Pages

Pages

ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာဇဘတ်မြို့တွင် ကျင်းပသော (၁၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာ ဖိုရမ်သို့ တက်ရောက်



MNP ၊ မေ ၁၄

ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာဇဘတ်မြို့တွင် (၁၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာ ဖိုရမ် (11th St. Petersburg International Legal Forum) ကို မေ ၁၁ ရက်မှ ၁၃ ရက်အထိကျင်းပပြုလုပ်ရာ အဆိုပါဖိုရမ်သို့ ရုရှားနိုင်ငံတရားရေးဝန်ကြီးဌာန တရားရေးဝန်ကြီး H.E.Honorable Mr.Konstantin A. Chuychenko ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျက်ရှိသည်။


အဆိုပါ အပြည်ပြည်ဆိုင်ရာဥပဒေရေးရာဖိုရမ်သို့ နိုင်ငံတကာမှတရားသူကြီးချုပ်များ၊ ဥပဒေရေးရာဝန်ကြီးများ၊ တရားရေးဝန်ကြီးများ၊ ရှေ့နေရှေ့ရပ်များ၊ တရားသူကြီးများ၊ ဥပဒေအရာရှိများ၊ ဥပဒေပါမောက္ခများ၊ အပြည်ပြည်ဆိုင်ရာရှေ့နေများ၊ တရားရေးနှင့် ဥပဒေရေးရာဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။


ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာဇဘတ်မြို့ တွင် (၁၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ဥပဒေ ရေးရာဖိုရမ် (11th St. Petersburg International Legal Forum) ကျင်းပနေစဉ်အတွင်း ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရေးဝန်ကြီးဌာနတို့အကြား ဥပဒေရေးရာကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်မည့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချွန်လွှာ (Memorandum of Cooperation) ကို လက်မှတ်ရေးထိုးခဲ့သည်။ ရုရှားဖက်ဒေရေးရှင်းနိုင်ငံ က မြန်မာနိုင်ငံ၏ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် လက်မှတ်ရေးထိုးရန်အဆိုပြုထားသည့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာစာချွန်လွှာ (Memorandum of Cooperation) များတွင် ဥပဒေရေးရာဝန်ကြီးဌာနသို့ အဆိုပြုထားသော ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချွန်လွှာ (Memorandum of Cooperation) နှစ်ခုကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရေးဝန်ကြီးဌာနတို့နှင့် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။


အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာဖိုရမ်တွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက မြန်မာနိုင်ငံဥပဒေရေးရာဝန်ကြီးဌာန၏ ၂၀၂၀-၂၀၂၄ မဟာဗျူဟာစီမံကိန်း ကို “တရားမျှတရေးအတွက် ဥပဒေဝန်ဆောင်မှု” ခေါင်းစဉ်ဖြင့် ရည်မှန်းချက် ၅ ခုချမှတ်ကာ လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းရည်မှန်းချက်တွင် ကမ္ဘာ့နိုင်ငံများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံ တရားရေးဝန်ကြီးဌာနတို့အကြား Memora-ndum of Cooperation စာချုပ်ကို ယခု (၁၁) ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာဖိုရမ် (11th St. Petersburg International Legal Forum) ကျင်းပနေသည့်ကာလအတွင်း လက်မှတ်ရေးထိုးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက Interaction between Ministries of Justice: New Trends and Approaches ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် ဥပဒေအရာရှိများသင်တန်းပေးပြီး ၎င်းတို့၏ ဥပဒေပညာအရည်အချင်းနှင့် လုပ်ငန်းကျွမ်းကျင်မှု အရည်အချင်းများကို ဒစ်ဂျစ်တယ်စနစ်ဖြင့် မှတ်တမ်းတင်ထားရှိပါကြောင်း၊ ဆိုက်ဘာမှုခင်းများ၊ ဒစ်ဂျစ်တယ်မှုခင်းများ၊ လူကုန်ကူးမှုမှုခင်းများအစရှိသောပြစ်မှုများသည် နိုင်ငံဖြတ်ကျော်မှုခင်းများ ဖြစ်ရာ ထိုသို့သောမှုခင်းများကို ကာကွယ်တားဆီးတိုက်ဖျက်ရန်အတွက် နိုင်ငံတစ်နိုင်ငံတည်းက ရပ်တည်ဆောင်ရွက်၍မရပါကြောင်း၊ နိုင်ငံများအကြားပူးပေါင်းဆောင်ရွက်မှသာ ယင်းကဲ့သို့သောမှုခင်းများကို ကာကွယ်တားဆီးနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးပါကြောင်း၊ ထိုသို့ ပူးပေါင်းဆောင်ရွက်ရာတွင် နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ၏ဥပဒေစနစ်မတူညီခြင်း၊ ဘာသာစကားမတူညီခြင်း၊ နိုင်ငံရေးမူဝါဒနှင့် ယဉ်ကျေးမှုဓလေ့မတူညီခြင်း တို့ကြောင့် ပူးပေါင်းဆောင်ရွက်ရာတွင် အခက်အခဲများရှိမည်ဖြစ်သော်လည်း ပြည်တွင်းဥပဒေများ၊ နိုင်ငံတကာစာချုပ်များ၊ တရားမျှတမှုဆိုင်ရာ အဖွဲ့အစည်းများမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ထိုသို့ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတစ်နိုင်ငံချင်းအလိုက် ကျင့်သုံးလျက်ရှိသော ဥပဒေစနစ်များကို နားလည်သဘောပေါက်ထား ရန် လိုအပ်မည်ဖြစ်ပါကြောင်း။


မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့်အလျောက် အာဆီယံ ပဋိညာဉ် ကို လိုက်နာဆောင်ရွက်လျက်ရှိပါကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်လည်း ပူးပေါင်းဆောင်ရွက်မှုများကို နီးကပ်စွာဆောင်ရွက်လျက်ရှိပါကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနသည် အာဆီယံဥပဒေရေးရာဝန်ကြီးများ အစည်းအဝေး (ASEAN Law Ministers’ Meeting - ALAWMM)နှင့် အာဆီယံ အဆင့်မြင့်ဥပဒေအရာရှိများ အစည်းအဝေး (ASEAN Senior Law Official Meeting - ASLOM) တို့တွင် အဓိကပါဝင်ဆောင်ရွက်သည့် ဝန်ကြီးဌာနအနေဖြင့် အာဆီယံဥပဒေရေးရာကိစ္စရပ်များ၊ ပြစ်မှုဆိုင်ရာ ဥပဒေကိစ္စရပ်များတွင် ပါဝင်ဆွေးနွေးလျက်ရှိပါ ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးနှင့်လည်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချွန်လွှာ (Memor-andum of Cooperation)ကို သီးခြားလက်မှတ် ရေးထိုးလျက် ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်မှု များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ လာအိုနိုင်ငံရှေ့နေချုပ်ရုံးနှင့်လည်း ပြစ်မှုဆိုင်ရာ ဥပဒေနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းနည်းတူ စင်ကာပူတရားရေးဝန်ကြီး ဌာနနှင့်လည်း ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။


#MyanmarNationalPost

No comments:

Post a Comment