားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ကြုံတွေ့ရပြီး နည်းပြလည်း အနီကတ်ထိ၊ ကစားသမား ၁ဦးလည်း အနီကတ် ထိခဲ့ရပါတယ်။ 

အရှေ့တီမောနဲ့ ပွဲမှာလည်း အနိုင်ဂိုးကို နောက်တန်းလူ ကျောနံပါတ် (၃) သက်ဟိန်းစိုး က သွင်းယူပေးခဲ့ခြင်းဖြစ်သလို အိမ်ရှင်ကမ္ဘောဒီးယားနဲ့ပွဲမှာလည်း သက်ဟိန်းစိုး က ဒုတိယ အနိုင်ဂိုး သွင်းပေးခဲ့ပါတယ်။ ဖိလစ်ပိုင်နဲ့ ပွဲမှာလည်း အနိုင်ဂိုးကို သက်ဟိန်းစိုး ကပဲ သွင်းယူပေးသွားခဲ့ပါတယ်။ မြန်မာ ယူ -၂၂ အတွက် သက်ဟိန်းစိုး ဟာ အကောင်းဆုံး ခြေစွမ်းနဲ့ ပရိတ်သတ်တွေကို ကျေနပ်နှစ်သိမ့်ပေးနေသူ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဟာ အာဆီယံဒေသတွင်းမှာ ဦးဆောင်နေတာ ကြာခဲ့ပါပြီ။ မြန်မာအသင်းအနေနဲ့တော့ ဆုဖလားလက်မဲ့ ဖြစ်ခဲ့ရတာ ကြာခဲ့ပြီလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ ထိုင်းအသင်း ကို စုဖွဲ့မှု အင်အားကောင်းကောင်းနဲ့ အနိုင်ယူ နိုင်မှသာ ရွှေဖလားကြီးကို မျှော်မှန်းနိုင်မှာ ဖြစ်ပါတယ်။

မြန်မာ အသင်းနည်းပြအနေနဲ့လည်း စိတ်ရှည်သည်းခံပြီး ကစားသမားတွေကို အကောင်းဆုံး ထိန်းကျောင်းပေးဖို့ လိုအပ်ပါတယ်။ မြန်မာကစားသမားတွေမှာ စိတ်မြန် လက်မြန် ဒေါသနဲ့ တုန့်ပြန်မိတာလေးတွေ ရှိတတ်ပါတယ်။ မလိုအပ်တဲ့ နေရာတွေမှာ ဒေါသနဲ့ မတုန့်ပြန်ဖို့၊ တော်တော်တန်တန် စိတ်ရှည်သည်းခံပြီး မိမိတို့ရဲ့ ရည်မှန်းချက်ကို ရောက်အောင် သွားဖို့ တိုက်တွန်းရမှာ ဖြစ်ပါတယ်။ ထိုင်းအသင်းနဲ့ တွေ့ရမှာ ဖြစ်ပါတဲ့အတွက်ကြောင့် ဘယ်လိုမှ မလွယ်ကူပါဘူး။ သို့ပေသော် မြန်မာကစားသမားတွေသာ ကမ္ဘောဒီးယားနဲ့ ပွဲစဉ်ကလို ကြိုးစားမှုမျိုးနဲ့ မိမိတို့ရဲ့ အစွမ်းအစကို အနိုင်ရလာဒ်အတွက်သာ မျှော်မှန်းပြီး ယှဉ်ပြိုင်သွားမယ်ဆိုရင် မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။

အင်ဒိုနဲ့ ပွဲတုန်းကလို မပေါ့လျော့ဖို့ ကစားသမားများ နားလည်မှု ရှိရှိ၊ စုဖွဲ့မှုအင်အားနဲ့ အချိတ်အဆက်မိမိ ဆောင်ရွက်သွားဖို့လိုအပ်ပါလိမ့်မယ်။ ထိုင်းအသင်း ရဲ့ တိုက်စစ်ကို အကောင်းဆုံးနဲ့ အပြင်းထန်ဆုံး ထိန်းချုပ်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားရမှာ ဖြစ်သလို ထိုင်းအသင်း နောက်ခံလူများကို ထိုးဖောက်ပြီး ဂိုးမိုးရွာနိုင်ဖို့ ကိုလည်း ပြင်ဆင်ထားသင့်ပါတယ်။ အထူးအားဖြင့် မြန်မာအသင်းအနေနဲ့ ရရှိခဲ့တဲ့ ဂိုးများကို ကြည့်မယ်ဆိုရင်လည်း အနီးကပ် သွင်းဂိုးတွေသာ များပါတယ်။ ကစားသမားကောင်းများအနေနဲ့ အနီးကစ်လည်း ရသလို ပြင်းထန်တဲ့ အဝေးကစ် (ဖရီးကစ်)တွေနဲ့ အခွင့်အရေးရတဲ့ အခါ ရသလို ဂိုးပေါက်ကို ချိန်းခြောက်နိုင်ဖို့ ကြိုးစားကြစေချင်ပါတယ်။

ဆီမီးဖိုင်နယ် မှာ ထိုင်းအသင်းကိုသာ အနိုင်ယူပြလိုက်မယ်ဆိုရင် အာရှကျားကြီး နိုးလာပြီလို့ ပြည်သူတွေ သောင်းသောင်းဖျဖျ အားပေးကြမှာ အမှန်ပါပဲ။ ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို မေလ (၁၃)ရက်နေ့မှာ ကစားသွားမယ်လို့ သိရပါတယ်။ (၃)ရက်တာ အချိန်ရတာ ဖြစ်တဲ့အတွက် နည်းပြချုပ်နှင့်တကွ နည်းပြအဖွဲ့ဝင်များအနေနဲ့ ထိုင်းအသင်းရဲ့ ခြေစွမ်းကို အပီအပြင် သုံးသပ်ပြီး မြန်မာအသင်းအနေနဲ့ အနိုင်ရအောင် ဘယ်လိုကစားမလဲဆိုတဲ့ ဗျူဟာမြောက် စီမံချက်ချပြီး ကစားသမားတွေကို စနစ်တကျ ပြင်ဆင်ပေးထားစေချင်ပါတယ်။ ကစားသမားများအနေနဲ့ကလည်း မိမိတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာအတွက် အိမ်ရှင်ကို ပြတ်ပြတ်သားသား အနိုင်ယူခဲ့တဲ့ ခြေစွမ်းမျိုးထက် မလျှော့စေဘဲ ထိုင်းအသင်းကို ပြတ်ပြတ်သားသား အနိုင်ယူမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာချမှတ်ပြီး ရေကုန်ရေခမ်း ကစားနိုင်ဖို့ ပြင်ဆင်ထားကြပါလို့ တိုက်တွန်းလိုပါတယ်။ ထင်မှတ်မထားလောက်အောင်ကို အနိုင်ဂိုးတွေ သွင်းယူပေးခဲ့တဲ့ နောက်တန်းခံစစ်မှူးကြီး သက်ဟိန်းစိုးလည်း ထိုင်းအသင်းနဲ့ ပွဲစဉ်မှာ အလှပဆုံး ဂိုးတွေ ထပ်မံသွင်းယူနိုင်ပါစေ။

ထိုင်းအသင်းကို နိုင်မှဖြစ်မှာပါ။ ထိုင်းအသင်းကို နိုင်မှသာ ရွှေဖလားကိုင်ပြီး အိမ်အပြန် မျက်နှာပန်းလှမှာ ဖြစ်ပါတယ်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)